Tuesday 18 June 2013

အပ်ငွေနှင့် ချေးငွေအကြား ကွာဟချက် ငါးရာခိုင်နှုန်းအထိ ရှိနေခြင်းအပေါ် ဝေဖန်နေကြ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်တိုးနှုန်းအား ၁၀ ရာခိုင်နှုန်းသာ သတ်မှတ်ထားသော်လည်း ပုဂ္ဂလိက ဘဏ်များအချင်းချင်း ညှိနှိုင်း၍ အပ်ငွေနှင့် ချေးငွေအကြား ၅ ရာခိုင်နှုန်းအထိ ကွာဟနေခြင်း ဝေဖန် မှုများ ရှိနေကြောင်း သိရှိရပါသည်။

အာဆီယံစီးပွားရေး အသိုက်အ၀န်းစတင်ချိန်တွင် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံ ဗဟိုဘဏ်/ငွေကြေး အာဏာပိုင်အဖွဲ့၏ အတိုးနှုန်း သတ်မှတ်မှုမှာ ၁၃ ရာခိုင်နှုန်းအထိ ရှိနေသော်လည်း ပြည်တွင်းဘဏ်များ အနေဖြင့် အပ်ငွေ အတိုးနှုန်းအား ၁၂ ရာခိုင်နှုန်းနှင့် ချေးငွေ အတိုးနှုန်း အား ၁၄ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း တွေ့ရှိရပြီး အခြားသော နိုင်ငံများတွင်လည်း ယင်းသို့ အပ်ငွေချေးငွေ ခြားနားချက်မှာ ရာခိုင်နှုန်း နည်းပါးကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိဗဟိုဘဏ်မှ သတ်မှတ်ထားသော ဘဏ်တိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်းဖြစ်ပြီး အပ်ငွေ အပေါ် အတိုးနှုန်း ၈ ရာခိုင်နှုန်းနှင့် ချေးငွေအပေါ် အတိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်း ဖြစ်သည်။

''ဘဏ်အပ်ငွေ အတိုးနှုန်းက ၈ ကျပ် ကနေ ၄ ကျပ်အထိ ချလိမ့်မယ်။ စီးပွားရေး သမားတွေအနေနဲ့ အတိုးနှုန်း သက်သာမှ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာမှာ။ ရေရှည်အားဖြင့် သွားမယ် ဆိုရင် နိုင်ငံတကာနဲ့အညီ သွားရမှာပဲ။ တံခါးဖွင့်တာနဲ့အမျှ ရေကမြင့်ရာကနေ နိမ့်ရာကို စီးသွားသလို ကိုယ်မလုပ်လဲ သူ့ဟာသူ အတိုးနှုန်း ကျသွားလိမ့်မယ်။ ဘဏ်တိုးနှုန်းက ကမ္ဘာမှာ ၂ ဒသမ ၅ ရာခိုင်နှုန်း အများဆုံး ၃ လောက်ပဲ အတိုးနှုန်းက ရှိတာပါ။ ဘဏ်တိုးနှုန်း လျော့ကျသွားဖို့ကို စီးပွားရေးနဲ့ ပတ်သက်တဲ့ လွှတ်တော်ကော်မတီတွေ လောက်ပဲ စိတ်ဝင်စားမှုရှိတယ်။ အဲဒီ ကော်မတီတွေ အထဲမှာမှ အများစုက အထူးသဖြင့် စီးပွားရေးနဲ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှာကတော့ လိုလားမှုရှိကြတယ်။ ဘဏ်တိုးနှုန်း နည်းသွားပေမယ့် တစ်ဖက်က ကုန်ဈေးနှုန်းကျအောင် ချပေးရလိမ့်မယ်။ အဲ့ဒီဆက်သွယ်မှု ကိုလည်း ကော်မတီက စဉ်းစားနေတယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်(လသာ) က ပြော ပါ သည်။ မြန်မာနိုင်ငံသည် ဘဏ်တိုးနှုန်း မြင့်မားသဖြင့် စင်ကာပူ၊ ထိုင်း စသည့် နိုင်ငံများမှာ လုပ်ငန်းရှင်များ အနေဖြင့် ယင်းတို့၏ သက်ဆိုင်ရာနိုင်ငံမှ ငွေများချေးယူ၍ မြန်မာနိုင်ငံ ဘဏ်များတွင် အပ်နှံကာ ဘဏ်တိုးနှုန်းအား အမြတ်အစွန်းယူ ဈေးကစားမှုများ ပြုလုပ်လေ့ရှိကြောင်းလည်း ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီး ဋ္ဌာန အကြံပေး-၂ ဦးသန်းလွင်က ပြောဆိုမှုများ ရှိခဲ့ပါသည်။

ထိုသို့ ဘဏ်အပ်ငွေ အတိုးနှုန်းအပေါ် အမြတ်ထုတ်နိုင်ခြင်း၊ မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ လာရောက်မြှုပ်နှံ စဉ် မြန်မာလုပ်ငန်းရှင်များ ရရှိမထားသည့် ကာလရှည် အခွန်ကင်းလွတ်ခွင့် ရရှိထားခြင်း၊ အခြေခံ အဆောက်အအုံများနှင့် ကုန်ထုတ်လုပ်မှု အပိုင်းတွင် အသာစီး ရနေသည့် အပြင် ပြည်ပ လုပ်ငန်းရှင်များ၏ ထုတ်ကုန်မှာ နိုင်ငံတကာ ဈေးကွက်တွင် ထိုးဖောက်နိုင်ခြင်း စသည့် ပြည်ပလုပ်ငန်းရှင် များ၏ အားသာချက်များမှာ မြန်မာနိုင်ငံရှိ စက်မှုကုန်ထုတ်လုပ်ငန်းများ ပြိုလဲစေနိုင်သည့် အားသာ ချက် ဖြစ် လာနိုင်ကြောင်းလည်း ဘဏ်လုပ်ငန်းဆိုင်ရာ အကြံပေး ပညာရှင်များက ပြောပါသည်။

''မြန်မာ့စီးပွားရေး ဘဏ်ကနေ ၈ ဒသမ ၂၅ ကျပ်နဲ့ ချေးယူပြီး အသေးစား အလတ်စား လုပ်ငန်းတွေကို ၈.၅၀နဲ့ ပြန်ချေးပေးပါတယ်။ ရာခိုင်နှုန်း နည်းနည်းလေးပဲ အမြတ်ယူပြီး အသေးစား အလတ်စားတွေ ကို မြှင့်တင်ပေးရမဲ့ အချိန်ကို ရောက်နေပါပြီ'' ဟု အသေးစား အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ အကြီးတန်း အကြံပေး ဦးစံသိန်းက ပြောပါသည်။

''ကျွန်တော်တို့ တိုင်းပြည်ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာချိန်မှာ ပြည်တွင်း လုပ်ငန်းရှင်တွေ အနေနဲ့ သူတို့နဲ့ ယှဉ်ပြိုင်ဖို့ ဘဏ်တိုးနှုန်းတွေ လျော့ချပေးဖို့ တောင်းဆိုတာ တော်တော်ကြာပါပြီ။ အခုလက်ရှိမှာ ဒီကိစ္စကို အကျေအလည် ဆွေးနွေးနေပါပြီ။ လာမဲ့လွှတ်တော်မှာ ရေးရာကော်မတီတွေနဲ့ ဗဟိုဘဏ်အကြား မြန်မာနိုင်ငံ အခြေအနေနဲ့ ကိုက်ညီတဲ့ အတိုးနှုန်းကို ပြင်ဆင် သတ်မှတ်ဖို့ ဆွေးနွေး ပါမယ်။ ဘဏ်တွေလည်း မနစ်နာရအောင် ငွေဖောင်းပွမှုလည်း မဖြစ်အောင် ဆွေးနွေးမှာပါ'' ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ဦးဖြိုးမင်းသိန်း က ပြောပါသည်။

လက်ရှိအစိုးရ လက်ထပ်တွင် အပ်ငွေအပေါ် အတိုးနှုန်းနှင့် ချေးငွေအပေါ် အတိုးနှုန်းအား ၂၀၁၁ ခုနှစ် စက်တင်ဘာလ တစ်ရက်နေ့တွင် တစ်ကြိမ်နှင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် တစ်ကြိမ်၊ နှစ်ကြိမ် လျော့ချပေးခဲ့ကြောင်းလည်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ တရားဝင် ထုတ်ပြန်ထားသော စာရင်းများအရ ပုဂ္ဂလိကဘဏ် ၁၉ ဘဏ် ရှိပြီး နိုင်ငံပိုင်ဘဏ် လေးဘဏ်ရှိကာ ဆက်လက်ဖွင့်လှစ်ရန် လုပ်ဆောင်နေသည့် ဘဏ် ၄ ဘဏ်အထိ ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်နေပါသည်။
EMG

No comments:

Post a Comment