Monday 15 February 2016

နောက်ထပ် ဂြိုဟ်တုများ ထပ်လွှတ်တင်ရေး ကြိုးစားရန် ပညာရှင်များကို ကင်မ်ဂျုံအန်း တိုက်တွန်း

ကမ္ဘာပတ်လမ်း အတွင်းသို့ နောက်ထပ် ဂြိုဟ်တုများ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ရေး ကြိုးစားကြရန် နိုင်ငံ၏ သိပ္ပံပညာရှင်များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ဆော်ဩ တောင်းဆိုလိုက်သည်။
ဖေဖော်ဝါရီ ၇ ရက်တွင် မြောက်ကိုရီးယားသည် ဒုံးကျည်တစ်စင်းနှင့် တွဲဖက်ပြီး ဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ်လမ်းထဲ အောင်မြင်စွာ လွှတ်တင်ခဲ့သည်။ မြောက်ကိုရီးယားက မိမိတို့သည် သိပ္ပံပညာ ထွန်းကားရေးအတွက် ရည်ရွယ်ပြီး ဆက်သွယ်ရေး ဂြိုဟ်တုတစ်လုံး လွှတ်တင်ခဲ့ခြင်းဟု အကြောင်းပြသော်လည်း အမေရိကန်၊ တောင်ကိုရီးယားတို့ အပါအဝင် နိုင်ငံအများစုက ရန်လိုသော စရိုက်သဘာဝရှိသည့် ကွန်မြူနစ် နိုင်ငံ၏ တာဝေးပစ်ဒုံးကျည် နည်းပညာ စမ်းသပ်ချက် တစ်ရပ်အဖြစ် အခိုင်အမာ ယူဆနေကြသည်။

ယခုအခါ ကင်မ်က နောက်ထပ် အလားတူ ဂြိုဟ်တုများ လွှတ်တင်ရေး အားထည့် ကြိုးစားရန် နိုင်ငံ၏ ဒုံးကျည်ပညာရှင်များကို တောင်းဆို တိုက်တွန်းလာခြင်း ဖြစ်သည်။ ထို့အပြင် ဒုံးကျည် နည်းပညာ မြှင့်တင်ရေးနှင့် စပ်လျဉ်း၍လည်း “အခုဆို ရန်သူနိုင်ငံတွေက ကျုပ်တို့ကို ပိုပြီး သွေးဆာတဲ့ မျက်လုံးမျိုးနဲ့ စောင့်ကြည့်လာပြီ။ လက်ရှိ ကာလဟာ ရှုပ်ထွေးခက်ခဲတဲ့ အချိန်မျိုးပဲ”ဟုလည်း ကင်မ်က ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

ကင်မ်သည် ဖေဖော်ဝါရီ ၇ ရက် ဒုံးပျံလွှတ်တင်မှုနှင့် စပ်လျဉ်းပြီး ပါဝင်လုပ်ဆောင်ခဲ့သော သိပ္ပံပညာရှင်များ၊ နည်းပညာ ကျွမ်းကျင်သူများနှင့် တာဝန်ရှိသူများကို ဂုဏ်ပြုညစာစားပွဲ တစ်ရပ်ဖြင့် တည်ခင်း ဧည့်ခံစဉ် ယခုလို ပြောဆိုခဲ့ခြင်းဟု သိရှိရသည်။ နိုင်ငံတကာ အသိုက်အဝန်းကမူ မြောက်ကိုရီးယား၏ ဂြိုဟ်တု လွှတ်တင်မှုသည် တိုက်ချင်းပစ် ဒုံးကျည် နည်းပညာ နောက်တစ်ဆင့် မြှင့်တင်လာမှုဟု ယူဆကြသည်။

KCNAက “ခေါင်းဆောင်ကြီး အနေနဲ့ ဒီလုပ်ဆောင်မှုဟာ အောင်ပွဲတစ်ရပ်လို့ ယူဆတယ်။ အဲဒီထက် ပိုကြီးမားတဲ့ ရည်မှန်းချက်တွေ ထားရှိပြီး ပစ်မှတ်အတိုင်း အကောင်အထည်ဖော် ကြိုးစားဖို့၊ နောက်ထပ် ဂြိုဟ်တုအသစ်တွေ လွှတ်တင်ဖို့လည်း ခေါင်းဆောင်ကြီးက တိုက်တွန်းသွားပါတယ်”ဟု ဖော်ပြခဲ့သည်။

လတ်တလောတွင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ဦးဆောင်ကာ မြောက်ကိုရီးယားအပေါ် ပိုမိုတင်းကျပ်စွာ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အရေးဆိုထားကြောင်းလည်း သတင်းရရှိသည်။

Ref: CNA

No comments:

Post a Comment