Tuesday 4 September 2012

ဒေါက်တာဘွဲ့၊ ရာထူးတိုးမြှင့်ရေးနှင့် ကျောင်းအုပ်ပြဿနာ

လွန်ခဲ့သောဆယ်စုနှစ်တွင် တိုင်းပြည် အုပ်ချုပ် မင်းလုပ်သူတို့က ပြည်တွင်း၌ ပညာတတ်များစွာကို တက်သုတ်ရိုက် မွေးထုတ်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာ၌ ပင် မရှိဖူးသေးသော တစ်ရက်တည်းနှင့် ပီအိပ်ခ်ျဒီ ဒေါက်တာဘွဲ့ အယောက် ၂၀ နီးပါးကို ဌာနတစ်ခုတည်းမှ ပေး အပ်ခဲ့သည်အထိ ရှိခဲ့သည်။
နောက်ဆက်တွဲ ပြဿနာများက ပိုဆိုးသည်။ သူတို့ချီးမြှင့် ခဲ့သော ပြည်တွင်းဒေါက်တာများကို လူရာ ၀င်ရေးအတွက် ဒေါက်တာဘွဲ့ ဘယ်ကရရ ရာထူးတိုးသည်။ အဆိုပါ ဒေါက်တာဘွဲ့ရများကို သင်ပေးခဲ့သော မဟာဘွဲ့ရ တက္ကသိုလ် ဆရာကြီး၊ ဆရာမ ကြီးများမှာ အဆိုပါ ခါတော်မီ ဒေါက်တာ များအောက်တွင် အမှုထမ်းရသည့်ဘ၀ ရောက်သွားခဲ့သည်။
ဒေါက်တာဘွဲ့ ရမှသာ တွဲဖက်ပါမောက္ခနှင့် အထက် ရာထူးများပေးရန် သတ်မှတ်လိုက်သဖြင့် ဆရာကြီး၊ ဆရာမကြီးများမှာ ကထိက ရာထူးဖြင့် ဘ၀ဇာတ်သိမ်းကြရလေတော့သည်။ တစ်ဖန် ထိုမှတစ်ဆင့်တက်ကာ အဆိုပါဒေါက်တာများကို အခြေခံပညာ အထက်တန်း ကျောင်းများ၌ ကျောင်းအုပ်များအဖြစ် ခန့်လိုက်ပြန်သည်။
တက္ကသိုလ်များ၌ နေရာပြည့်သွား၍ ထင်သည်။ ကျောင်းအုပ်ဆိုသည့် အုပ်ချုပ်ရေးရာထူးအတွက် ဒေါက်တာ ဘွဲ့နှင့် သမ္ဘာရှိမှု၊ အစဉ် အလာရှိမှု၊ ဂုဏ် သိက္ခာရှိမှု မည်သည်ကပိုအရေးကြီး သည်ကို သဘောမပေါက် သည်လော၊သို့ တည်းမဟုတ် အရှင်မွေးလျှင် နေ့ချင်း ကြီး ရမည်ကို သက်သေပြလိုသည်လောတော့ မသိ။
ပြည်တွင်းဖြစ် ဒေါက်တာဘွဲ့ ရသည်မှလွဲ၍ အုပ်ချုပ်ရေးအတွေ့ အကြုံမရှိသေးသော အဆိုပါ ပညာတတ် ပေါက်စများကို အခြေခံ အထက်တန်းကျောင်းများသို့ ကျောင်းအုပ်ကြီးများအဖြစ် ရာထူးမြှင့်တင်ပေးခဲ့ပြန်သည်။ သို့ဖြင့် မြန်မာပြည်ရှိ နာမည်ကြီး ကျောင်းများ ၌ အဆိုပါသူတို့မှာ ကျောင်းအုပ်ကြီးဟူသော အဆောင်အယောင်ဖြင့် တစ်သက်လုံး အဆိုပါ ကျောင်းများ၌ သင်ကြားပို့ချခဲ့သည့် ဆရာကြီး၊ ဆရာမကြီးများအပေါ်တွင် ရောက်လာခဲ့သည်။
ထိုသူများ၏ အုပ်ချုပ်ရေးကို နိုင်နင်းအောင် ဆောင်ရွက်နိုင်သည် မဆောင်ရွက်နိုင်သည်ကို တာဝန်ရှိသူများ မသိသော်လည်း (မသိ ယောင်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်) မိဘများ၊ ဆရာ၊ ဆရာမကြီး များ နှင့် ကျောင်းသား ကျောင်းသူအားလုံးကတော့ သိနေကြ သည်။ နာမည်ကြီး ကျောင်းတစ်ကျောင်း၌ ပထမရောက်လာသော ခါတော်မီ ဒေါက်တာဘွဲ့ရ ကျောင်းအုပ်တစ်ဦးမှာ လူမှုရေးကိစ္စဖြင့် အရာမှဖယ်ရှားခံ လိုက်ရသည်။ ဒုတိယ တစ်ယောက်သည်လည်း အဆိုပါကိစ္စမျိုးဖြင့် ကျောင်းအုပ်ရာထူးမှ ဖယ်ရှားခံရပြီး တက္ကသိုလ် ပြန်ရောက်သွားသည်။
ထို့နောက်တွင် အမျိုးသားကျောင်း အုပ်များအစား ဒေါက်တာဘွဲ့ရ အမျိုးသမီးကျောင်းအုပ် ကို စေလွှတ်လိုက်ပြန်သည်။ သူကလည်း ရှေ့ကလူများနှင့် မတူ အစွမ်းပြသည်မှာ ၁၀ တန်းအောင်၍ ဆရာ ဆရာမများကို လာကန်တော့သော ကျောင်းသား ကျောင်းသူများ ကို နင်တို့နဲ့ ဒီကျောင်း ဘာမှမဆိုင်တော့ဟုဆိုကာ ကျောင်းအတွင်း ၀င်ခွင့်မပြုရုံမျှမက ဆရာကြီး၊ ဆရာမကြီးများကိုလည်း ဒီလောက် အကန်တော့ခံချင်လျှင် ကျောင်းအပြင် လမ်းပေါ်တွင် လိုက်အကန်တော့ခံဟု ပြောရဲ သည်အထိ မောက်မာလွန်းလှသည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၇၃ နှစ် (၁၉၃၉ ခုနှစ်)က ဆရာသိပ္ပံမောင်ဝက ကျောင်းထားသည်ဆိုရာဝယ် စာတတ်ရန် လိုရင်း၊ အမြော်အမြင် တိုးပွားရန် လိုရင်း၊ လိမ္မာရေးခြား ရှိရန်လိုရင်းဟု ရေးခဲ့ဖူးသည်။ ယခုမူ အခြေခံပညာကျောင်းများကို အုပ်ချုပ် မင်းလုပ်နေသည့် အဆိုပါ ဒေါက်တာဘွဲ့ရဆိုသူများသည် သူငယ်တန်းမှ ၁၀ တန်းအထိ ကလေးများကို ပညာတတ်ရန်၊ အမြော်အမြင်တိုးပွားရန်၊ လိမ္မာ ရေးခြားရှိရန် ကိုယ်တိုင်က စံနမူနာပြဖြင့် ဆိုဆုံးမအုပ်ချုပ်နိုင်သည့် အရည်အချင်းရှိပါ၏လော။
ကျောင်း အသီးအသီးမှ ကျောင်းသားမိဘများကို ကျောင်းအုပ်ဆရာ၊ ဆရာမများ အရည် အချင်းပြည့်မီသည် ဟု ထင်သည်၊ မထင်ပါ။ မေးခွန်းနှစ်ခုသာ ဖြည့်ခိုင်းကြည့်ပါ။ အဖြေမှန် ထွက်လာပါလိမ့်မည်။ ကလေးများသည် နောင်တစ်ချိန်ဝယ် နိုင်ငံ၏ အနာဂတ် ပင်ဖြစ် သည်။
သို့သော် အဆိုပါ နာမည်ကြီးဒေါက်တာဘွဲ့ရများ အုပ်ချုပ်နေသော ကျောင်းများ၌ ကလေးများသည် မူးယစ်ဆေးစွဲခြင်း၊ မလျော်မကန် ကျင့်ကြံခြင်းများ ဖြစ်ပွားပြီး ကျောင်းမှထုတ်ပယ်နေရသည်မှာ အဆိုပါကလေးများနှင့် သူတို့၏ မိဘများ အတွက်သာမက နိုင်ငံ အတွက်ပါ နစ်နာလှသည်။ အုပ်ချုပ်ရေးပညာနှင့် စာတတ်ခြင်းသည် သီးခြားဖြစ်သည်။ ဆေးရုံများ၌ ဆေးကုသသည့် သမားတော် များ၊ ပါရဂူ များသည် ဘွဲ့တွေတသီကြီးရသော်လည်း ဆေးရုံအုပ်ကြီးရာထူး ရယူထားသူများမှာ အခြေခံ အမ်ဘီဘီအက်စ်ဘွဲ့သာ ရှိသော၊ လုပ်သက်တစ်လျှောက်လုံး အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ယူခဲ့သော သူများသာဖြစ်သည်ကို သတိမူသင့်သည်။
ကျောင်းအုပ်ဆိုသည်မှာ ဆရာ များကရော၊ မိဘများကရော၊ ကလေး များကပါ စံနမူနာပြ လေးစားထိုက် သူများ၊ တစ်နည်းပြောရ သော် အခြေခံကျောင်းများ၌ စာသင်ကြားခဲ့သူများ ကလေးများအကြောင်း က မှ အ ထိ သိနေ သူများ၊ အုပ်ချုပ်ရေးတာဝန်ကို အဆင့် ဆင့် ရယူထားသူများသာ ဖြစ်သင့်သည်။ ပညာရေးစနစ်ကိုယ်တိုင်က မတည်ငြိမ်သော ယခုလိုကာလမျိုး၊ အပျော်အပါးများသော ယနေ့လို ကာလမျိုးတွင် ကလေးများ လမ်းလွဲမရောက်ရန် ကြီးကြပ်အုပ်ချုပ်ရမည့်သူသည် စံနမူနာ ယူထိုက်သူသာ ဖြစ်သင့်သည်။
ကျောင်း ၀င်ခွင့်နေရာကို ငွေကြေးနှင့်လဲလှယ်နေသူ၊ ကိုယ်ကျင့်တရားမကောင်းသူများကို အဆိုပါနေရာများ တွင် ခန့်ထားခြင်းဖြင့် နိုင်ငံ၏ အနာဂတ်အတွက် ဆိုးကျိုးများသာ ဖြစ်ပေါ် လာမည်ဖြစ်သည်။ ပြည်သူတို့မှ ရွေးချယ် တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း လွှတ်တော်အတွင်း ယခုကိစ္စကို အရေးကြီးကိစ္စတစ်ခု အဖြစ် ဆွေးနွေးအဖြေရှာ သင့်ချိန် ရောက်နေ ပြီဖြစ်သည်။
တစ်ချိန်က လူ တစ်ဦးတစ်ယောက်က ဤဘွဲ့ရှိမှ ရာထူးပေး၊ ဤဘွဲ့ရှိသူများကို အခြေခံ ပညာ ကျောင်းများတွင် ကျောင်းအုပ်ခန့်ဟု တစ်ချက်လွှတ်သတ်မှတ်ခဲ့သည်များကို ယခုအချိန် တွင် ပြန်လည်သုံးသပ်အဖြေ ရှာချိန် ရောက်နေပြီဖြစ်သည်။ ယခုအခါ အခြေခံ ပညာကျောင်းသားများ အနေဖြင့် သပိတ်မှောက်ခြင်းနှင့် သဏ္ဌာန်တူသော ဆန့်ကျင်မှုများကို စတင် လုပ်ဆောင်လာနေကြပြီဖြစ် သည်။
အနီးဆုံးဥပမာပြရလျှင် နာမည်ကြီးကျောင်းတစ်ကျောင်းမှ ကျောင်းသားကျောင်းသူများက အချစ်ဆုံး၊ အတော်ဆုံးဟု သတ်မှတ်ထား သော ဆရာမကြီးနှစ်ဦးကို ကျူရှင်သင်သည်ဟု အကြောင်းပြ ကာ ကျောင်းပြောင်းရွှေ့လိုက်ခြင်း အတွက် ကျောင်းသားကျောင်းသူ များက ကျောင်း၏အမိန့်ကို သူတို့တတ်နိုင်သည့်နည်းဖြင့် မကျေနပ်ကြောင်း ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။
အစိုးရ၀န်ထမ်း ဆရာဝန်များပင်လျှင် ပြင်ပတွင် ဆေးခန်းထိုင်ခွင့်ရနေသော ယခုကာလ၀ယ် ကျူရှင်မသင်ဘဲ မည်သည့်ဆရာသည် ဘ၀ကိုရပ်တည်နေနိုင်ပါမည်နည်း။ နှစ်ဖက်မျှတစွာ စဉ်းစားရန် လိုသည်။ ရေဘူးပေါက်တာမလိုချင်၊ ရေပါတာ သာလိုချင်သည် ဟူ သော အယူအဆကြောင့် တိုင်းပြည်သည် သယံဇာတ ပေါကြွယ်ဝပါလျက်နဲ့ မည်သည့်ဘ၀ ရောက်ခဲ့သည်ကို အားလုံးအသိဖြစ် သည်။
စာရေးသူ၏ သားနှင့်သမီးသည် နာမည်ကြီး ကျောင်းတစ်ကျောင်းတွင် ကျောင်းတက်ခဲ့ပြီး တစ်ယောက်က နည်းပညာတက္ကသိုလ် တက်ကာ၊ တစ်ယောက်က ဆေးကျောင်းတက်ရန် ပြင်ဆင်လျက် ရှိသည်။ သားဖြစ်သူ ကျောင်းတက်စဉ် ၎င်းကျောင်း၏ ကျောင်းအုပ် ဆရာမကြီးမှာ သန္ဓေဟုခေါ် ရမည့် ကျောင်းဆရာမ ဘ၀မှ အဆင့်ဆင့် ရာထူးတက်ခဲ့သူဖြစ်သည်။ သူ့လက်ထက်တွင် ကြီးမားသော ပြဿနာဟူ၍ မကြားခဲ့ဖူးဘဲ ခါတော်မီ ဒေါက်တာများ ကျောင်းအုပ်ဖြစ်မှ ပြဿနာမျိုးစုံ ကြားရတော့သည်။
စာရေးသူ၏ သားသမီး နှစ်ယောက်စလုံးကျောင်းမှ ဆရာဆရာမများထံက ကျူရှင်မယူပါ။ ထိုသို့ မယူသည့်အတွက်ဟုဆိုကာ ငြူစူ စောင်းမြောင်းမျိုးလည်း မရှိခဲ့ပါ။ အမှန်မှာ ပညာရေးစနစ်ကိုသာ အားလုံးယုံကြည်ကိုးစားနိုင်သည့်စနစ် ဖြစ်အောင် အရင်ပြုပြင် ရမည် ဖြစ်ပါသည်။
ပညာရေးဌာနတွင် ရာထူး ခန့်အပ်မှုများကို ပြန်လည်သုံးသပ် သင့်ချိန်လည်း ဖြစ်ပါသည်။ မီဒီယာများက အဖြစ်မှန်ကိုထောက်ပြ နေပါလျက် မည်သို့မှ အရေးယူဆောင် ရွက်ခြင်းမရှိခဲ့လျှင်၊ ထိုအရေးယူဆောင် ရွက်ခြင်းမရှိသည့်အတွက် တစ်ချိန်တွင် ပိုမိုကြီးလေး သော ပြဿနာများ ပေါ်ပေါက်ခဲ့လျှင်၊ နိုင်ငံတော်၏အနာဂတ်ကို အပ်နှံရမည့်ကလေးများ အရည် အသွေးနိမ့်ပါးသွားခဲ့လျှင် ယခု အချိန်တွင် တာဝန်ရှိသူတို့သည် သမိုင်းတရားခံအဖြစ် လက်ညှိုးထိုးခံရမည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း အသိပေးရေးသား လိုက်ရသည်။

No comments:

Post a Comment