Friday, 8 January 2016

ဥာဏ်ပညာ အလင်းပေးတဲ့ ဖောင်တော်ဦးကျောင်း

မင်းတုန်းမင်းကြီးကို ဘယ်လိုမြင်သလဲ။ ပြီးတော့ မဟောသဓကိုရော ဘယ်လိုမြင်သလဲလို့ ဖောင်တော်ဦးကျောင်း ဆရာတော် ဦးနာယကက စာသင်ခန်း အတွင်းမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို မေးခွန်း ထုတ်လိုက်ပါတယ်။

မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွား ရပ်ကွက် အတွင်းရှိတဲ့ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး တွဲဖက် အထက်တန်း ကျောင်းကြီးဟာ မရှိနွမ်းပါးသူတွေ အတွက် ပညာရင် နို့သောက်စို့ရာ၊ အခမဲ့ပညာ သင်ကြားပေးရာ ကျောင်းတော်ကြီး ဖြစ်ပါတယ်။ အဲဒီကျောင်းတော်ကြီးရဲ့ ကျောင်းအုပ် ဆရာတော် ဦးနာယကက အထက်ပါအတိုင်း မေးခွန်း ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။

''မင်းတုန်းမင်းကြီး အကြောင်းရေးပါဆို စာအုပ်ထဲက အလွတ် ကျက်ထားတဲ့ အကြောင်းအရာတွေကို ရေးကြလိမ့်မယ်။ မဟောသဓရဲ့သား တရားစီရင်ခန်း အကြောင်း ရေးပါဆို အလွတ် ကျက်ထားတဲ့ အကြောင်းအရာတွေကို ရေးကြလိမ့်မယ်။ ဘယ်လို မြင်ကြသလဲ ဆိုရင် ဘယ်လိုရေးကြ ဖြေကြမလဲ။ ဒါဦးနှောက် မုန်တိုင်း တိုက်လိုက်တဲ့ မေးခွန်းတစ်ခုပဲ။

မဟောသဓနဲ့ ပတ်သက်လို့ ကလေးတစ်ဦးက ဖြေတယ်။ မဟောသဓက ကတိမတည်ဘူးတဲ့။ အဲဒီကလေးကို အမှတ်ပြည့်ပေးခဲ့တယ်။ ဘာကြောင့်လဲ။ ဒါသဘာဝကျတဲ့ တွေးခေါ်မှုပဲ။ ဦးပဉ္စင်းတို့ ကျောင်းရဲ့ သင်ကြားရေး နည်းစနစ် ကသမားရိုးကျ အလွတ်ကျက် စာဖြေ စနစ်ကနေ တွေးခေါ်ကြံဆ သင်ကြားနည်းကို အဓိကထား သင်ကြားပေးတယ်။ ဒါမြန်မာပြည်မှာ သမားရိုးကျ ပညာရေး နည်းစနစ်ရဲ့ Evolution ပဲ လို့ ''ဦးနာယကက မိန့်လိုက်ပါတယ်။

ဆရာတော် ဦးနာယကကို ဧရာဝတီတိုင်း ဒေသကြီး အတွင်းက ရှားတော ကျွန်းရွာဆိုတဲ့ ရွာမှာ ၁၉၄၆ မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းသုံးဦး ရှိတဲ့အနက် ဆရာတော်က ဒုတိယမြောက် ဖြစ်ပြီး မိဘတွေက အဓိက အရောင်းအ၀ယ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လူ့ဘ၀ ငယ်နာမည်ကို မေးတော့ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ခဲ့ပြီး ဒါဟာလူ့ဘ၀ရဲ့ မေ့ကျန်ရစ်ခဲ့တဲ့ နာမည်တစ်ခုလို့ပဲ သဘောထားပါတယ်လို့ ရယ်ရယ်မောမော မိန့်ပါတယ်။

အသက်(၁၂) နှစ် အရွယ်မှာ ရှားတောကျေးရွာမှာရှိတဲ့ တာခွကျောင်း ဆရာတော် ဦးမေဓာဝီကို ဥပဇ္ဈယ်ပြုပြီး ရှင်သာမဏေ ၀တ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ လောကီ ပညာသင်ကြားရေး တို့ကို အဆုံးသတ်ခဲ့ပြီး လောကုတ္တရာ စာပေတွေကို လေ့လာသင်ကြားခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။

''မှတ်မှတ်ရရပေါ့။ တာခွကျောင်းမှာ စာသင်နေတုန်း ညောင်တုန်း စာသင်တိုက်က ပြန်လာတဲ့ ဆရာတော် တစ်ပါးထံမှာ ၀ိနည်းသင်ခဲ့တယ်။ တစ်ပတ်လောက် သင်ပြီးတော့ စာပြန်မေးတယ်။ အများကြီး မေးတယ်။ မဖြေနိုင်ဘူး။ အဲဒီလို မဖြေနိုင်တဲ့ အတွက် ထိုင်ပြီးတော့ ဆူတာ တစ်နာရီလောက်ကြာတယ်။ ဒါမှတ်မှတ်ရရပဲ'' လို့ ဆရာတော်က မိန့်ပါတယ်။

ဒီကိစ္စက ဒီမှာတင် ပြီးမသွားခဲ့။ ဦးနာယက အတွက် အဆူခံရတဲ့ စကားလုံးတွေထဲမှာ စိတ်ဒဏ်ရာရစရာ စကားလုံးတွေ ပါဝင်တယ်လို့ မိန့်ပါတယ်။

''သူ ဘာပြောသလဲ ဆိုတော့ မင်းတို့ စာမတတ်ဘူး။ စာသင်တိုက်ကို သွားမနေနဲ့တဲ့။ ဒါကတစ်ကြိမ် မဟုတ်ဘူး။ အကြိမ်ကြိမ် ပြောတာ။ အဲဒီမှာ စဉ်းစားမိတာက ငါစာမှတတ်မှ တတ်ပါမလားပေါ့။ သူပြောတဲ့ စကားက သိပ်ကြောက်စရာ ကောင်းတယ်''လို့ မိန့်ပါတယ်။

ဒီစကားရဲ့ ရလဒ်အဖြစ် ဆရာတော် ဦးနာယကဟာ လူထွက်ဖို့ရန် ကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ မိခင်ကြီးဖြစ်သူရဲ့ ဖျောင်းဖျမှုကြောင့် လူမထွက်ဖြစ်ခဲ့။ ရဟန်းဘ၀အဖြစ် ဆက်လက်ရှိခဲ့ပြီး နောင်ဖောင်တော် ဦးကျောင်းပညာ သင်ကြားရေးမှာ ဒီစိတ်ဒဏ်ရာတွေကို အကောင်းဆုံး အကျိုးရှိစွာ အသုံးချနိုင်ခဲ့ပါတယ်လို့ ဆရာတော်က မိန့်ပါတယ်။

''ဦးပဉ္စင်းကျောင်းမှာ ကလေးတွေကို မရိုက်ရဘူး၊ မဆူရဘူး၊ ရိုက်ရင် ကြီးမားသော ပြစ်ဒဏ်အဖြစ် သတ်မှတ်တယ်။ ဆရာမက ကလေးကို ရိုက်ပါတယ်လို့ မိဘကဖြစ်စေ၊ ကျောင်းသားက ဖြစ်စေ၊ အကြံပေး စာတိုက်ထဲကို ထည့်ရင်ဖြစ်စေ၊ စစ်ဆေးလို့ မှန်ရင် အဲဒီရိုက်တဲ့သူ တစ်လလစာမဲ့ နားရမယ်။ နှစ်ကြိမ်ဖြစ်ရင် သုံးလနားရမယ်။ သုံးကြိမ်ဖြစ်ရင် ကျောင်းက ထွက်ရမယ်။ ဒါကျောင်းရဲ့ ပေါ်လစီပဲ။ စည်းကမ်းပဲ'' လို့ သက်တော် (၆၉) နှစ်အရွယ် ဆရာတော်ကြီးက မိန့်ပါတယ်။

ရှားတောကျေးရွာ၊ တာခွကျောင်းမှာ လောကုတ္တရာစာပေ သင်ကြားနေရာမှ ၁၉၆၆ ခုနှစ်မှာ မြန်အောင်မြို့ပေါ်က သင်္ဂဇာကျောင်းဟောင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ယင်းမှ ဟင်္သာတမြို့၊ လယ်တီ ကျောင်းတိုက်ကို ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ဆရာတော် အတွက် လောကုတ္တရာ စာပေသင်ကြားခြင်း အဆုံးသတ်ပြီး လောကုတ္တရာ စာပေတွေ ပြန်လည် သင်ကြားရခြင်းရဲ့ အစဦးဖြစ်ခဲ့ပါတယ်။

''ဆွမ်းခံထွက်နေရင်းနဲ့ တစ်နေရာမှာ အထပ် သုံးထပ်ရှိတဲ့ ကရင် အထက်တန်းကျောင်းကြီးကို တွေ့ခဲ့တယ်။ မေးကြည့်တော့ ကရင်ခရစ်ယာန် ဘုန်းတော်ကြီးတွေ လုပ်ခဲ့တာလို့ သိရတယ်။ ဒီတော့ စိတ်ထဲမှာ ခံစားရာတာက ငါတို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဘာလို့ဒါမျိုး မလုပ်နိုင်ရတာလဲ ဆိုတဲ့ အတွေးပေါ်လာတယ်။ ငါတို့ဒါမျိုး လုပ်ချင်တယ်။ ခေတ်ပညာကို ပြန်သင်မှဖြစ်မယ်လို့ အတွေးဝင်ခဲ့တယ်။ အဲဒီမှာ လောကုတ္တရာ စာပေ သင်ကြားတာကို ရပ်ပြီးတော့ ၁၉၇၁ ခုနှစ်မှာ မန္တလေးကို လာခဲ့တယ်'' လို့ မိန့်ပါတယ်။

မန္တလေးမှာရှိတဲ့ မတ္တရာကျောင်းတိုက်မှာ ခေတ္တနေထိုင်ပြီး ပျော်ဘွယ်မြို့နယ်မှာရှိတဲ့ တောင်ညောင်ကုန်း ကျေးရွာ စာသင်ကျောင်းမှာ လောကီစာပေတွေ သင်ကြားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆရာတော် အသက်က (၂၀) ကျော်ပါပြီ။ နေရတဲ့ အတန်းက ပဉ္စမတန်းကနေ စပြီး ပညာသင်ကြားရပါတယ်လို့ ဆရာတော်က ရယ်လျက် မိန့်ပါတယ်။

တောင်ညောင်ကုန်း ကျောင်းမှာ နှစ်နှစ် ပညာသင်ကြားခဲ့ပြီးနောက် သတ္တမတန်း တက်မယ့် နှစ်မှာ မန္တလေးရှိ မတ္တရာကျောင်းတိုက်ကို ပြန်ရောက်ခဲ့ပါတယ်။ ယင်းနောက် အမှတ် (၅) ကျောင်းမှာ ပညာဆက် လက် သင်ကြားခဲ့ပြီး ၁၉၇၆-၇၇ မှာ ဒသမတန်း အောင်မြင်ခဲ့ပါတယ်။ ဓာတုဗေဒ အဓိကနဲ့ မန္တလေး တက္ကသိုလ်မှာ အဝေးသင် တက်ခဲ့ပြီး ၁၉၈၁ -၈၂ မှာ ဘွဲ့ရခဲ့ပါတယ်။

အဲဒီနောက် ၁၉၈၂ ခုနှစ်မှာ ဖောင်တော်ဦးကျောင်းကို ကျောင်းထိုင်အဖြစ် ရောက်ရှိခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။

''ဦးပဉ္စင်းတို့ ရောက်တဲ့အချိန်မှာ ဖောင်တော်ဦးကျောင်းက ဘာမှမရှိဘူး။ ဓမ္မာရုံပါမှ အဆောက်အအုံသုံးခုပဲ ရှိတယ်။ ဦးပဉ္စင်းတို့နေတဲ့ ကျောင်းက သွပ်မိုး၊ ပျဉ်ကာရှိသေးတယ်။ အခြားကျောင်း တစ်ကျောင်းဆိုရင် အမိုးက ကောက်ရိုးမိုးထားရတယ်'' လို့ မိန့်ပါတယ်။

မူလကတည်းက ဖောင်တော်ဦး ကျောင်းဟာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အဖြစ် ၁၉၆၅-၆၆ ခုနှစ်ထိ ဖွင့်ခဲ့ပြီး ဆရာတော် အဲဒီကျောင်းကို ရောက်တဲ့ ၁၉၈၂ ခုနှစ် ကာလများမှာတော့ ဖောင်တော်ဦး ကျောင်းက ဘ.က ကျောင်းအဖြစ် ဖွင့်ခွင့်မရတော့ပါဘူး။ သို့သော်လည်း ၁၉၉၃ ခုနှစ်မှာ ဘ.က ကျောင်းအဖြစ် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး၊ ကျောင်းသား ကျောင်းသူပေါင်း (၄၀၀) ကျော်လောက်ကို ပညာသင်ကြားပေးခဲ့ပါတယ်။

''ဒီကျောင်းက ရောက်ခါစ ဆောင်းညတွေမှာဆို စောင်ပါးလေး တစ်ထည်ခြုံပြီး အပေါ်က တာလပတ်ကြီး ခြုံပြီး အိပ်ခဲ့ရတယ်။ ၁၉၈၂ ကနေ ၁၉၉၉ ခုနှစ်ထိ ဒီတိုင်းသွားရတယ်။ ဆင်းရဲမွဲတေတဲ့ ကာလကြီးပေါ့။ စိတ်ဓာတ်ကျတိုင်း အနိုင်မခံ အရှုံးမပေးဆိုတဲ့ ကဗျာလေးလို အမြဲတမ်း ကြည့်ဖြစ်တယ်။ အားတင်းခဲ့တယ်'' လို့ ဆရာတော်က ပြန်မိန့်ပါတယ်။

ထိုသို့ စာပေများ သင်ကြားပေးခဲ့ရာမှ ၁၉၉၄ ခုနှစ်တွင် အလယ်တန်းကျောင်း အဆင့်၊ ၂၀၀၀ ခုနှစ်တွင် တွဲဖက် အထက်တန်းကျောင်း အဆင့် ဖြစ်ခဲ့တယ်လို့ ဆိုလိုပါတယ်။ အဲဒီ ၂၀၀၀ ပြည့်နှစ်မှာ ဂျပန်နိုင်ငံ ကမ္ဘာ့ ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ လှူဒါန်းငွေတို့နဲ့ သုံးထပ် ကျောင်းဆောင်ကြီးကို ဆောက်လုပ်နိုင်ခဲ့ပါတယ်။

၁၉၉၉ ခုနှစ်မှ စတင်၍ နိုင်ငံခြား တိုင်းပြည်များသို့ ပညာရေးနှင့် ပတ်သက်၍ လေ့လာရေး ခရီးစဉ်များကို သွားရောက်ခဲ့ပါတယ်။ ထိုင်း၊ အမေရိကန်၊ သြစတြေးလျ စတဲ့နိုင်ငံများမှ တက္ကသိုလ်တွေနဲ့ အထက်တန်းကျောင်းတွေကို သွားရောက် လေ့လာခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။

''၂၀၀၃ ခုနှစ်မှာ ဦးပဉ္စင်း အမေရိကက ကျောင်းတစ်ကျောင်းက ကလေးမလေး တစ်ဦးကို မေးတယ်။ လေးတန်းကျောင်းသူလေး။ ငါးနဲ့ ငါးမြှောက်ရင် ဘယ်လောက်ရလဲ မေးတော့ အဲဒီကလေးမလေးက လက်တွေ ခြေတွေချိုးတယ်။ အတော်ကြာတော့မှ နှစ်ဆယ့်ငါးလို့ ဖြေတယ်။ နောက်နှစ်ဆယ်ငါးကို ငါးနဲ့စားကြည့်လို့ ပြောတော့ သူမဒီလိုပဲ လက်ချိုးပြီးတော့ သူမ မတွက်တတ်ဘူးတဲ့။ အမေရိကန်တွေ စာတော်တယ် ပြောပြီးတော့ ဒါဘာဖြစ်တာလဲ့ပေါ့။ အဖြေမရခဲ့ဘူး'' လို့ ဆရာတော်က မိန့်ပါတယ်။

သည်ကိစ္စက ဆရာတော်အတွက် ပြဿနာတစ်ရပ် အဖြစ် မြန်မာပြည်ထိ ပြန်ပါလာခဲ့ပါတယ်။ ဒီအဖြေကိုရဖို့ မေးမြန်းရာမှ ပညာရေး ကောလိပ်က ဆရာတစ်ဦးက ဆရာတော် အတွက် အဖြေတစ်ခု ထုတ်ပေးပါတယ်။

''အဲဒီ ဆရာကပြောတယ်။ သူတို့နိုင်ငံမှာ အလီကို သိပ်မကျက်ခိုင်းဖူးတဲ့၊ တွေးအားကောင်းအောင်လို့ သိပ်မကျက်ခိုင်းတာတဲ့။ အဲဒီနည်းနဲ့ သုံးတန်းကလေးသုံးဦးကို သင်ပေးတာ တော်တော် ဟုတ်နေပြီ။ ဒါပေမဲ့ ကျောင်းက ဆရာမက နင်နှေးတယ်ဆိုပြီး ရိုက်လိုက်တာ လုပ်မရတော့ဘူးတဲ့'' လို့ ဆရာတော်က ရယ်ရယ်မောမော မိန့်ပါတယ်။

ဖောင်တော်ဦးကျောင်းရဲ့ ပညာသင်ကြားရေး နည်းစနစ်တွေက မြန်မာပြည်ရဲ့ ပညာသင်ကြားရေး နည်းစနစ်ကို အစောပိုင်း ကာလများက ကျင့်သုံးခဲ့ပါတယ်။ သို့သော် ၂၀၀၂ ခုနှစ် ရှေ့ပိုင်းကာလမှ စတင်ပြီး သင်ကြားမှု ပုံစံတွေ စတင်ပြောင်းလဲခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ အရှိန်အဟုန်နဲ့ ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။ အရှိန်အဟုန်နဲ့ ပြောင်းလဲခဲ့တဲ့ သင်ကြားရေးစနစ်က တွေးတောကြံဆ၊ခွဲခြမ်းစိတ်ဖြာတဲ့ သင်ကြားနည်းစနစ်။

''ပိဋကတ် သုံးပုံတောင် အလွတ် အာဂုံဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေရှိတဲ့ တို့နိုင်ငံက အလီတောင် အလွတ်မရတဲ့ နိုင်ငံလောက်အောင် ဘာကြောင့် နောက်ကျနေရတာလဲ။ ဘာကွာနေလဲပေါ့။ လေ့လာလိုက်တော့ ပညာရေးမှာ ကွာနေတယ်။

ပညာရေးကြောင့် အရာရာ ပြောင်းလဲသွားရတာ။ သူတို့နိုင်ငံက အကြောင်းအရာ တစ်ခုကို ဖတ်လိုက်တာနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် အတွေးအခေါ်နဲ့ မြင်ခိုင်းတာ၊ ကြည့်ခိုင်းတာ။ သြစတြေးလျ နိုင်ငံကို လေ့လာရေး သွားတယ်။ အဲဒီက ကျောင်းတစ်ကျောင်းက ဆရာကို မေးတော့ သူတို့ဆီမှာ အောင်တာမရှိဘူး၊ ကျတာမရှိဘူး။ အားလုံး ပြီးစီးသွားကြောင်း ဆိုတာပဲ ရှိတယ်'' လို့ပြောကြောင်း ဆရာတော်က မိန့်ပါတယ်။

ဖောင်တော်ဦး ဘုန်းတော်ကြီး သင်ပညာရေး တွဲဖက် အထက်တန်းကျောင်းမှာ ဆရာတော် ချမှတ်ထားတဲ့ ပေါ်လစီ တစ်ခုရှိပါတယ်။ ဒါကဒီကျောင်းရဲ့ အဓိက ပေါ်လစီတစ်ခုပဲ ဖြစ်ပါတယ်။

(၁) လွတ်လပ်စွာ တွေးရမယ်၊ လွတ်လပ်စွာ နေရမယ်။

(၂) သို့သော် သူ့အခွင့်ရေး၊ ကိုယ့်အခွင့်ရေးကို သိရမယ်တဲ့။

ဖောင်တော်ဦး ဘုန်းတော်ကြီး သင်ပညာရေး တွဲဖက် အထက်တန်းကျောင်းမှာ လက်ရှိကျောင်းသား၊ ကျောင်းသူပေါင်း (၇၀၀၀) ကျော်ကို အခမဲ့ စာပေ သင်ကြားပေးနေပါတယ်။ ဒါက မူလတန်းကနေ အထက်တန်းထိ ဖြစ်ပါတယ်။ ဒီထဲမှာ ကျောင်းသားပေါင်း (၁၁၀၀) ကျော်လောက်က ကျောင်းအိပ်၊ ကျောင်းစားတွေ ဖြစ်ပါတယ်။ အဓိက သင်ကြားပေးတာက ခွဲခြမ်းစိတ်ဖြာတတ်ဖို့ ၊ တွေးခေါ်တတ်ဖို့ ။ ဒီအထဲမှာ န၀မတန်းနဲ့ ဒသမတန်းမပါ။

''ဘာမှလုပ်မရဘူး။ စာမေးပွဲနဲ့ ကန့်သတ်ထားတယ်။ ၏၊သည်မရွေး စာကျက်မှ (၁၀)တန်း အောင်မယ်။ အမှတ်များများရမှ အလွှာတစ်ခုကို ရောက်မယ်။ ဒီကျောင်းမှာနေရတဲ့ ကလေးတွေက အကြောက်တရားနဲ့ ရင်ဆိုင်ရတဲ့သူ မရှိဘူး။ တွေးရဲ၊ ပြောရဲ၊ ဆိုရဲတဲ့ သူတွေဖြစ်တယ်။ သူတို့တစ်တွေက ချောင်ပိတ်မိနေတဲ့ ကလေးတွေ မဟုတ်ဘူး။ အတွေးအခေါ်ကို အဓိကထား သင်တယ်။ စာတစ်ပုဒ် ဖတ်ရင် စဉ်းစားပြီးတော့ ဖတ်ဖို့ ၊ တွေးခေါ်တတ်အောင်ဖတ်ဖို့ ၊ အရမ်း အလွတ်မကျက်ဖို့ သင်တယ်။ ဒါဟာ ဒီကျောင်းရဲ့ အဓိက မူဝါဒကြီးပဲ'' လို့ ဆရာတော်က မိန့်ပါတယ်။

ဒါဟာ မြန်မာပြည်မှာ လက်ရှိသင်ကြားနေတဲ့ အလွတ်ကျက်၊ အလွတ်ဖြေတဲ့ ပညာရေး စနစ်ကြီးကို တော်လှန်၊ ပြောင်းလဲပစ်လိုက်ခြင်း လို့လည်း ဆိုပါတယ်။ ခေါက်ရိုးကျိုး ပညာရေးစနစ်ကို တော်လှန်လိုသူ ဆရာတော် အတွက် စိန်ခေါ်မှုတွေကလည်း ရှိနေပါတယ်။

''ပညာရေး စနစ်ကြီး၊ စာမေးပွဲ စနစ်ကြီးကိုပါ ပြောင်းလဲပစ်ချင်တာ။ သို့သော်လည်း လူအများစုက ဒီခေါက်ရိုးကျိုး သင်ကြားရေးစနစ်ကြီးမှာ ခေါက်ရိုးကျိုးနေကြတယ်။ စာမေးပွဲရှိမှ ဖြစ်မယ်။ စာမေးပွဲမရှိရင် ကလေးတွေ စာမကျက်ဘူးဆိုတဲ့ အတွေးတွေ ရှိနေတယ်။ ဒီလိုလူတွေ ပြောင်းလဲချင်စိတ် ရှိရမယ်'' လို့ သက်တော် (၆၉) နှစ် အရွယ် ဆရာတော်ကြီးက မိန့်ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့က Varkey Foundation က ကမ္ဘာလုံးဆိုင်ရာ ဆရာဆု Global Teacher Prize ပေးအပ်မယ့် ဆန်ခါတင် (၅၀) ဦး စာရင်းမှာ ဖောင်တော်ဦးကျောင်း ဆရာတော် ဦးနာယက ပါဝင်ကြောင်း ကြေညာခဲ့ပါတယ်။

ယင်းဆုကို ကမ္ဘာ့နိုင်ငံပေါင်း (၁၄၈) နိုင်ငံမှ အသိပညာ ဖြန့်ဝေသူများကို ထောင်ပေါင်း များစွာသော အမည်စာရင်း တင်ပြမှုများ အနက်မှ ရွေးချယ် ဆုပေးအပ်မှာ ဖြစ်ပါတယ်။ ဒီဆု ဆန်ခါတင် ၀င်တဲ့အတွက် ဆရာတော် စိတ်လှုပ်ရှားနေပုံ ပေါ်ပါတယ်။

အဆောက်အအုံ သုံးခု၊ ကျောင်းသား၊ ကျောင်းသူပေါင်း (၄၀၀) ကျော်၊ ဆရာ၊ ဆရာမ (၁၀) ဦးကျော်နဲ့ စတင်ခဲ့တဲ့ ဒီဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကြီးက အခုအချိန်မှာ အဓိက အဆောင်ပေါင်း (၂၄) ဆောင်၊ ကျောင်းသား၊ ကျောင်းသူပေါင်း (၇၀၀၀) ကျော်၊ ၀န်ထမ်း (၄၀၀) ကျော်နဲ့ တကယ့်ကျောင်းတော်ကြီး ဖြစ်လို့နေပါပြီ။ ကမ္ဘာလုံးဆိုင်ရာ ဆရာဆု ဆန်ခါတင်စာရင်းဝင် ဆရာတော် ဦးနာယကက ဖောင်တော်ဦး ကျောင်းကို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ အုပ်ချုပ်တယ်လို့ ဆိုပါတယ်။

ကျောင်းကြီးထဲ ၀င်လိုက်တာနဲ့ လွတ်လပ် ပျော်ရွှင်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို တွေ့ရမှာပါ။ ကံကောင်းရင်တော့ ပျောက်ဆုံးနေတဲ့ သင့်ရဲ့ ငယ်ဘ၀ပုံရိပ်တွေကိုပါ တွေ့လိမ့်မယ်လို့ ထင်ပါတယ်….။
မြတ်မင်း

No comments:

Post a comment