Saturday 6 February 2016

သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာသို့ လည်ပတ်ကြသူများ သင်္ဘောပေါ်တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူး၍ အနားယူ အပန်းဖြေနိုင်ရန် MV 705 ကမ်းရိုးတန်းသွား ရေယာဉ်တစ်စင်းထားရှိ

သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာတွင် ထားရှိသည့် MV 705 ကမ်းရိုးတန်းသွား ရေယာဉ်ကို တွေ့ရစဉ်
သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာသို့ လာရောက်လည်ပတ်ကြသူများအတွက် သင်္ဘောပေါ်တွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးနိုင်ရန်နှင့် အပန်းဖြေ အနားယူနိုင်ရန်အတွက် MV 705 ကမ်းရိုးသွား ရေယာဉ်တစ်စင်း ထားရှိထားကြောင်း သိရသည်။
“ဒီ MV 705 ကမ်းရိုးတန်းသွား ရေယာဉ်က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကမှ ဒီမှာသုံးဖို့အတွက်ဆိုပြီး ထားတာပေါ့။ ရောက်ရောက်ချင်း သုံးဖို့က အဆင်မပြေတော့ ပြန်ပြင်ဆင်ရတဲ့ အပိုင်းတွေရှိတယ်။ ဆေးသုတ်တာတွေ၊ အတွင်းပိုင်းတွေ နည်းနည်းပြန်ပြင်ဆင်ရတယ်။ အဓိကကတော့ ဒီတိုင်းရင်းသားကျေးရွာကို လာရောက်လည်ပတ်ကြတဲ့သူတွေ အနေနဲ့ ဒီသင်္ဘောပေါ်မှာ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ်။ မြစ်ပြင်ကြီးကိုလည်း မြင်ရတော့ အေးအေးဆေးဆေးလည်း အနားယူ အပန်းဖြေနိုင်မယ်ပေါ့။ နောက်ပြီး ဒီသင်္ဘောပေါ်မှာ ငါးဖမ်းရေယာဉ်တွေနဲ့ ပတ်သက်ပြီး လေ့လာလို့ရအောင် ပြခန်းလည်း လုပ်နေတယ်။ ပြခန်းမှာက ဓာတ်ပုံတွေပြသထားမယ်။ အခုလည်း နည်းနည်းပါးပါးတော့ ပုံတွေထားထားတယ်။ သိပ်တော့ မစုံသေးဘူးပေါ့။ နောက်ပိုင်းမှာ ပိုပြီးပြည့်ပြည့်စုံစုံလေးဖြစ်အောင် လုပ်သွားမှာပါ” ဟု တိုင်းရင်းသားကျေးရွာမှ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ကိုဝင်းမြင့်က ပြောကြားသည်။

အဆိုပါ MV 705 သင်္ဘောပေါ်တွင် မည်သူမဆို လာရောက်လေ့လာ လည်ပတ်ရန် ဇန်န၀ါရီလကတည်းက စတင်ခွင့်ပြုခဲ့ပြီး အခမဲ့ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

“အခု ဒီသင်္ဘောကလည်း ပြင်ဆင်မှုတွေ လုပ်နေတုန်းဆိုတော့ လာလည်လို့ရတယ်ဆိုတာ သိတဲ့သူနည်းနေသေးတယ်။ ကျောင်းသားတွေဆိုရင်လည်း ဒီမှာသင်္ဘောနဲ့ ပတ်သက်ပြီး စက်ပိုင်းဆိုင်ရာတွေကို ဘယ်လိုမျိုး ရှိတယ်ဆိုတာကို လာရောက်လေ့လာ ကြည့်ရှုကြတာမျိုးရှိတယ်။ အများစုကတော့ ဒီပေါ်မှာ အမှတ်တရဓာတ်ပုံတွေ လာရိုက်ကြတာပေါ့။ နောက်ပိုင်းမှာ မာလိန်မှူးရုပ်တုတွေ၊ တိုက်တန်းနစ်ပုံ ရုပ်တုမျိုးလေးတွေလည်း ထားရှိဖို့စီစဉ်ထားတယ်။ သင်္ဘောပေါ် မတက်ခင် ဘေးပတ်လည်မှာလည်း အနားယူ အပန်းဖြေစရာ သစ်ပင်လေးတွေ၊ ခုံတန်းလေးတွေ၊ လျှောက်လမ်းလေးတွေ အဲဒီလိုမျိုး လုပ်ထားပါတယ်” ဟု တိုင်းရင်းသားကျေးရွာမှ ဦးဇော်မိုးက ပြောကြားသည်။

အဆိုပါ MV 705 ကမ်းရိုးတန်းသွား ရေယာဉ်မှာ အလျား ၁၄၄ ပေရှိပြီး အမြင့် ၁၉ ပေခြောက်လက်မရှိကြောင်း သိရသည်။ အဆိုပါ သဘောင်္ပေါ်တွင် သင်္ဘောသား အခန်းများ၊ သင်္ဘောနောက်ဖေးခန်းပိုင်း၊ ပြခန်း၊ စက်ပိုင်းဆိုင်ရာအခန်း စသဖြင့် ဖွဲ့စည်းထားပြီး မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

တိုင်းရင်းသားကျေးရွာ၌ တိုင်းရင်းသားတို့၏ ဓလေ့ရိုးရာအိမ်များ၊ အသုံးအဆောင်များအပြင် တိုင်းရင်းသားပေါင်းစုံတို့၏ ၀တ်စားဆင်ယင်မှုများကိုလည်း လေ့လာနိုင်မည့် နေရာတစ်ခုဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တွင် တိုင်းရင်းသား ရိုးရာအကနှင့် ဖျော်ဖြေပွဲများ အခမဲ့ ကျင်းပလျက်ရှိကြောင်း သိရသည်။

Writer: သဲသီရိကျော်၊ နှင်းဝေေ၀နွယ်
Eleven Media Group

No comments:

Post a Comment