Monday 15 February 2016

လာမည့်လွှတ်တော်တွင် ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် ဥပဒေများကိုဖျက်သိမ်းရန် ကြိုးစားသင့်ဟု ဦးကိုကိုကြီးဆို

လာမည့်လွှတ်တော်များတွင် တာဝန်ထမ်းဆောင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့်
ဥပဒေများကို ဖျက်သိမ်းနိုင်ရန် ကြိုးပမ်းသင့်သည်ဟု ၈၈မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း ခေါင်းဆောင် ဦးကိုကိုကြီးက တိုက်တွန်းပြောကြားသည်။
ရန်ကုန်မြို့၊နတ်မောက်လမ်းရှိ ချက်ထရီယံ ဟိုတယ်တွင် ဖေဖော်ဝါရီလ ၁၄ရက်က ပြုလုပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့(MCERP) လုပ်ငန်းစဉ်များ မိတ်ဆက်ပွဲတွင် ၄င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“လာမယ့်လွှတ်တော်က လူထုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ လူထုရဲ့အခွင့်အရေးတွေကို တားဆီးပိတ်ပင်ထားတဲ့ ဥပဒေမျိုးဆိုရင် ဖျက်ဖို့ ကြိုးစားသင့်တယ်။ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ သာမန်ဥပဒေတွေက ငါးဆယ်ရာခိုင်နှုန်းကျော်ရင် ပြင်တာ၊ ဖျက်တာ၊ အသစ်ရေးတာ လုပ်လို့ရတယ်။ အဲ့ဒီအခွင့်အလမ်းကို မိမိရရ အသုံးချစေချင်တယ်”ဟု ၄င်းကဆိုသည်။
ထို့အပြင် ပြီးခဲ့သည့်လွှတ်တော် ငါးနှစ်သက်တမ်းအတွင်း အများပြည်သူ အကျိုးရှိမည့်ဥပဒေများကို ပြဋ္ဌာန်းနိုင်ခဲ့သော်လည်း ပြည်သူလူထု အကျိုးမပြုသည့်ဥပဒေများစွာ ပြင်ဆင်ရန် ကျန်နေသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က မှတ်ချက်ပေး ပြောကြားသည်။
“ဒါတွေကိုပြင်ဖို့ ဥပဒေပြုအာဏာကျင့်သုံးတဲ့လွှတ်တော်မှာ တာဝန်ရှိတယ်။ အသစ်ရေးဖို့ပဲ တာဝန်ရှိတာ မဟုတ်ဘူး။ ဒီလိုမျိုး ပြည်သူအကျိုးပြုဖို့ လုပ်တဲ့သူတွေကို နှိပ်ကွပ်တဲ့ ပုဒ်မ ၅(ည)တို့ အရေးပေါ်စီမံခန့်ခွဲမှု ဥပဒေတို့ ဒီလိုမျိုးက လိုတော့လိုတယ်။ ဒါပေမဲ့ နည်းနည်းလေးပြင်းထန် နေသေးတယ်။ ထစ်ခနဲရှိ ပုဒ်မ
၅(ည)နဲ့ ဖမ်းလိုက် ထောင်ချလိုက်၊ ပုဒ်မ ၁၈နဲ့ဖမ်းလိုက် ထောင်ချလိုက်။ သူလုပ်တဲ့ ရည်ရွယ်ချက်ကို ကြည့်ရမယ်။ သူ့အကျိုးအတွက်လား။ ပြည်သူအတွက်လား ကြည့်ရမယ်။ အစိုးရကို ထိခိုက်တိုင်း အရေးယူလို့မရဘူး။ ဒါတွေကို ပြင်ဖို့လိုတယ်”ဟု ၄င်းကဆိုသည်။
ပထမအကြိမ်လွှတ်တော်တွင် ဥပဒေပေါင်း ၂၂၉ခုကို အတည်ပြုနိုင်ခဲ့ပြီး ရုပ်သိမ်းသည့် ဥပဒေ ၁၇ခု၊ ပြင်ဆင်သည့် ဥပဒေ ၁ဝ၃ခုနှင့် အသစ်ပြဋ္ဌာန်း သည့် ဥပဒေပေါင်း ၁ဝ၉ခုရှိခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးရွှေမန်းက ပထမအကြိမ်အစည်းအဝေးအပြီး
နှုတ်ဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောဆိုထားသည်။
The Voice Weekly

No comments:

Post a Comment