Tuesday 18 June 2013

ပွင့်လင်းမြင် သာ မှု အတွက် ဘာသာရေး ဓလေ့ စရိုက်များ လေ့ လာခြင်း အစီ အစဉ်နှင့် ငြိမ်း ချမ်းရေး နှီးနှော ဖလှယ်ပွဲ အား အာရ် ကတ်တီ ဗလီတွင် ပြုလုပ်

religious-june17
ဗလီများအတွင်း မည်သည့်တိုက်ခိုက်ရေး ပစ္စည်းမျှ သိုဝှက်မထားကြောင်း ရှင်းလင်းသည့် သတင်းစာ ရှင်းလင်းပွဲကို ဇွန် ၁၆ ရက်က ပြုလုပ်နေစဉ်
အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ယုံကြည်မှု ပြန်လည်ပေါ်ပေါက်ရန်နှင့် ဗလီများ အတွင်း မည်သည့်တိုက်ခိုက်ရေး ပစ္စည်းမျှ သိုဝှက်မထားကြောင်း ရှင်းလင်းသည့် ပွင့်လင်းမြင်သာမှု အတွက် ဘာသာရေး ဓလေ့စရိုက်များအား လေ့လာခြင်း အစီအစဉ်နှင့် ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲအား ဇွန် ၁၆ ရက်က ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ အာရ်ကတ်တီဗလီတွင် နံနက် ၉ နာရီမှ ၁၂ နာရီ အထိ ကျင်းပခဲ့ကြောင်း သိရသည်။

Pray for Myanmar လူငယ်အဖွဲ့အစည်းမှ ဦးဆောင်ကျင်းပသည့် အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ဗုဒ္ဓဘာသာဝင် ဆရာတော်များ၊ အစ္စလာမ် ဘာသာဝင်များနှင့် မော်လ၀ီ ဆရာများ၊ သတင်းမီဒီယာ များ၊ လေ့လာလိုသူ နိုင်ငံခြားသားများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

"ဘာသာတိုင်းမှာ သူ့စည်းကမ်းနဲ့သူ ရှိတယ်။ ဘုန်းကြီးတို့ ဘာသာမှာလည်း ကံဆောင်တဲ့ အချိန်ဆိုရင် လူဝင်ခွင့် မပေးပါဘူး။ အခုလည်း မလေးရှားမှာ ဗုဒ္ဓဘာသာဝင်ဆိုရင် သတ်နေတယ်လို့ ပြောနေကြတယ်။ မဟုတ်ပါဘူး။ ခရစ်ယာန်၊ မွတ်စလင်၊ ဗမာမခွဲခြားဘဲ မြန်မာမှန်ရင် အကုန်သတ်နေတာပါ။ မြန်မာနိုင်ငံ ကနေ စခဲ့တဲ့ ပြဿနာကို အခုအချိန်မှာ မတားနိုင်ရင်၊ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရောက်နေတဲ့ မြန်မာနိုင်ငံ သားတွေ အသတ်ခံရပါလိမ့်မယ်။ အစိုးရ အနေနဲ့လည်း နောက်ကွယ်မှာ ကြိုးကိုင်သူရှိတယ် ပြောထား တယ်။ အမြန်ဖော်ထုတ်ပေးပါ။ စစ်တပ်ရှိမှ ဖြစ်မယ်။ အခြေအနေကို မထိန်းနိုင်တော့ဘူးဆိုပြီး အနှစ် ၄၀ လောက် အာဏာရှင် စနစ်အောက် ပြန်ရောက်အောင် မလုပ်ပါနဲ့" ဟု အဆိုပါ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်သည့် ရွှေဝါရောင် ပညာဒါန ကျောင်းတိုက်မှ ဆရာတော် ဦးပဏ္ဍ၀ံသက မိန့်ကြားသည်။

လက်ရှိကာလတွင် ဖြစ်ပွားသည့် ပဋိပက္ခများအား ဗလီများမှ ၀တ်ပြုပြီး ထွက်လာသည့်အချိန်တွင် စတင် သည်ဆိုသည့် ကောလာဟလများ၊ ဗလီများအတွင်း လက်နက်များ၊ လောင်စာဆီများ သိုလှောင်ထားသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ ဗလီဆိုသည်မှာ အစ္စလာမ် ဘာသာဝင်များ၏ မွန်မြတ် သန့်စင်သော နေရာဖြစ် သည့် အတွက် နေ့စဉ်ဝတ်ပြုရေး ၀င်ရောက်လျှင်ပင် ပညတ်ချက်များဖြင့် ၀င်ရောက်ရကြောင်း၊ အစိုးရ အဖွဲ့အစည်းများမှလည်း ထိုသို့လက်နက်များ သိုလှောင်သည်ဟု သတင်းထွက်ပေါ်သည့် အတွက် ရှောင် တခင် စစ်ဆေး မှုများ ပြုလုပ်ခဲ့ကြောင်း အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သူ အာရ်ကတ်တီဗလီမှ ဦးမြင့်သိန်းက ဆိုပါသည်။

ဗုဒ္ဓဘာသာဝင် လူငယ်များနှင့် အစ္စလာမ် ဘာသာဝင် လူငယ်များ ဖွဲ့စည်းထားသည့် Pray for Myanmar လူငယ်အဖွဲ့အစည်း အနေဖြင့် ဗလီများအတွင်း မည်သည့်လက်နက်မျှ သိုလှောင်မထားကြောင်း သက်သေပြသည့် ယခုနှီးနှော ဖလှယ်ပွဲအပြင် ဘာသာရေးနှင့် ဆက်နွယ်သည့် ပဋိပက္ခများ မဖြစ်ပွားစေရန် နှီးနှောဖလှယ်ပွဲများ ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း သိရသည်။
EMG

No comments:

Post a Comment