Friday 19 July 2013

ဆိုင်ကယ်ကယ်ရီ လိုက်ပို့သည့် အမျိုးသမီးအား ဓါးဖြင့်ထိုး၊ ကျောက်ခဲဖြင့် ထုသတ် သူများအား ဖမ်းဆီး အရေးယူ

၁၇-၇-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ နယ်၊ ကရသူရိ မြို့နယ်ခွဲရှိ ““ပိုကောင်း””ဆီအုန်းကုမ္ပဏီ အလုပ်သမားလိုင်းခန်းနေ ဇင်မင်းမောင်(၂၄)နှစ်၏ဇနီးဖြစ်သူ မအေးသိန်း (၂၆)နှစ် သည် ၎င်းပိုင်ဆိုင်ကယ်ဖြင့် ကုမ္ပဏီအလုပ်သမား များဖြစ်သော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊
မုက္ခမော့ကျေး ရွာနေ ဇော်မင်းစိုး(၁၉)နှစ်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာ ယာကျေး ရွာနေ စိုးနိုင်(၁၉)နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ထန်းတပင် ကျေးရွာနေ အောင်ကို (၁၉)နှစ် တို့ ၃ ဦးအား ကုမ္ပဏီမှကြို့ပင်ဆိပ်သို့ ဆိုင်ကယ်ဖြင့်အငှားလိုက်ပို့ ပေးခဲ့ပြီး ထိုနေ့ညနေအချိန် ထိပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့် ““ပိုကောင်း””ဆီအုန်းကုမ္ပဏီရှိ လုံခြုံရေးရဲကင်းမှတဆင့် ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ကရသူရိနယ်မြေရဲစခန်းမှူးတို့အား အကြောင်းကြားခဲ့သည်။

 အကြောင်းကြားချက်အရ ဆိုင်ကယ်အငှါးစီးနင်းခဲ့သူ ဇော်မင်းစိုးပါ ၃ ဦးအား စစ်ဆေးခဲ့ရာ မအေးသိန်း အား ကြို့ပင်ဆိပ်အပြန်လမ်းတွင် စိုးနိုင်နှင့်အောင်ကို တို့ ၂ ဦးက ဓါးဖြင့်ထိုး၊ ကျောက်ခဲဖြင့်ထုကာ အလောင်းအား လမ်းဘေးတောတွင်းရှိ ချိုင့်ထဲတွင် ကျောက်ခဲ၊ ရွံ့၊ သစ်ရွက် များ ဖြင့်ဖုံးအုပ် ထားခဲ့ကြောင်း၊ ဆိုင်ကယ်အား ၀ါးရုံအနီးတောထဲတွင်ဝှက် ထားခဲ့ကြောင်း သိရှိရသဖြင့် အခင်းဖြစ်နေရာ သို့ သွားရောက်စစ်ဆေးခဲ့ရာ မအေးသိန်းအား ယာဘက်မျက်ခုံး ၁ လက်မခန့်ပြတ်ရှ ဒဏ်ရာ၊ ယာဘက်ငယ် ထိပ် ၂ လက်မခန့်စုတ်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ၁ လက်မခွဲခန့်ပြတ်ရှ ဒဏ်ရာ ၂ ချက်၊ ယာဘက်နားရွက်နောက် ၁ လက်မခန့်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာဘက်နို့အုံတွင် ၁ လက်မခွဲခန့် ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ဖြင့်သေဆုံးနေကြောင်းနှင့် အလောင်းအနီး ခြုံထဲတွင် ၀ှက်ထားသည့် ဆိုင်ကယ်အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ သို့ဖြစ်၍ သေဆုံးသူ၏ခင်ပွန်းဖြစ်သူ ဇင်မင်းမောင်မှ အရေး ယူပေးရန် တိုင်တန်းခဲ့သောကြောင့် ပြစ်မှုကျူးလွန်ခဲ့သူများဖြစ်သည့် ဇော်မင်းစိုး၊ စိုးနိုင်နှင့်အောင်ကို တို့ ၃ ဦးအား ကရသူရိနယ်မြေရဲစခန်း(ပ)၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၉၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment