Friday 19 July 2013

၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း ကောက်ယူ ရာတွင် အစိုးရ၏ သဘော တူညီ ချက်ဖြင့် ILO မှ မြန်မာနိုင်ငံရှိ လုပ်သားအရင်းအမြစ်စာရင်း ကောက်ယူမည်

၂၀၁၄ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ အစိုးရနှင့် အိုင် အယ်လ်အိုတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ လုပ်သားအရင်းအမြစ်စာရင်း ကောက်ယူမည်ဟု အိုင်အယ်လ်အို ဆက်ဆံရေးအရာရှိ စတိဗ်မာရှယ်က ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ သစ္စာလမ်း၊ အမှတ် ၁ (က) ရှိ အိုင်အယ်လ်ရုံးတွင် ပြုလုပ်ခဲ့သည့် စာနယ်ဇင်း တွေ့ဆုံပွဲတွင် ပြောကြားသည်။
သတင်းစာ ရှင်းလင်းပွဲ၌ ဆွစ်ဇာလန်နိုင်ငံတွင် ဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ၏ ရလဒ်များ၊ မြန်မာနိုင်ငံအပေါ် အိုင်အယ်လ်အို၏ အရေးယူ ပိတ်ဆို့မှု အားလုံးရုပ်သိမ်းသည့် ဆုံးဖြတ်ချက် စသည့်ကိစ္စရပ်များအား ရှင်းလင်း ပြောကြားသွားခဲ့ပြီး အိုင်အယ်လ် အို ဆက်ဆံရေး အရာရှိက မြန်မာနိုင်ငံအစိုးရနှင့် အိုင်အယ်လ်အို ဆက်ဆံရေး၊ မြန်မာနိုင်ငံတွင် မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်မည့် လူမှုရေး၊ စီးပွားရေး အထောက်အကူပြု စီမံချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

''မြန်မာနိုင်ငံမှာ လုပ်အားဈေးကွက်နဲ့ ပတ်သက်ပြီး ပြုလုပ်ထားတဲ့ စာရင်းဇယား နည်းပါးနေပါတယ်။ မကြာခင်မှာ နိုင်ငံတော် အစိုးရက သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ သန်းခေါင်စာရင်းနဲ့အတူ အိုင်အယ်လ်အိုကလည်း နိုင်ငံအတွင်းမှာ လုပ်အားအရင်းအမြစ် ဘယ်လောက်ရှိတယ် ဆိုတာကို ကျွန်တော်တို့ပါ တစ်ပါတည်း စာရင်းကောက်ယူဖို့ အစိုးရနဲ့ သဘောတူညီ ထားပါတယ်'' ဟု အိုင်အယ်လ်အို ဆက်ဆံရေး အရာရှိ စတိဗ်မာရှယ်က ပြောကြားသည်။

''ဒီလို လုပ်အား အရင်းအမြစ်တွေကို စာရင်းကောက်ယူခြင်း အားဖြင့် အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ဘယ်အရေအတွက်က အလုပ်ရထားတယ်။ ဘယ်အရေအတွက်က အလုပ်မရှိဘူး စတဲ့ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့ သိရှိလာမှာ ဖြစ်တယ်။ အဲဒီလို စာရင်းအချက်အလက်တွေ ရလာပြီဆိုရင် လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ဆည်းသွားဖို့ အတွက် ရှေ့ဆက်ပြီး ကောင်းမွန်တဲ့ လမ်းစဉ်တွေ ချမှတ်သွားနိုင်ဖို့ပါ'' ဟု အိုင်အယ်လ်အို ဆက်ဆံရေးအရာရှိ စတိဗ်မာရှယ်က ဆက်လက် ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံတွင် အခြေခံ အလုပ်သမားအသင်း ၅၉၇ ခု၊ မြို့နယ်အဆင့် အလုပ်သမားအသင်း ၁၅ ခုနှင့် အလုပ်သမား အဖွဲ့အစည်း နှစ်ခု မှတ်ပုံတင်ထားသည်။
Eleven Media Group

No comments:

Post a Comment