Saturday 9 January 2016

ညောင်ရမ်း မင်းသား၏ နောက်ဆုံး နေ့ရက်များနှင့် အခြားစာတမ်းများ

ယခုသီတင်းပတ်တွင်တော့ သမိုင်းဆိုင်ရာ စာအုပ်တစ်အုပ်ကို မိတ်ဆက် ဖော်ပြလိုပါသည်။ ထိုစာအုပ်ကား သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်း (ငြိမ်း) ရေးသားထားသော စာတမ်း၊ ဆောင်းပါးများကို စုစည်း ဖော်ပြထားခြင်း ဖြစ်ပြီး အကြောင်းအရာအစုံစုံ၊ အထူးသဖြင့် ကုန်းဘောင်ခေတ် ကာလ အခြေအနေများကို ဖတ်ရှုကြရမည် ဖြစ်သည်။
ထိုစာအုပ်ကို ရာပြည့် စာအုပ်တိုက်က ထုတ်ဝေပြီး တစ်အုပ်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ဖြန့်ချိထားသည်။ စာအုပ်ပါ အကြောင်းအရာ ဆောင်းပါးများမှာ စိတ်ဝင်စားဖွယ်ဖြစ်ပြီး အကြောင်းအရာများမှာလည်း အလောင်းမင်းတရား၏ မီးဘေးကာကွယ်ရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်ပုံက အစ မင်းတုန်းမင်း၏ ဆင်းရဲသား ပပျောက်ရေး အစီအစဉ်အထိ၊ နန်းတော်တွင်းက အိမ်သာများမှ အစ လယ်ထွန်မင်္ဂလာများ အဆုံး၊ မန်းမြို့တော်သစ်တွင် သုံးခဲ့သော လောကီ အစီအရင်များမှ အစ ထူးဆန်းသော အာမေနီးယန်း သင်္ချိုင်းစာ အထိ၊ ကုန်းဘောင်ခေတ် နှင့် ကိုလိုနီခေတ် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စသဖြင့် အတန်ပင် စုံလင်ပေသည်။ ထိုစာအုပ်ပါ အကြောင်းအရာ အားလုံးအနက်မှ အချို့အကြောင်းအရာများကို ထုတ်နူတ် ဖော်ပြလိုပါသည်။

မင်းတုန်းမင်းနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး

မြန်မာနိုင်ငံကား ရွှေငွေ ကျောက်သံပတ္တမြား ပေါများခြင်း၊ ဆန်ရေစပါး ပေါများခြင်း စသဖြင့် နယ်ချဲ့တို့ သွားရည်ကျရလောက်အောင် ပေါများခဲ့ပြီး ကြွယ်ဝချမ်းသာသည်ဟု မှတ်တမ်းပြုခဲ့ကြရသည်။ သို့သော် ပဒေသရာဇ်ခေတ် ထုံးစံအတိုင်း အုပ်စိုးသူ လူတန်းစားနှင့် အထက်တန်းလွှာတို့ ချမ်းသာကြသော်လည်း အောက်ခြေမှာမှု အတန်ပင် ကျပ်တည်းလှသည်ဟု ဆိုသည်။

အထူးသဖြင့် လယ်သမားများသည် စိုက်ပျိုးစရိတ် ငွေလိုအပ်မှုနှင့် ရင်ဆိုင်နေကြရပြီး ရောင်းချရာတွင်လည်း ထိုက်တန်သော ဈေးနှုန်းမရကြပေ။ ရာသီဥတု ဖောက်ပြန်သည့် နှစ်များတွင်မူ ပိုမိုကျပ်တည်းကြသည်။ ထိုအခြေအနေကို ဖြေရှင်းရန် မင်းတုန်းမင်းက လယ်သမား၊ ထန်းသမားများကို စရိတ်ထုတ်ပေးခဲ့သည်။ ထူးခြားသည်မှာ အတိုးမဲ့ ထုတ်ချေးပေးခြင်း ဖြစ်ပေသည်။

''မင်းတုန်းမင်း လက်ထက်၌ ဆင်းရဲသား တောင်သူတို့သည် စိုက်ပျိုးရေးစရိတ် လိုငွေနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့ဖြစ်၍ အတွင်းဝန်ဆောမြို့စားမင်းကြီး မဟာမင်းခေါင် သင်္ခယာ၊ အတွင်းဝန်ယော မြို့စားမင်းကြီး မင်းထင်ကျော်၊ အတွင်းဝန် မိုးတားမြို့စား မင်းကြီး မင်းခေါင်ဇေယျသူ၊ အတွင်းဝန် ရွှေတိုက်ဝန် တောင်ခွင်မြို့စား မင်းကြီးမင်းလှ မဟာစည်သူတို့အား စေလွှတ်၍ ပုဂံမြို့၊ ဂိုဏ်းအုပ်၊ ဂိုဏ်းထောက် ဆရာတော်တို့ထံ လျှောက်ထားစေခဲ့သည်။

ထိုသို့ လျှောက်ထားရာတွင် ကုန်သည်၊ လယ်လုပ်မှစ၍ နိုင်ငံတော်အတွင်း ဆင်းရဲသား ကျွန်တော် မျိုးတို့ကို ဆယ်ဖို့တစ်ဖို့ သဿမေဓ အခွန်တော် ကောက်ခံရန်၊ မူးမတ် ရဲမက် လက်နက်ကိုင် တို့ကိုလည်း ကောက်ခံရငွေမှ မျိုးရိက္ခာပေးရန်၊ ကုန်သည် လယ်လုပ် ဆင်းရဲသားတို့ ကူးအားသန်းအား လုပ်အားဆောင်အား ရှိအောင် အရင်းအနှီး မရှိသူတို့ကို အတိုးမယူဘဲ အရင်းအနှီးပေးရန်၊ မြို့ဝန်၊ မြို့သူကြီး၊ မြို့အုပ်၊ ကျေးရွာသူကြီး အထိန်းအအုပ်တို့က ကုန်သည် လယ်လုပ်ဆင်းရဲသား တို့ကို ညှဉ်းပန်းနှိပ်စက် လူအစေအခိုင်းမရှိ လွတ်ငြိမ်းစေရန် ညွှန်ကြားချက်များ ပါဝင်ခဲ့သည်။

အထူးသဖြင့် ဆင်းရဲသား တောင်သူတို့အား စိုက်ပျိုးရေး စရိတ်ပေးခြင်းမှာ မင်းတုန်းမင်း၏ ထူးခြားသော လုပ်ဆောင်ချက် ဖြစ်သည်။ ယင်းလုပ်ဆောင်ချက် အရ ဂျုံ ၊ ပဲ၊ ဆေးသား၊ ဆေးရို၊ လုပ်ဆောင်သူများနှင့် ထန်းလျက် လက်ကား၊ ထန်းသမား တို့ကို ထန်းမတက်မီ၊ ပဲမျိုးစုံ၊ ဂျုံ ၊ ဆေးရိုး လုပ်ဆောင်သူ တို့အား အသီးမပေါ်ခင် ကြိုတင်၍ ကုန်ဖိုးငွေ တစ်ဝက်သင့်ငွေကို အတိုးမရှိ ပေးကမ်းစေသည်။

ဂျုံ ၊ ပဲ၊ ဆေး၊ ဆေးရိုး ထန်းလျက်များကို ပေးသွင်းသည့် အခါတွင်လည်း ငွေတော် ထပ်မံပေးချေစေသည်။ တာဝန်ကျေသည့် တောင်သူအား သဿမေဓ မင်းမှုမင်းတိုင် လူအစေအခိုင်းမရှိ လွတ်ငြိမ်းစေသည်။ ထို့အပြင် နိုင်ငံတော်အတွင်း နှမ်းစိုက်ပျိုးသည့် တောင်သူတို့ကိုလည်း စိုက်ပျိုးလိုစိတ် ရှိအောင် ၁၂၃၉ ခုနှစ် (၁၈၇၇) အတွင်း နှမ်းများကို မစိုက်ပျိုးမီကပင် ကြိုတင်၍ စားစရိတ်၊ မျိုးဖိုးများကို အတိုးအပွားမရှိ ပေးကမ်းစေသည်။

ထိုမျှမက နှမ်းစိုက်ပျိုးသူတို့အား သဿမေဓ မင်းမှု မင်းတိုင်၊ လူအစေအခိုင်းမရှိ လွတ်ငြိမ်းစေ၊ တောင်သူတို့ စီးပွားချမ်းသာ ဖြစ်ထွန်းအောင် စောင်မကြည့်ရှုစေသည်'' ဟု ဒေါက်တာကျော်ဝင်းက ရေးသားထားသည်။

ထိုသို့ ရေးသားခြင်းမှာလည်း ပေါက်မြို့နယ်ရှိ ၎င်း၏ တပည့်တစ်ဦးထံမှ ရရှိသော ပုရပိုက် တစ်စောင်ကို ကိုးကား၍ ရေးသားထားခြင်း ဖြစ်သည်။

ထို့အပြင်လည်း မင်းတုန်းမင်းသည် လေးဆယ်ဒိုင်းဝန် ပုဂံမြို့ မဟာမင်းခေါင် သင်္ခယာကို စေလွှတ်ကာ ၎င်း၏ ဆင်းရဲမွဲတေမှု လျှော့ချရေး အကြောင်းကို ဂိုဏ်းအုပ်၊ ဂိုဏ်းထောက် ဆရာတော်တို့ထံ လျှောက်ထားစေပြီး မြို့ရွာအလိုက် နှမ်းမည်မျှရမည်၊ ငွေမည်မျှ ထုတ်ပေးရမည် စသဖြင့် မေတ္တာစာရေး တင်ပြပေးရန် လျှောက်ထားခဲ့သည်။

ထို့အပြင် စိုက်ပျိုးစရိတ် ချေးငွေကို အတိုးမဲ့ ထုတ်ချေးခြင်း၊ အခွန်လွတ်ငြိမ်းခွင့် ပေးခြင်းများ အပြင် ကုန်သည်လှေများ အပေါ် အခွန်တိုး ကောက်နေခြင်းကို တားမြစ်သည့် အနေဖြင့် အခွန်ကောက်ခံသည့် ဥပဒေစာအုပ်ကိုလည်း မြို့အသီးသီးရှိ ဂိုဏ်းအုပ်၊ ဂိုဏ်းထောက် ဆရာတော်များနှင့် ပွဲစား ပွဲပြတ်တို့ထံ ပို့ခဲ့သေးသည်။

မင်းတုန်းမင်း ငွေတိုက်တည်ခြင်း

ထို့အပြင်လည်း မင်းတုန်းမင်းကြီးသည် အရင်းအနှီး လိုအပ်သူများ အတွက် ငွေကြေး ထုတ်ချေးခြင်း အတွက် ငွေတိုက်တော်လည်း တည်ခဲ့သည်။ အင်္ဂလိပ်ကုန်သည် တစ်ဦးဖြစ်သူ ကလေမံဝီလျံက ငွေ တိုက်တည်ပုံ အကြောင်းကို စာတမ်းရေးပြီး မင်းတုန်းမင်း တရားကြီးထံ ဆက်သွင်းခဲ့ရာ မင်းတုန်းမင်း တရားကြီးက စိတ်ဝင်စားခဲ့ပြီး ငွေတိုက်တည်ခဲ့ခြင်း ဖြစ်ပေသည်။

ကလေမံဝီလျံ တင်သွင်းသည့် စာတမ်းကို မြန်မာသက္ကရာဇ် (၁၂၈၈) ခုနှစ် (ခရစ် သက္ကရာဇ် ၁၈၆၆) ခုနှစ်မှာ သံတော်ဆင့် ပန်းပဲဝန်၊ ပန်းတဉ်း ၀န်ထောက် ဆောရွာစား မင်းလှရာဇကျော်ထင် က မြန်မာဘာသာပြန် ဆိုခဲ့သည်။ ထိုစဉ်က အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီး ဖြစ်သည်။

ငွေတိုက်တော် လုပ်ဆောင်ရန် ပထမ ဥပဒေတွင် ငွေတိုက်ကို ရတနာဒီပဈေးအနီး သင့်ရာ အရပ်တွင် ထားရှိရန် သတ်မှတ်ပြီး၊ ဒုတိယ ဥပဒေတွင် ငွေတိုက်တော် လုံခြုံရေး အစီအစဉ် အစောင့်အရှောက်နှင့် ထားရှိရန် လုံခြုံရေး အစီအမံများ ပါဝင်သည်။ ငွေတိုက်တော်ကို သေနတ်ကိုင် စစ်သည်တော်များ စောင့်ကြပ်ပြီး ငွေထိန်းသိမ်းရေး မင်းမှုထမ်းများမှာ အမှုထမ်းကြီး တစ်ဦး၊ လူလတ်လေးဦး၊ စာရေးတော် ခြောက်ဦးထားသည်။ အမှုထမ်းကြီးသည် တစ်လလျှင် ငွေတော် (၁၀၀)၊ လူလတ်သည် တစ်လလျှင် ငွေတော်(၅၀)၊ စာရေးတော်များသည် တစ်လလျှင် ငွေတော် (၃၀) ခံစားခွင့်ရကြသည်။

''ငွေတိုက်တော်သည် ငွေအပ်နှံခြင်းကို လက်ခံသကဲ့သို့ ငွေတိုက်တော်မှ ငွေချေးယူခြင်း ကိုလည်း ပြုလုပ်ပေးသည်။ မည်သူမဆို ငွေတိုက်တောမှ ငွေချေးယူလိုလျှင် တစ်ဦးတစ်ယောက် သိရုံမျှနှင့် မရပေ။ တိုက်စောင့်လူကြီး၊ လူလတ်တို့အနက် သုံးယောက်စုံညီမှ ချေးငှား၍ ရသည်။ ငွေချေးသည့် အခါတွင်လည်း ချေးယူသည့် ငွေအင်အား ပမာဏကို လိုက်၍ အပေါင်ဖြစ်စေ တာဝန်ခံသူရှိမှ ချေးငှားခွင့် ရှိသည်ဟု သိရှိရသည်။

ငွေသွင်း၊ ငွေချေး သက္ကရာဇ်မှာ စက္ကူတွင် အကျ အပေါက် အပျက်အစီး မရှိစေရပေ။ မင်နှင့် စာကြောင်း အတိုင်း အက္ခရာ အစအဆုံး ကူးရေးရသည်။ စာကြောင်း အဆုံးတွင် ငွေသွင်းသူ၊ ငွေချေးသူတို့ ကိုယ်တိုင် လက်မှတ်ရေး ထိုးစေလျက် ခေါင်းတံဆိပ် ကပ်ရသည်။ ငွေသွင်း သက္ကရာဇ်မှာ ငွေတိုက်တွင် ထားရန် တစ်စောင်၊ ငွေသွင်းသူသို့ ပေးရန် တစ်စောင် ရေးသားပေး၏။

ထိန်းသိမ်း ထားစေသည်။ ငွေချေး သက္ကရာဇ်မှာ တစ်စောင်တည်း ရေးသားရပြီး ငွေတိုက်တော်တွင် ထားရှိစေသည်။ ငွေချေးသူတို့က ပြန်ဆပ်လာလျှင် ပြေစာ လက်မှတ် ပေးအပ်ပြီး ငွေချေး သက္ကရာဇ်ကို စုံညီ ဖျက်သိမ်းစေသည်ဟု သိရသည်'' ဟု ဒေါက်တာ ကျော်ဝင်းက ရေးသားထားသည်။

အတိုးနှုန်းမှာ ငွေအပ်လျှင် ငွေ(၁၀) ကျပ် အတွက် အတိုးတစ်မူးဖြစ်ပြီး ငွေချေးလျှင် ငွေ(၁၀) ကျပ်အတွက် တစ်လကို တစ်မူး၊ တစ်ပဲနှုန်း ဖြစ်သည်။ ထိုအတိုးကို လစဉ်ဖြစ်စေ၊ ငွေရင်းဆပ်သည့်အခါ မှဖြစ်စေ ငွေချေးသူ၏ ဆန္ဒအလျောက် ပေးချရသည်။

ချေးယူသူတို့က စာချုပ်ရက်စေ့၍ ချေးငွေကို ပြန်မဆပ်နိုင်ပါက တရားရုံးမှ တစ်ဆင့် တောင်းယူလေ့ ရှိပြီး ထိုသို့ တောင်းသော်လည်း ရက်ကြာလာသည့် အခါအထိ မဆပ်ပါက အပေါင်ပစ္စည်းကို သိမ်းယူရောင်းချကာ အတိုးအရင်းနူတ်၍ ပိုငွေကို ပြန်ပေးလေ့ ရှိသည်ဟု ဆိုသည်။ ငွေတိုက် အမှုထမ်းတို့ မရိုးမဖြောင့် လုပ်ပါက ထောင်တစ်လ ချခံရခြင်း၊ ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရခြင်း အပြင် ငွေပါလျော်ရသည်ဟု ဆိုသည်။

မင်းတုန်းမင်းကြီးသည် ထိုကဲ့သို့ စီစဉ်သည့် အပြင် ဆောက်လုပ်ရေး ဥပဒေ တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သေးသည်။

အလောင်းမင်းတရား၏ မီးဘေး အန္တရာယ် ကာကွယ်ရေး

ထိုခေတ်က မြန်မာနိုင်ငံတွင် နန်းတော်၊ အိမ်၊ ကျောင်း စသည်တို့ကို ဆောက်လုပ်ရာတွင် မီးလောင် လွယ်သည့် သစ်၊ ၀ါး၊ ဓနိ၊ သက်ငယ်များကိုသာ အသုံးပြုသောကြောင့် မီးဘေးအန္တရာယ် လွန်စွာကြီးသည်။ ထို့အကြောင့် အလောင်းမင်းတရားက ဤသို့ ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

''ခိုးသေး မီးပွားမှာလည်း မပေါ်ထွက်ရအောင် ညဥ့်နေ့ နှိုးဆော်၍ တစ်အိမ်ကို ချွန်သော ၀ါး (၁၀) စင်း တန်သည်၊ ငါးစင်းတန်သည်စိုက် ထောင်ရှိစေ။

အိမ်မိုးမှာလည်း မိုးရေပြည့် ထားရှိစေ၊ ထမ်ချက် ပြုတ်သည်မှာလည်း ကျင်းဦးပြည့်တူး၍ ချက်ချိန်သာ ချက်စေ။ နံနက် (၄) ချက်တီးကျော် (၄) မောင်းပြုတ်၍ မီးသေငြိမ်းစေ။ ည (၃) ချက် တီးကျော် (၂) မောင်းတွင် မြို့ဝန်တို့က မောင်းခတ်လျှင် ထမင်းချက်စေ။

၎င်း (၃) ချက် တီးကျော် (၇) မောင်းကို မီးသေငြိမ်းစေ။

ချက်ပြုတ်ချိန် မောင်းခတ်သည့် အချိန်တွင်းက လွတ်သည့် အချိန်တွင် တစ်အိမ်မျှ မီးပွားမီးပေါက် မပွင့်မရှိစေနှင့်၊ မီးကျင်းတွင် မီးဆော်ကို အမှိုက်ကြက်မွေးနှင့် ထိုးစမ်းသပ်စေ၊ သေငြိမ်းသည် ကာလဖြစ်လျှင် မသေမငြိမ်း စမ်းသပ်သည့် အမှိုက်ကြက်မွေးကို စွဲလောင်လျှင် မီးရှိ့သည့် အိမ်ရှင်ကို ခေါ်၍ မြို့ဝန်ရုံးမှာဖို့ အပ်ရမည်။ လမ်းခရီးကိုလည်း ဆေးအိုး၊ ဆေးတံသောက်၍ မသွားလာစေနှင့်။ သွားလာလျှင် ဆေးအိုး၊ ဆေးတံကို ခုယူသိမ်းထားရမည်။ မီးဆော်ကို တစ်နေငါးကြိမ် လှည့်ပတ်စစ်ကြောစေ။

ဒေါက်တာကျော်ဝင်းသည် ထိုအမိန့်စာအပြင် အလောင်းမင်းတရားကြီး ယိုးဒယားသို့ စစ်ချီရာမှ ၎င်း၏ သာတော်ကြီးနှင့် မိဖုရားတို့ထံ ရေးသောစာကိုလည်း ဖော်ပြထားသေးသည်။ သားတော်ကြီးထံ ပို့သော စာမှာ ဤသို့ဖြစ်၏။

''ကျေးဆိုး ကျွန်ဆိုးတို့ တစ်ဖက်နား လျှောက်ထားသော်လည်း မျက်နှာအပြင် မညီသမျှကို မယူနှင့်။ မပြတ်မလပ် သတိပေးရမည်။ လူပျိုလူလွတ်ဖြစ်သည်။ ခိုးသေးမီးပွားကိုလည်း လုလ္လပြုရမည်။ မပြတ်မလပ် နှိုးဆော်။ ၁၁၂၁ ခု၊ ပြာသို လပြည့်ကျော်(၂) ရက်နေ့ ' မိဖုရားထံသို့ ပေးပို့သောစာမှာ ဤသို့ဖြစ်သည်။

''ရှင်မိဖုရား သီရိသုဓမ္မရာဇာ၊ ရတနာသုံးပါး ဂုဏ်တော်။ မိခင်၊ ဖခင်၊ ဆရာသမား၊ ကျေးဇူးရှင် မိဖုရားတို့ပြုသော ဆုတောင်းပဋ္ဌနာ၊ မေတ္တာဆက်သည့် အတိုင် ငကိုယ်တော်မှစ၍ သားတော်၊ မူးတော်၊ မတ်တော်၊ သူရဲသူခက်၊ ဆင်မြင်း လက်နက်ကိုင် ဗိုလ်ပါ ပကတိ ချမ်းသာတော်မူသည်။

နေပြည်တော်တွင် ခိုးသေးမီးပွားကို ကြပ်ကြပ်တည်းတည်း စီရင် နှိုးဆော်စေ။ ၁၁၂၁ခု၊ တပေါင်းလ ဆန်း (၁၂) ရက်နေ့ ။

ထို့အပြင် ရပ်ရွာအတွင်း အမှုအခင်းနည်းပါးစေရန် အတွက် လက်အောက်ငယ်သားများကိုလည်း ယခုကဲ့သို့ ညွှန်ကြားခဲ့သည်။

''အမှုအခင်း မရှိသည်ကို ညဥ့်တစ်ချက်တီး ကျော်လျှင် မသွားမလာစေနှင့်၊ မြစ်တားရမည်။ အမှုအခင်းရှိ၍ သွားလာလျှင် မီးအိမ်နှင့် သွားလာကြစေ။ လူဆော်ကို မပြတ်လှည့်ပတ် စစ်ကြောစေ။ သူခိုးတို့အိမ်ရာ ကျီကြ ကောက်ယူသော် ခိုးသည်ကို သိ၍ ဟစ်ကြော်လျှင် ကြားသိသမျှ အကုန်ဝန်းရံ ဖမ်းဆီးစေ။ ကြားထောက် သိထောက် သိသင့်လျက် မလာမရောက် မညီမညာနေလျှင် နေသူကို (၅) ချက် အရိုက်ခံစေ။ အရိုက်မခံဝံ့လျှင် ကြေး (၅၀) ယုတ်စေ''

ဘုရင်တစ်ပါးရှိရမည့် အရည်အချင်းအပေါ် မြင်ကွန်း မင်းသားကြီး၏ အမြင်

မြင်ကွန်း မင်းသားသည် ၁၈၆၆ ခုနှစ် သြဂုတ်လ (၂)ရက်နေ့ နန်းတွင်း လုပ်ကြံမှု အရေးနိမ့်သွားပြီးနောက် နိုင်ငံရေးခိုလှုံမှု အနေဖြင့် ရန်ကုန်တွင် လာရောက် နေထိုင်စဉ် ၎င်း၏ ဆရာရင်းဖြစ်သူ ဦးသံမှိုနှင့် တွေ့ဆုံခဲ့သည်။ ဦးသံမှိုက မြင်ကွန်းမင်းသား အနေဖြင့် တိုင်းပြည်ကို အုပ်ချုပ်ရမည် ဆိုလျှင် မည်ကဲ့သို့သော အခြေခံ အချက်အလက်များ လိုအပ်သနည်းဟု မေးမြန်းခဲ့သည်။

''မြင်းကွန်း မင်းသားကြီးက တိုင်းပြည်ကို အုပ်ချုပ်မင်း လုပ်မည် ဆိုပါက အချက် ငါးချက်နှင့် ပြည့်စုံရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။ ယင်းအချက်အလက်တို့မှာ-

၁။ အုပ်ချုပ်ရေးစနစ် အမျိုးမျိုးကို နားလည်သူ (statemen) များရှိရန် လိုအပ်သည်။

၂။ နိုင်ငံတကာ နိုင်ငံရေး ပရိယာယ်ကို တတ်ကျွမ်းသူ နိုင်ငံရေးပါရဂူ (Politician) ရှိရန် လိုအပ်သည်။

၃။ နိုင်ငံတစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြောဆို လုပ်ကိုင်တတ်သူ ဘောဂဗေဒပါရဂူ (Econo mists) များ ရှိရန် လိုအပ်သည်။

၎။ ဘာသာရေး၊ သာသနာရေး၊ လူမျိုးရေး ပညာရေးတို့ကို ကမ္ဘာနှင့်ယှဉ်၍ တတ်ကျွမ်း နားလည် စီရင်ဆုံးဖြတ်နိုင်ပြီး ပြဿနာ အရပ်ရပ်တို့ကို မှန်ကန်တိကျစွာ ဝေဖန်ပိုင်းခြားတတ်သော (Philanthropist) ခေါ် ပညာရှင်များရှိရန် လိုအပ်ပါသည်။

၅။ စက်မှုနည်းပညာဖြင့် တိုင်းပြည်အတွက် ၀င်ငွေတိုးပွားရာ တိုးပွားကြောင်း ထိရောက်စွာ သင်ကြား ပြသပေးနိုင်သူ စက်မှုပညာရှင် (Industrial Magnantis) များရှိရန် လိုအပ်သည်ဟူ၍ ပြောကြားသွားသည်ဟု သိရှိရပါသည်' ဟု ဒေါက်တာကျော်ဝင်းက ရေးသားထားသည်။

ဂမ္ဘီရဆန်သော အာမေနီယံ သင်္ချိုင်းစာ

ထိုအာမေနီယံ သင်္ချိုင်းစာကို ၁၉၇၆ ဖေဖော်ဝါရီလတွင် စာရေးသူ ဒေါက်တာကျော်ဝင်း လမ်းလျှောက်သွားရင် မဟာဗန္ဓုလလမ်းနှင့် (၄၈) လမ်းထောင့် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနဘေးရှိ အမှိုက်ပုံနားတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကမ္ပည်းကျောက်ချပ်များ ဖြစ်ပြီး စုစုပေါင်း သုံးချပ်ဖြစ်သည်။ ကျောက်ချပ်နှစ်ခုတွင် အာမေနီယံ၊ ပေါ်တူဂီ၊ လက်တင်၊ မြန်မာဘာသာများဖြင့် ရေးထိုးထားခြင်း ဖြစ်ပြီး ကျန်တစ်ချပ်တွင်မူ ပေါ်တူဂီ၊ လက်တင်၊ မြန်မာသုံးဘာသာဖြင့် ရေးထိုးထားသည်ဟု ဆိုသည်။

ထို့အပြင် ကျောက်ချပ်များတွင် ဦးခေါင်းခွံနှင့် လက်မောင်း ရိုးယှက် သန်းထားသော အမှတ်တံဆိပ်နှင့် ယင်းအမှတ်တစ်ဆိပ် ဘေးတစ်ဖက် တစ်ချက်တွင် သဲနာရီပုံများ ရေးထိုးထားသည်ဟု ဆိုသည်။

ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနရုံး လှေကားအောက်တွင် ရောက်နေခဲ့သော ထိုကျောက်ချပ်များသည် သင်္ချိုင်းစာများ ဖြစ်ကြောင်း အဆိုပါရုံးမှ ရုံးဝန်ထမ်းများ သိသောအခါ သာမန်ဖျားနာသည်ကိုပင် ယင်းကျောက်ချပ်များကြောင့်ဟု အစွဲအလမ်းရှိလာပြီး ၀န်ထမ်းတစ်ဦး လှေကားမှ ချော်ကျကာ သေဆုံးခဲ့သဖြင့် သံဃာတော်များပင့်ကာ ပရိတ်ရွတ်ခဲ့ကြသည်။

ထိုသင်္ချိုင်းစာများကို မင်လှိမ့်ကူးယူထားသည့် ကော်ပီတစ်ခုကို စာရေးသူ၏ လုပ်ဖော်ကိုင်ဖက် ဆရာမကြီး တစ်ဦး အခန်းတွင် ထားမိရာ ထိုဆရာမကြီး ရုတ်တရက် လေဖြတ်ကာ ကွယ်လွန်သွားခဲ့သည်ဟု ဆိုသည်။

''ဤသည်မှာ ဒုတိယအကြိမ်မြောက် အာမေနီယံ သင်္ချိုင်းစာ၏ ထူးခြားဆန်းကြယ်မှု ဖြစ်ပါသည်။ ထိုမျှဖြင့် မရပ်သေးပါ။ (၄၈) လမ်းထိပ်မှ ယူဆောင်သွားခဲ့သော အာမေနီယံ သင်္ချိုင်းစာသုံးချပ် အာဇာနည်ကုန်းတွင် ထားရှိခဲ့ပါသည်။ အာဇာနည်ကုန်းတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု သိရှိရပါသည်'' ဟု ရေးသားထားသည်။

ဤစာအုပ်တွင် အထက်ပါ အကြောင်းအရာများအပြင် အခြားသော စိတ်ဝင်စားဖွယ်ရာ အကြောင်း အရာများကိုလည်း စစ်စစ်ပေါက်ပေါက် ဖော်ပြထားသေးသည်….။

Messenger News Journal

No comments:

Post a Comment