Friday 3 August 2012

လက်ရှိ လိဂ် အနေအထား အရ အာရှအဆင့်သို့ ထိုးဖောက်ရန် မလွယ်ဟု ပတ်သုံးသပ်

လက်ရွေးစင် အသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက လက်ရှိ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ၏ အနေအထား အရ အာရှအဆင့်သို့ ထိုးဖောက်ရန် မလွယ်ကူကြောင်း သုံးသပ် ပြောကြားခဲ့သည်။


ယနေ့ထုတ် Sport Times ဂျာနယ်နှင့် အင်တာဗျူးတွင် ပတ်ဆောင်ဟွာက "ကျွန်တော် ပွဲတိုင်းလိုလို လာကြည့်တယ်။ အားရစရာ ကောင်းတဲ့ ကစားကွက်မျိုး မတွေ့ရဘူး။ အဆိုးဆုံး ကတော့ ကစားသမားတွေ ရပ်နေတာပဲ။ ဒီလို အနေအထား မျိုးနဲ့ မြန်မာလိဂ်ဟာ အာရှမှာ ထိုးဖောက်ဖို့ ဆိုတာ မလွယ်နိုင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ နိုင်ငံ အသင်းကို အခြေခံ ရွေးတာဟာ ပြည်တွင်းလိဂ် ဖြစ်နေလို့ပါပဲ။
 ပြည်တွင်းလိဂ် မကောင်းဘဲနဲ့တော့ မြန်မာ့ လက်ရွေးစင် အသင်းက တိုးတက်လာမှာ မဟုတ်ဘူး" ဟု ပြောကြားခဲ့သည်။ ထို့အတူ ပတ်က ဆက်လက် ပြောကြားရာတွင် မြန်မာ့ ဘောလုံး လောကသည် အခြား နိုင်ငံများနှင့် ယှဉ်ပါက ပြောင်းပြန် ဖြစ်နေသည်ဟု သုံးသပ်ခဲ့ကာ အခြားနိုင်ငံ များ၌ ကလပ်အသင်း ပွဲစဉ်များတွင် နိုင်ငံ့ လက်ရွေးစင် အသင်း၏ ပွဲများထက် ပရိသတ် ပိုမို များပြားကြောင်းလည်း သုံးသပ်ခဲ့သည်။

ထို့နောက်တွင် လိဂ်ပြိုင်ပွဲများ၌ ယူ-၂၂ အသင်းမှ ကစားသမားများ ခြေစွမ်း ကျသွားခြင်း အပေါ် စိုးရိမ်ပူပန်လျက် ရှိနေပြီး လက်ရွေးစင် အသင်းကြီးတွင် ရွေးချယ် ခံထားရသည့် ကစားသမား အားလုံး၏ စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံး အနေအထား ရရန်အတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းလည်း
 ပြောကြားခဲ့သည်။ "အသက်ငယ်တယ်၊ အသက်ကြီးတယ်၊ ၀ါရင့် ကစားသမားမှ မဟုတ်ပါဘူး။ ဘယ် ကစားသမားမဆို သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အမြင့်ဆုံး ရောက်အောင် လုပ်ပေးရမှာက ကျွန်တော့် တာဝန်ပါ။ ဒါကြောင့် ကျွန်တော့် ဘက်ကတော့ အခု ရွေးချယ်လိုက်တဲ့ ကစားသမားတွေကို အကောင်းဆုံး ထိန်းကျောင်းနိုင်မယ်လို့ ထင်ပါတယ်" ဟု ပတ်ဆောင်ဟွာက ပြောကြားခဲ့သည်။
အသင်း၏ လေ့ကျင့်ရေးတွင် စည်းကမ်း မလိုက်နာသည့် ကစားသမားများ ရှိလာပါကလည်း လက်ခံမည် မဟုတ်ကြောင်း ဖွင့်ဟခဲ့ကာ "စည်းကမ်း မလိုက်နာတဲ့ ကစားသမား တွေကို လက်ခံလို့ မဖြစ်ပါဘူး။ လက်ရွေးစင် ကစားသမား တစ်ယောက်ဆို စည်းကမ်း လိုက်နာရမယ်။ လေ့ကျင့်ချိန်မှာ ကြိုးစား လေ့ကျင့်ရမယ်။ နည်းပြ ပြောစကားကို နားထောင်ရမယ်။ ဒါဟာ လက်ရွေးစင် ကစားသမား တစ်ယောက် လိုက်ကို လိုက်နာရမယ့် အချက်တွေပါပဲ။ ဘယ်လောက်ပဲ ခြေစွမ်း ကောင်းနေပါစေ။ မကြိုးစားတဲ့ ကစားသမား ကိုတော့ ကျွန်တော် လုံးဝ မကြိုက်ပါဘူး" ဟု ဆိုခဲ့သည်။

ref:SM

No comments:

Post a Comment