Saturday 1 September 2012

မြန်မာ - တရုတ် ရေနံနှင့် ဂစ်ပိုက်လိုင်းသွယ်တမ်းခြင်းကြောင့် စပါးစိုက်ပျိုးမြေဧက ၂၀၀၀ ခန့် ပျက်စီးဆုံးရှုံး

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကပိုင်ချောင်းကာရီရှိ မြေအောက်မှ ရေနံနှင့် ဂစ်ပိုက်လိုင်း အား နှစ်မြှုပ်သွယ်တန်းရာ တာတမံတစ်ခုလုံး အတွင်းတွင် ဆားငန်ရေများ လွှမ်းမိုးနေခြင်းကြောင့် စပါးစိုက်ပျိုးမြေဧက (၂၀၀၀)ခန့် ပျက်စီးဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်တွင် ကျေးရွာ (၁၁)ခုမှ အိမ်ထောင်စု (၁၆၁)စု လုပ်ကိုင်စားသောက်နေသော ကပိုင်ချောင်း ကာရီ စပါးစိုက်ပျိုးမြေ (၁၈၂၄) ဧကမှာ ဆားငန်ရေး လွှမ်းမိုးနေခြင်းကြောင့် ယခုနှစ်တွင် စပါးစိုက်ပျိုး၍ မရတော့ကြောင်း မြို့ချောင်းမှ လယ်သမားတစ်ဦးကပြောသည်။
" အိန္ဒိယတွေက လွန်ခဲ့တဲ့ ၂၀၁၁၊ ၉ လပိုင်းက စပြီးတော့ မဒေးကျွန်းကနေ၊ ကပိုင်ချောင်းကာရီကို ဖြတ်ပြီးတော့ ပိုက်လုံးတွေ သွယ်တန်းတယ်။ ပိုက်လုံးသွင်းလိုက်တာကြောင့် တာဘောင်တွေ ပျက်စီးသွားတယ်၊ မိုးရသီ စပါးစိုက်ပျိုးချိန်ရောက်တော့ လယ်ကွင်းထဲမှာ ဆားငန်ရေတွေ လွှမ်းမိုးနေတာကြောင့် အခုထိ စပါးစိုက်လို့ မရတော့ဘူး။ " ဟု အဆိုပါ လယ်သမားက ပြောသည်။
လယ်သမား (၁၆၁) ဦးမှာ ကပိုင်ကာရီကို အဓိကစီးပွါးရေးအဖြစ် လုပ်ကိုင်ကြရာ ယခုနှစ်တွင် စပါးမစိုက်ပျိုးရခြင်းကြောင့် နောက်လာမည့်နှစ်များအတွက် လူဦးရေ (၇၀၀) ခန့်၏ စားဝတ်နေရေးကို ထိခိုက်လာနိုင်သည်ဟု သိရသည်။
" ဒီဆည်ကို ကျနော်တို့ဘိုးဘွားတွေ လက်ထက်ကပင် လုပ်ကိုလာကြတာ၊ မိသားစုရဲ့ အဓိက စီးပွါးရေးအဖြစ် လုပ်ကိုင်ကြတာဖြစ်တယ်။ လယ်သမားတွေဆိုလည်း ငါးရှာ၊ ကွန်ပစ် တစ်နေ့ရှာ တစ်နေ့စားနေကြတယ်။ အခုလို စပါးမစိုက်ရတော့ လယ်သမားတွေအတွက် အများကြီး ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်။ " ဟု အဆိုပါ လယ်သမားက ဆက်ပြောသည်။
ယခုကဲ့သို့ စပါးမစိုက်ပျိုးရကြောင်းကို လယ်သမားများက မြို့နယ်(မရက) နှင့် ခရိုင်ရုံးများသို့ သုံးကြိမ်တိုင်တိုင် သွားရောက် အကြောင်းကြားသော် တစ်စုံတစ်ရာထူးခြားမှု မရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်ရှိ ကပိုင်ချောင်းကာရီမှ ထွက်ရှိသောစပါးအား မင်းချောင်းကျေးရွာ၊ မြို့ချောင်းကျေးရွာ၊ တံခွန်ကျေးရွာ၊ ကျောက်ခမောင်းကျေးရွာ၊ ဂြင်ကြီးကျေးရွာ၊ ကပိုင်ချောင်းကျေးရွာ၊ ပန်းတောပြင် အရှေ့ဖက်ကျေးရွာ၊ ပန်းတောပြင် အနောက်ဖက်ကျေးရွာ၊ လမန်တောကျေးရွာ၊ ကျတဲ ကျေးရွာနှင့် ကန်တော့ကျေးရွာရှိသော လူဦးရေ ၃၀၀၀ နီးပါး စားသုံးကြကြောင်း သိရသည်။
ကပိုင်ချောင်းကာရီ လယ်သမားများမှာ စပါးစိုက်ခင်များပျက်စီးသွားခြင်းကြောင့် တစ်နှစ်တာ အတွက် မြန်မာကျပ်ငွေ သိန်း ၃၂၄၀၀ (သုံးသောင်း နှစ်ထောင် လေးရာ)ခန့် တန်းဖိုးဆုံးရှုံးသွားရာ လယ်သမားများက အဆိုပါ လျှော်ကြေးငွေအား ရရှိလိုပြီး ပျက်စီးသွားသော တာတမံအားပြန်လည် ဆည်ဖို့ပေးရန်နှင့် လက်ရှိသွယ်တန်းထားသော ပိုက်လိုင်းလမ်းကြောင်းအား အခြားမြေလွတ်နေရာ သို့ ပြောင်းရွှေ့ပေးစေလိုကြောင်း သိရသည်။
ကပိုင်ချောင်းကာရီအပြင် ပိုက်လိုင်းသွယ်တန်းခြင်းကြောင့် အခြားနေရာများရှိ စပါးစိုက်ခင်းများ ထိခိုက်၊ ပျက်စီးနေကြောင်းကို အဆိုပါရွာသားက ဆက်ပြောသည်။
" အခုလို ပိုက်လိုင်းသွယ်တန်းတာကြောင့် ကျနော်တို့ ဒေသမှာ ထိခိုက်မှုတွေ အများကြီး ရှိနေတယ်၊ ကပိုင်ချောင်းကာရီအပြင်၊ အခြားနေရာတွမှာလည်း ပိုက်လိုင်းလမ်းအတွက် မြေတွေတူးပြီး လမ်းဘေးမှာ ပုံထားတဲ့မြေတွေက မိုးရွာတော့ မြေတွေပြိုကျကြီး ပတ်ဝန်းကျင်က စပါးခင်းတွေကို ဖုံးဖိသွားလို့ စပါးစိုက်ခင်းတွေ ပျက်စီးစွားတယ်။ " ဟု ၎င်းက ပြောသည်။
မင်းချောင်း၊ ဂြင်ကြီးနှင့် ပန်းတောပြင် အုပ်စုတို့မှာ မြန်မာ - တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းခြင်း စီမံကိန်း၌ ကျောက်ဖြူမြို့နယ် မဒေးကျွန်းရေနက်ဆိပ်ကမ်းမှ အမ်းမြို့သို့ ပိုက်လိုင်းနှစ်ခု ဖြတ်သန်းသွားရာ လမ်းကြောင်းပေါ်တွင် ရှိနေသည်။
ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းတွင် ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းကို အိန္ဒိယကုမ္ပဏီ ((Punj Lloyd PTE Co.,Ltd)မှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်သည်။

No comments:

Post a Comment