Saturday 6 February 2016

သားသမီး မရနိုင်သည့် အိမ်ထောင်သည် ဇနီးမောင်နှံများအတွက် သားသမီးရရှိရန် ကုသပေးမည့် နိုင်ငံတကာ အဆင့်မီ Fertility Centre ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် ပထမဦးဆုံး စတင်ဖွင့်လှစ်

ဗဟိုအမျိုးသမီး ဆေးရုံကြီးဝင်းအတွင်း ဖွင့်လှစ်ထားသည့် Fertility Centre ကိုဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
သားသမီး မရနိုင်သည့် အိမ်ထောင်သည် ဇနီးမောင်နှံများအတွက် သားသမီးရရှိရန် ကုသပေးမည့် နိုင်ငံတကာအဆင့်မီ Fertility Centre ကိုရန်ကုန်မြို့၊ ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် ဖေဖော်ဝါရီ ၅ ရက်တွင် ပထမဆုံး စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“ဒီလိုစင်တာ ဖွင့်ဖို့အတွက် လွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက စပြီးစီစဉ်ခဲ့တာ ဖြစ်ပါတယ်။ သားသမီးရရှိဖို့ ခက်ခဲနေတဲ့ စုံတွဲတွေကို သားသမီးရရှိအောင် လုပ်ဆောင်ပေးဖို့ နိုင်ငံတကာအဆင့် စက်ပစ္စည်းတွေ တပ်ဆင်လုပ်ဆောင်ပေးမယ့်စင်တာ ဖြစ်ပါတယ်။ ပြည်သူ့ဆေးရုံ တစ်ခုအနေနဲ့ ဒီလိုစင်တာဖွင့်လှစ်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး အရင်က ဒီဆေးရုံကြီးမှာ သားသမီးမရရှိတဲ့ စုံတွဲတွေကို သားသမီးရအောင် ဆေးရုံရဲ့ ပြင်ပလူနာဌာနမှာ ဖွင့်လှစ်ပြီး ဆရာဝန်တွေက ဆေးဝါးနဲ့ ကုသပေးတာတွေ ရှိပါတယ်။ ဒီလိုကုသမှုတွေကလည်း ပြင်ပလူနာဌာန တစ်ခုအနေနဲ့ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ သားသမီးမရသေးတဲ့ စုံတွဲတွေ အနေနဲ့ကလည်း စင်တာကို တိုက်ရိုက်သွားစရာ မလိုသေးပါဘူး။ ပြင်ပလူနာဌာနမှာ ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ အကြောင်းရင်းကို စစ်ဆေးကုသမှု ခံယူရပြီး ဆေးဝါးနဲ့မရမှသာလျှင် ဒီစင်တာမှာ ဆက်လက်ပြီး ကုသပေးမှာ ဖြစ်ပါတယ်” ဟု ဗဟိုအမျိုးသမီး ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာပပက ပြောကြားသည်။

သားဖွားမီးယပ် ရောဂါများနှင့် ပတ်သက်သည့် ကျန်းမာရေးပြဿနာများအနက် သားသမီးရရှိရန် ခက်ခဲခြင်း (Subfertility) သည်လည်း ပြဿနာတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် သားသမီးရရန် ခက်ခဲသူ လူနာများ၏ ကျန်းမာရေး ပြဿနာနှင့် ပတ်သက်၍ အဖြေရှာ ဆွေးနွေးပေးနိုင်မည့် Fertility Centre မရှိခြင်းကြောင့် ငွေကြေးများစွာ အကုန်ကျခံကာ ပြည်ပနိုင်ငံများသို့ သွားရောက်ကုသနေရခြင်းကြောင့် ငွေကြေးယိုစိမ့်မှုများ ဖြစ်ပေါ်နေကြောင်းနှင့် ယင်းစင်တာကို ငွေကျပ် ၁၃၇၅ သိန်း အကုန်အကျခံ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

“ဒီဝန်ဆောင်မှုက အခြေခံကျန်းမာရေး စောင့်ရှောက်မှု မဟုတ်တဲ့အတွက် အခကြေးငွေ တစ်စုံတစ်ရာ သတ်မှတ်ပြီး လုပ်ဆောင်သွားမှာပါ။ အပြင်မှာ ဒီလိုဝန်ဆောင်မှုမျိုးဆိုရင် သိန်းပေါင်း ၁၀၀ နီးပါးလောက် ကုန်ပါတယ်။ သို့သော်လည်း အခုစင်တာက နိုင်ငံတော်ပံ့ပိုးမှုနဲ့ လုပ်တာဖြစ်တဲ့အတွက် အပြင်ထက်နည်းတဲ့ အခကြေးငွေနဲ့ ဆောင်ရွက်မှာပါ” ဟု ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာပပက ဆက်လက်ပြောကြားသည်။

င်္Fertility Centre ထူထောင်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်တွင် သားဖွားမီးယပ် အထူးကု ဆရာဝန်တစ်ဦးအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့Siriraj ဆေးရုံကြီး၌ Physician Exchange Program ဖြင့် Assisted Reproduction Clinical Training သို့လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် သားဖွားမီးယပ် အထူးကု ဆရာဝန်နှစ်ဦးအား တရုတ်နိုင်ငံ၊ ဟိုင်ကုမြို့ ဟိုင်နန်တက္ကသိုလ်တွင် Assisted Reproduction နှင့် Stem Cell Research သင်တန်းသို့လည်းကောင်း၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်-၂ (ဓာတ်ခွဲ) နှစ်ဦးအား စင်ကာပူနိုင်ငံ၊ National University Hospital ၌ Embryologist သင်တန်းသို့ လည်းကောင်း ပညာတော်သင် စေလွှတ်သင်ကြားပေးခဲ့ကြောင်းလည်း သိရသည်။

၂၀၁၃ ခုနှစ်တွင် သင်တန်း အောင်မြင်ပြီးသည့် သားဖွားမီးယပ် အထူးကုဆရာဝန်ကို အထူးကုဆရာဝန် (မျိုးဆက်ပွား) ရာထူးဖြင့် စတင်ခန့်အပ်ထားကြောင်း၊ စင်တာကို ကြီးကြပ်ကွပ်ကဲရန် ပါမောက္ခတစ်ဦးအား တာဝန်ခံ/ဌာနမှူး အနေဖြင့် တာဝန်ပေးအပ်ထားပြီး နောက်ပိုင်းတွင် သီးသန့်ဌာနတစ်ခုအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ရန် ဆက်လက်စီစဉ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Writer: အိသဉ္ဇာကျော်
Eleven Media Group

No comments:

Post a Comment