Monday 15 February 2016

မြန်မာ-တရုတ် နယ်စပ်ဒေသ ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးသည့် ကျေးရွာ ၃၃ ရွာ အိမ်ထောင်စု ၁၃၀၀ ကျော် ရှိနေ

၂၀၁၆ ခုနှစ်တွင် ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသ၌ ဘိန်းစိုက်ပျိုးသည့် ကျေးရွာပေါင်း ၃၃ ရွာ၊ အိမ်ထောင်စု ၁၃၀၀ ကျော် ရှိနေကြောင်း အစိုးရ မှတ်တမ်းများအရ သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင်အတွင်းရှိ ကန်ပိုက်တည်၊ ဆဒုံး၊ ချီဖွေဒေသများတွင် ကျေးရွာပေါင်း ၃၃ ရွာ၊ အိမ်ထောင်စုပေါင်း ၁၃၇၉ စု၊ လူဦးရေ ၅၉၅၄ ဦးမှာ ဘိန်းစိုက်ပျိုးသည့် ကျေးရွာများဖြစ်သည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေး ၀န်ကြီးဖြစ်သူ ဒေါ်ဘောက်ဂျာက"ချီဖွေ၊ ဆဒုံး၊ ကန်ပိုင်တည် ဒေသမှာ ဘိန်းစိုက်ပျိုးနေတဲ့ ကျေးရွာတွေက ၃၃ ရွာ ရှိတယ်။ အိမ်ခြေက ၁၂၇၆ အိမ်၊ အိမ်ထောင်စု ၁၃၇၉ စု၊ လူဦးရေက ၅၉၅၄ ဦးဆိုပြီး တစ်နေ့က ကက်ဘိနက် အစည်းအဝေးမှာ တင်တယ်။ အဲဒီဘက်က ကျေးရွာတွေမှာ စာသင်ကျောင်းတွေ မရှိဘူးဆိုတာ သူတို့က ဘိန်းရာသီမှာပဲ သွားနေကြတယ်။ ရာသီကုန်တာနဲ့ တစ်နေရာ ရောက်သွားတယ်။ အဲဒီလိုတွေပဲ ကြားနေတယ်။ လုံခြုံရေးအရ ကွင်းတော့ မဆင်းရသေးဘူးပေါ့။ လောလောဆယ် ထောက်ပံ့ဖို့ ဆန်အိတ် ၂၀၀ ပို့ထားပြီးပြီ။ လောက်ငမှုတော့ မရှိနိုင်ဘူး။ ရေရှည်အစီအစဉ် အတွက် NGOs၊ INGOs တွေနဲ့ ဆွေးနွေးတယ်။ သူတို့ဘက်က လုပ်ငန်းစဉ် အဆင့်ဆင့်ကို တင်ရတော့ ကြာဦးမယ်" ဟု ပြောကြားသည်။
ကချင်ပြည်နယ်တွင် ဘိန်းခင်း ဖျက်ဆီးရေး လုပ်ငန်းများကို အစိုးရ အဖွဲ့နှင့် အရပ်ဘက် အဖွဲ့ဖြစ်သည့် ကချင်လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များမှ ပူးပေါင်း တိုက်ဖျက်မှုများ ပြုလုပ်နေပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက် နောက်ဆုံး စာရင်းအရ ဘိန်းခင်း ၃၂၅၅ ဒသမ ၅၆ ဧက ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် အတွင်းရှိ တရုတ်နယ်စပ်မှ ဘိန်းစိုက်တောင်သူများနှင့် ကချင်ပြည်နယ် နယ်/လုံဝန်ကြီး၊ ပြည်နယ် ရဲမှူးကြီးတို့ ဖေဖော်ဝါရီ ၆ ရက်က ကန်ပိုက်တည် မြို့နယ်ခွဲ မော်စီတုံး ကျေးရွာတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကချင်ပြည်နယ် အစိုးရ အဖွဲ့က တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ်နှုန်း ထောက်ပံ့ရန် ဆန်အိတ်နှစ်ရာကို ဖေဖော်ဝါရီ ၇ ရက်က ပေးပို့ထားပြီး ဘိန်းခင်းစစ်ဆင်ရေးတွင် ဦးစီးနေသည့် တပ်မတော် ဗျူဟာမှူးနှင့် ကန်ပိုက်တည် အုပ်ချုပ်ရေးမှူးတို့၏ စီမံချက်ဖြင့် ဝေငှမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ဘိန်းစိုက်ဧကမှာ တစ်နှစ်ထက်တစ်နှစ် ဖျက်ဆီးနိုင်မှု များခဲ့ပြီး အစိုးရစာရင်းများအရ ယင်းဒေသများအတွင်း ၂၀၁၅-၂၀၁၆ ခုနှစ် ဘိန်းစိုက်ရာသီတွင် ဖေဖော်ဝါရီ ၉ ရက်အထိ ၃၂၅၅ ဒသမ ၅၆ ဧက၊ ၂၀၁၄-၂၀၁၅ ဘိန်းစိုက်ရာသီတွင် ၁၃၂၂ ဧက၊ ၂၀၁၃ -၂၀၁၄ ဘိန်းစိုက်ရာသီက ၄၉၂ ဧက၊ ၂၀၁၂ ၂၀၁၃ ဘိန်းစိုက်ရာသီတွင် ၆၁၈ ဧက ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း မြို့နယ် ကိုးမြို့နယ်တွင် ဘိန်းစိုက်ပျိုးမှုများ ရှိနေပြီး ကန်ပိုက်တည်ဒေသ၊ ဆဒုံးဒေသ၊ တနိုင်းဒေသ၊ ဖားကန့်ဒေသ၊ ပန်ဝါဒေသ၊ ချီဖွေဒေသ၊ ဆွမ်ပရာဘွမ်ဒေသနှင့် ပူတာအိုခရိုင်တို့တွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
ဝေမိုးဒေသ မော်စီတုံး ကျေးရွာဝန်းကျင်မှ ဘိန်းစိုက်ခင်းများအား ဇန်န၀ါရီ ၉ ရက်က ဖျက်ဆီးနေသည်ကို တွေ့ရစဉ်
Eleven Media Group

1 comment: