Friday 8 January 2016

မြောက်ကိုရီးယား၏ ဗုံးစမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် နယ်စပ်ရှိ စပီကာများကို တောင်ကိုရီးယားပြန်ဖွင့်

မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုကို တုံ့ပြန်ကန့်ကွက်သည့်အနေဖြင့် နယ်စပ်အနီးရှိ စပီကာများကို တောင်ကိုရီးယားစစ်တပ်က ပြန်ဖွင့်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၈ ရက်မှစ၍ စပီကာများကို ပြန်ဖွင့်ခဲ့သလို မြောက်ကိုရီးယားက တိုက်ခိုက်လာနိုင်သည့် အခြေအနေကို တုံ့ပြန်ရန်အတွက် စပီကာများ အနီးတွင်လုံး စစ်သည်အင်အားကို တိုးမြှင့်ထားလိုက်ကြောင်း တောင်ကိုရီးယား စစ်တပ်က ဆိုသည်။
နယ်စပ်အနီးတွင် ရှိနေသည့် တောင်ကိုရီးယား စပီကာများကို မြောက်ကိုရီးယား အစိုးရက အလွန်မုန်းတီးသည်။ အဆိုပါ စပီကာများက K-Pop သီချင်းများ၊ မြောက်ကိုရီးယားဆန့်ကျင်ရေး လှုံ့ဆော်မှုများကို ထုတ်လွှင့်ဝါဒဖြန့်လေ့ ရှိသည်။

မြောက်ကိုရီးယားအစိုးရက ဇန်နဝါရီ ၆ ရက်တွင် ဟိုက်ဒရိုဂျင်ဗုံးတစ်လုံး အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် တောင်ကိုရီးယားက လအတန်ကြာ ပိတ်ထားသည့် စပီကာများကို ပြန်ဖွင့်ခဲ့ခြင်း ဖြစ်သည်။ နယ်စပ်၌ စပီကာများဖွင့်ထားသည့် ဝါဒဖြန့်မှုသည် အတန်ငယ်ရယ်စရာ ဖြစ်နေသော်လည်း အလွန်ထိရောက်မှုရှိကြောင်း မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူများက ဆိုသည်။

ပြီးခဲ့သည့်နှစ်က နှစ်နိုင်ငံနယ်စပ်အရေး တင်းမာမှုများ မြင့်တက်လာချိန်တွင် တောင်ကိုရီးယားက စပီကာများဖွင့်ခဲ့ရာ မြောက်ကိုရီးယားက စပီကာတစ်လုံးကို လက်နက်ကြီးဖြင့် လှမ်းပစ်ရာမှ နှစ်နိုင်ငံကြား ပြဿနာများ ကြီးထွားခဲ့သေးသည်။ ထိုစဉ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ၎င်း၏ တပ်များကို စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားရန် တပ်လှန့်သည်အထိ ဖြစ်ခဲ့သည်။ သို့သော်လည်း ဩဂုတ်လတွင် နှစ်နိုင်ငံငြိမ်းချမ်းရေး ညှိနှိုင်းပြီးနောက် တောင်ကိုရီးယားက စပီကာများကို ပြန်ပိတ်ပေးခဲ့သည်။

မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲသည့်အချိန်တွင် စစ်တပ်က စပီကာများ ပြန်ဖွင့်ခဲ့သလို လိုအပ်သည့် လုံခြုံရေးအဆင့် မြှင့်တင်မှုများကိုပါ နိုးနိုးကြားကြား ပြုလုပ်ထားကြောင်း တောင်ကိုရီးယားပိုင် ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ကိုရီးယား နှစ်နိုင်ငံသည် ၁၉၅၀ မှ ၁၉၅၃ ခုနှစ်ထိ ဖြစ်ပွားသည့် ကိုရီးယားကျွန်းဆွယ်စစ်ပွဲအပြီးတွင် အပစ်အခတ် ရပ်စဲထားသော်လည်း ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမှုမရှိခြင်းကြောင့် စည်းမျဉ်းများအရ လက်ရှိအချိန်ထိ စစ်ဖြစ်နေဆဲဟု မှတ်ယူနိုင်မည် ဖြစ်သည်။

Ref: CNA

No comments:

Post a Comment