Tuesday 28 August 2012

ခုံရုံးကိစ္စ အငြင်းအခုံကို စိတ်ပျက်စရာ မလိုဟု ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး


မြန်မာနိုင်ငံ သမ္မတနှင့် လွှတ်တော် တို့ကြား ယခုရက်ပိုင်း တွင်ဖြစ်ပေါ်နေသည် အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက် အငြင်းအခုံနှင့် ပက်သက် ၍ သဘောထားကြီးကြီးနဲ့ အမြော်အမြင် ရှိရှိဖြင့် ဖြေရှင်းရန် လိုအပ်ပြီး စိတ်ပျက်စရာ မလိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

"ကျွန်မတို့ အနေနဲ့လည်း စိတ်ပျက်စရာ မရှိပါဘူး။ ကြောက်ရွံ့စရာလည်း မရှိပါဘူး။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ပြဿနာတွေပဲ ဖြစ်ဖြစ် တကယ် အရေးကြီးတာက ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာပါပဲ။ ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ တကယ့် ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့ ညီရဲ့လား။ တကယ် ကို ပြည်သူပြည်သားတွေရဲ့ အေးချမ်း သာယာရေးကို ဦးတည်ရဲ့လားဆိုတာကို စဉ်းစားပြီးေ တာ့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ဆွေးနွေးခဲ့သည်။
ပြဿနာများကို ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ကန်ပါက နိုင်ငံ၏ ဂုဏ်သိက္ခာလည်း တက်လာမည် ဖြစ်ေ ကြာင်း ဒေါ်အောင်ဆန်းစုကြည် ကဆွေးနွေးခဲ့သည်။
"ပြည်သူတွေ ကလည်း ဒီဖြေရှင်းပုံ ဖြေရှင်းနည်းရဲ့ရလဒ်ကို တလေးတစားနဲ့ လက်ခံမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မပြောချင်တာက အခုကိစ္စက တရားဥပဒေ ကိစ္စ ဖြစ်တဲ့ အပိုင်းမှာ တရားဥပဒေ အရ ကျေကျေနပ်နပ် နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့ လိုပါတယ်။ တစ်ဖက်နဲ့တစ်ဖက် လေးစားဖို့လိုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည် က မေတ္တာ ရပ်ခံပြောဆိုခဲ့သည်။
ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုး အဆိုတင်သွင်းခဲ့သော လွှတ်တော်အသီးသီးက ဖွဲ့စည်း သည့် ကော်မတီ၊ ကော်မရှင် များသည် ပြည်ထောင်စု အဆင့်မဟုတ်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ချက် ချခဲ့ခြင်းသည် မှားယွင်း ဆောင်ရွက်ခြင်း ဖြစ် ကြောင်း ကြေညာရန် အဆိုကို ထောက်ခံမဲ ၄၄၇ မဲ၊ ကန့်ကွက်မဲ ၁၆၈ မဲ၊ ကြားနေမဲ ၄ မဲဖြင့် အတည်ပြုခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုး၏ အဆိုကို ဆွေးနွေးလိုသူ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦး အနက် ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၂ ဦးက ၀င်ရောက်ဆွေးနွေး ခဲ့ကြသည်။

No comments:

Post a Comment