Wednesday, 30 March 2016

အမေရိကန်နိုင်ငံ၏ အခြေအနေ

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ခြောက်လကျော် ကွာဝေးပါသေးသည်။ အမေရိကန်နိုင်ငံ၏ (၄၅) ဦးမြောက် သမ္မတ မည်သူဖြစ်လာမည်ဆိုသည်ကို မဆိုထားနှင့် ပါတီကြီးနှစ်ခုကို ကိုယ်စားပြုရန် မည်သူ့ကို အမည်စာရင်းတင်သွင်းမည်နည်းဆိုသည်ပင် သေချာတပ်အပ်မပြောနိုင်သော အနေအထားဖြစ်သည်။ သို့သော်မှီတင်းနေထိုင်သူပေါင်း သန်း ၃၂၀ ကျော်ရှိသော နိုင်ငံ၏လတ်တလောခံစားချက်နှင့် ကမ္ဘာတစ်ဝန်းမှ လူများအတွက် အဆုံးမရှိသော နိုင်ငံရေးအော်ပရာဟု ထင်မှတ်ရသော အခြေအနေတွင်နောက်ဆုံး၌ အောင်ပွဲခံမည့် အမျိုးသား (သို့) အမျိုးသမီးအတွက် ယင်းခံစားချက်မှာ မည်သည့်အဓိပ္ပာယ်ဆောင်မည်နည်းဆိုသည်ကို အကဲဖြတ်ရန်မှာ စောလွန်းလှသည် မဟုတ်ပေ။
ယနေ့အမေရိကန်နိုင်ငံတွင် လွှမ်းမိုးနေသော ခံစားချက်မှာ လုံးလုံးလျားလျားဒေါသထွက်ခြင်း မဟုတ်လျှင်သော်မှအတိုင်းအတာတစ်ခုအထိ စိုးရိမ်ပူပန်နေသော အနေအထားဖြစ်သည်။ မကြာသေးမီကပင် ၀ါရှင်တန်ပို့စ်သတင်း စာကြီးက ဝေါလ်စထရိ၊ မွတ်စလင်များ၊ ကုန်သွယ်ရေးသဘော တူညီချက်များ၊ ၀ါရှင်တန်အစိုးရ၊ ရဲတပ်ဖွဲ့၏ပစ်ခတ်မှုများ၊ သမ္မတဘားရက်အိုဘားမား၊ ရီပက်ဘ လေကန်များ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် အခြားအကြောင်းအရာများကို ပစ်မှတ်ထား၍ အပိုင်းလေးပိုင်းပါသော ဆောင်းပါးများ ဆက်တိုက်ဖော်ပြခဲ့သည်။
ယခုအချိန်တွင် လူတစ်ဦးတစ်ယောက်အား အဆိုးရွားဆုံးသုံးနှုန်းပြောဆိုသော စကားလုံးမှာ ‘ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမား’ ဟူသော အသုံးအနှုန်းဖြစ်သည်။ ယင်းစိတ်အခြေအနေအတွက် အကျိုးကျေးဇူးခံစားရသူများမှာ လွတ်လပ်စွာ ကုန်သွယ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးပြုပြင် ပြောင်းလဲမှုကို ဆန့်ကျင်သော မူဝါဒစိတ်ကူးထားသူများ၊ လက်ရှိအခွန်နှင့် ငွေကြေးသုံးစွဲမှု မူဝါဒများကို အောက်ခြေသိမ်းပြောင်းလဲပစ်ရန် တိုက်တွန်းနေသော အခိုင်အမာတည်ရှိပြီးသားအရာများကို ဆန့်ကျင်သည့် ကိုယ်စား လှယ်များပင်ဖြစ်သည်။ ၎င်းတို့ ထောက်ခံအားပေးသော အကြောင်းအရာအသေးစိတ်မှာ ကွဲပြားကောင်း ကွဲပြားပါလိမ့်မည်။ သို့သော်၎င်းတို့ ရွေးချယ်မည့် လမ်းကြောင်းများမှာ လက်ရှိပိုနေမြဲ၊ ကျားနေမြဲအနေအထားမှ သိသာစွာ ကွဲထွက်သွားပါလိမ့်မည်။

ယင်းခံစားချက်၏ အခြေခံမှာ သူ့ဘာသာထင်ရှားမြင်သာသည်မဟုတ်ပေ။ အကြောင်းမှာ အမေရိကန်နိုင်ငံမှာ ၂၀၀၇-၂၀၀၈  စီးပွားရေးအကျပ်အတည်းနောက် စီးပွားရေးအရ ကြည့်လျှင် အခြေအနေကောင်းနေသောကြောင့် ဖြစ်သည်။ စီးပွားရေးအ ကျပ်အတည်းနောက်ပိုင်း အလုပ်အကိုင်နေရာ ကိုးသန်းကျော် ဖန်တီးခဲ့သည်။ငွေကြေးအတိုးနှုန်းနည်းသည်။ (ယင်းအတွက် အိမ်နှင့်ကားများအတွက် ချေးငွေထုတ်ရန် တတ်နိုင်လာကြသည်) ဓာတ်ဆီဈေးနှုန်းကျဆင်းမှုမှာလည်း သာမန်အမေရိကန်မိသားစုတစ်စုအတွက် အခွန်ကန်ဒေါ်လာ ၇၀၀ လျှော့ချပေးလိုက်သော ပမာဏနှင့် ညီမျှနေသည်။ ထို့အပြင် စတော့ရှယ်ယာဈေးကွက်မှာလည်း လွန်ခဲ့သောခုနစ်နှစ်က အနိမ့်ဆုံးသို့ ကျဆင်းပြီးနောက်ပိုင်း ၂၀၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ယခင်က ကျန်းမာရေးအာမခံမရှိသော လူသန်းပေါင်းများစွာမှာလည်း ယခုအခါ ကျန်းမာရေး အာမခံရရှိသွားပြီဖြစ်သည်။
သို့သော်ငြားလည်း ထိုသို့ စီးပွားရေးသတင်းကောင်းများမှာ မိသားစုဝင်ငွေအမှန်တကယ်တိုးတက်မှု အားနည်းမှုနှင့် ဘဲစားဘဲချေဖြစ်သွားခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်း တွက်ချက်ပြီးသား စစ်မှန်သော မိသားစုဝင်ငွေတိုးတက်မှု တန့်နေသည်မှာ ၁၅ နှစ်ရှိပြီဖြစ်သည်။ အချိန်ပြည့်အလုပ်နှင့် အမေရိကန်နိုင်ငံသား ရာခိုင်နှုန်းမှာ လွန်ခဲ့သော ခုနစ်နှစ်က အနေအထားသို့ ပြန်မရောက်သေးပေ။ ၎င်းတို့အနက်အများအပြားမှာ နိုင်ငံရပ်ခြားမှ ယှဉ်ပြိုင်မှု နည်းပညာသစ်များနှင့် ပြင်ပသို့ အလုပ်အပ်နှံလုပ်ကိုင်ခြင်း (Outso-urcing) ကြောင့် ၎င်းတို့၏ အလုပ်အကိုင်များ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြပါသည်။
အမေရိကန်နိုင်ငံသားအများအပြားပို၍ အသက်ရှည်ရှည်နေထိုင်လာကြရသည်။ သို့သော် ၎င်းတို့ ပင်စင်ယူပြီး အသက်အရွယ်ကြီးရင့်ချိန်အထိ နေထိုင်နိုင်ရန် လိုအပ်သော ငွေကြေးများ မစုဆောင်းနိုင်ဖြစ်လာသဖြင့် စိုးရိမ်ပူပန်နေကြသည်။ အချို့မှာ အို ဘားမားအစိုးရလက်ထက် ပြဋ္ဌာန်းလိုက်သော ဥပဒေကြောင့် ယခင် က ၎င်းတို့ရှောင်လွှဲခဲ့သော ကျန်းမာရေးအာမခံပရီမီယံကြေးများ ထည့်သွင်းနေကြရသည်။
မညီမျှမှုဆိုသော အကြောင်းကိစ္စကလည်း ရှိနေသည်။ သို့သော်ပြဿနာမှာ မညီမျှမှုကိစ္စတစ်ခုတည်း မဟုတ်ပေ။ (မညီမျှမှုမှ ပိုဆိုးလာသော်လည်း အကြောင်းအရာသစ် မဟုတ်ပေ) အခွင့်အရေးနည်းပါးလာမှုဖြစ်သည်။ အမေရိကန်အိပ်မက်နေရာ၌ လူတန်းစားခွဲခြားမှု ၀င်ရောက်လာသည်။ မည်သူမဆို အလုပ်ကြိုးစားလုပ်ကိုင်မှုဖြင့် မိမိ၏ အခြေအနေကို တိုးတက်အောင်လုပ်နိုင်သည်ဟူသော စံနှုန်းပေါ်တွင် တည်ထောင်ခဲ့သော နိုင်ငံတစ်နိုင်ငံအတွက် သိမ်မွေ့နူးညံ့သော အပြောင်းအလဲတစ်ခုဖြစ်သည်။
သို့သော်စိုးရိမ်ပူပန်မှုများနှင့် အမျက်ဒေါသတို့မှာ စီးပွားရေး ပကတိအခြေအနေနှင့် စိုးရိမ်ပူပန်မှုများကို ဖောက်ထွင်းစီးဆင်းသွားသည်။ စိတ်ပိုင်းဆိုင်ရာမဟုတ်သော ကိုယ်ပိုင်းဆိုင်ရာမလုံခြုံမှုကလည်း ရှိနေသည်။ ယင်းမှာ ရာဇဝတ်မှုအကြမ်းဖက်ဝါဒအပေါ် ကြောက်ရွံ့မှုလည်း ဖြစ်နိုင်ပါသည်။လူ့အဖွဲ့အစည်းနှင့် နိုင်ငံအများအပြားမှာကဲ့သို့ပင် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်း၏ လားရာအပေါ် စိုးရိမ်ပူပန်မှုများလည်း ရှိနေပါသည်။
ခေတ်သစ်မီဒီယာများကလည်း အရှိတရားကို ချဲ့ကားပုံဖော်တတ်သည်။ ကျွန်ုပ်တို့၏ခေတ်မှာ ကျယ်ပြန့်စွာ အသံလွှင့်ခြင်း (Broadcasting) မဟုတ်မူဘဲ ကျဉ်းမြောင်းစွာ အသံလွှင့်ခြင်း (Narrowcasting) ခေတ်ဖြစ်သည်။ လူအများအပြားက ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၀ါဒတို့ကို အားဖြည့်ခိုင်မာစေသော ဝက်ဘ်ဆိုက်များနှင့် ကေဘယ်ရုပ်သံလိုင်းများကို ပိုမိုကြည့်ရှုလာကြသည်။
ယခုအကြောင်းအရာအများစုမှာ စိတ်ချလက်ချဖြစ်စရာ မရှိသလောက်ရှိသည်။ အမေရိကန်နိုင်ငံ၏ ခံစားချက်မှာ ရွေးကောက်ပွဲ မဲဆွယ်ပွဲကို ဖြတ်သန်းသွားပြီး အစိုးရသစ်နှင့် လွှတ်တော်အတွက်စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လာပါလိမ့်မည်။ ဒီမိုကရက်တစ်နှင့် ရီပက်ဘလေကန်ပါတီတွင်း နှစ်ခြမ်းကွဲမှုများနှင့် ပါတီနှစ်ခုအကြား ကွဲပြားခြားနားမှုများကြောင့် နိုင်ငံကိုအုပ်ချုပ်နိုင်ရန် လိုအပ်သော အပေးအယူလုပ် ညှိနှိုင်းမှုနှင့် မဟာမိတ်ဖွဲ့ခြင်းများ လုပ်ဆောင်ရေး မဖြစ်နိုင်သလောက်ပင် ဖြစ်ပါသည်။
ပင်စင်ကိစ္စစိုးရိမ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်အပေါ် စိုးရိမ်ပူပန်မှုများကြောင့်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် ပိုမိုခက်ခဲပါလိမ့်မည်။ လွတ်လပ်စွာ ကုန်သွယ်ရေး (Free Trade) မှာလည်း အလုပ်အကိုင်ဆုံးရှုံးမှုများအတွက် အပြစ်တင်ခံနေရပြီး ထောက်ခံမှုကျဆင်းလာသည်။ Free Trade ကြောင့်ပင် အလုပ်အကိုင်သစ်များ ဖန်တီးနိုင်ခြင်းနှင့် စားသုံးသူ ရွေးချယ်စရာ ပိုများလာခြင်းမှာ အမှန်ပင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း အမေရိကန်၏ မဟာဗျူဟာရပ်တည်ချက်ကို ပိုမိုခိုင်မာလာစေသော်လည်း ထောက်ခံမှုလျော့လာခြင်းဖြစ်သည်။ အချိန်ကြာမြင့်စွာကပင် အမေရိကန်၏ အစဉ်အလာတစ်ခုဖြစ်ပြီး လူတော်လူကောင်းများစွာ ရရှိခဲ့ရာ ရင်းမြစ်ဖြစ်သော လူဝင်မှုကြီးကြပ်ရေးကိစ္စမှာလည်း အငြင်းပွားစရာ အလွန်များပြားနေပြီဖြစ်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ရန် အလားအလာအလွန်နည်းပါးသည်။

အမေရိကန်နိုင်ငံ၏ ခံစားချက်ကြောင့် ပြည်တွင်းရေးကိစ္စများတွင် အရာရှိများ၏ အာရုံစူးစိုက်မှု ပိုများလာစေပါလိမ့်မည်။ အီရတ်နှင့် အာဖဂန်နစ္စတန်တွင် အမေရိကန်၏ ကြားဝင်ဖြေရှင်းမှုများ၌ အောင်မြင်မှုထက် ပေးဆပ်ရမှုက ပိုများခဲ့သည်။ နိုင်ငံရပ်ခြား၌ အမေရိကန်အောင်မြင်မှုနှင့် စွမ်းဆောင်ရည်များကို နိုင်ငံသားအများအပြားက သံသယရှိလာကြသည်။လူတိုင်းနှင့်ဆိုင်သော ၀န်ထုပ်ဝန်ပိုးများကို မျှဝေတာဝန်ယူထမ်းဆောင်ခြင်းမရှိသော မဟာမိတ်များကိုလည်း အမေရိကန်နိုင်ငံသားများက စိတ်ပျက်နေကြသည်။ အစိုးရအနေဖြင့် ကမ္ဘာကြီးအပေါ် အာရုံစိုက်မှုလျှော့ချပြီး ပြည်တွင်း၌ဖြစ်ပေါ်နေသော မှားယွင်းမှုများကို ပြင်ဆင်စေလိုကြသည်။
အခြားနိုင်ငံမှ လူအချို့က ယခုရေးသမျှကို ကျေနပ်အားရစွာ ဖတ်ရှုကြပါလိမ့်မည်။ သို့သော်လည်း အားလုံးခြုံကြည့်မည်ဆိုပါက ယင်းမှာ ကမ္ဘာကြီးအတွက် သတင်းကောင်းမဟုတ်ပါ။ နှစ်ခြမ်းကွဲပြားပြီး အာရုံများနေသော အမေရိကန်နိုင်ငံသည် အရှေ့အလယ်ပိုင်း၊ ဥရောပ၊ အာရှတွင် တည်ငြိမ်မှုထိန်းသိမ်းရေး (သို့မဟုတ်) ကမ္ဘာကြီး၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရေးအတွက် ဦးဆောင်ဦးရွက်ပြုရန် စိတ်အားထက်သန်မှု နည်းပါးသွားနိုင်သည်။ (သို့မဟုတ်) ဦးဆောင်နိုင်စွမ်း နည်းပါးသွားနိုင်ပါသည်။ အမေရိကန်၏ ဦးဆောင်မှုမရှိပါက ယင်းစိန်ခေါ်မှုများကို ရင်မဆိုင်နိုင်ရုံသာမက ပြဿနာများပင် ဖြစ်လာနိုင်သည်။ ပိုဆိုးပါက တာရှည်သော အကျပ်အတည်းများပင် ဖြစ်လာနိုင်ပါသည်။
Ref:The State of the U.S.

No comments:

Post a comment