Monday 14 December 2015

နောက်တက်လာမည့် ပညာရေးဝန်ကြီး လုပ်ရဲကိုင်ရဲပြီး အရည်အချင်းရှိသူဖြစ်ရန် မျှော်လင့်ကြောင်း ဒေါက်တာအာကာမိုးသူ ပြောကြား

၂၀၁၆ ခုနှစ်တွင် တက်လာမည့် အစိုးရသစ်က ပညာရေးဝန်ကြီးဌာနတွင် ခန့်အပ်မည့် ၀န်ကြီးသည် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုကို လုပ်ရဲကိုင်ရဲသည့် အရည်အချင်းရှိသူဖြစ်ရန်မျှော်လင့်ကြောင်း မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာအာကာမိုးသူက News Watch သို့ ပြောသည်။
''နိုင်ငံတနိုင်ငံမှာ ပညာရေးက အဓိကအခြေခံကျတဲ့ အုတ်မြစ်ပဲလေ။ ဒါကြောင့် နောက်တက်လာမယ့် အစိုးရ သစ်မှာခန့်မယ့် ပညာရေးဝန်ကြီးဟာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်ရဲကိုင် ရဲတဲ့သူကိုပဲ မျှော်လင့်ထားပါတယ်။ ပညာရေးဥပဒေကို ပြုပြင်ဖို့လိုတယ်။ ပညာရေးဥပဒေနဲ့ ထိစပ်နေတဲ့ဥပဒေတွေကိုလည်း အဆင့်မြှင့်ဖို့လိုတယ်''ဟု ဒေါက်တာ အာကာမိုးသူက ဆိုသည်။

ပညာရေးကဏ္ဍသည် နိုင်ငံတနိုင်ငံ၏ အုတ်မြစ်တခုဖြစ်သည့်အတွက် နိုင်ငံအတွင်း ကဏ္ဍအစုံ ပြုပြင်ပြောင်းလဲရန် ပညာရေးကဏ္ဍမှ စတင်ရန်လိုအပ်ပြီး နောက်တက်လာမည့် အစိုးရသစ်၏ ပညာ ရေးဝန်ကြီးသည် အင်မတန်ထက်မြက်ဖို့ လိုအပ်ကြောင်း ၎င်းက ထပ်မံပြောသည်။

''ပညာရေးကနေ ကဏ္ဍအစုံပြုပြင်ပြောင်းလဲဖို့ လူနဲ့ပတ်သက်တဲ့ ကောင်းမွန်တဲ့အရည်အချင်းတွေ၊ ကောင်းမွန်တဲ့ အရည်အသွေးတွေကို မြှင့်တင်နိုင်မယ်လို့ ကျွန်တော်တို့မြင်တယ်။ လူကို စွမ်းရည် မြှင့်ပေးနိုင်တာ လူကို လူလိုသိတတ်ဖို့၊ လူကို လူလို့စဉ်းစားတတ်ဖို့ ဖြန့်ဝေပေးနိုင်တာက ပညာရေးဖြစ်နေတယ်။ ပညာရေးကို ကောင်းကောင်းမွန်မွန်ပြုလုပ်ပေးဖို့လို တယ်။ ဒါကြောင့် တက်လာမယ့် ပညာ ရေးဝန်ကြီးကလည်း အင်မတန်ထက်မြက်ဖို့ လိုအပ်ပါတယ်''ဟု ဒေါက်တာအာကာ မိုးသူက ဆိုသည်။

အစိုးရသစ်လက်ထက်တွင် ပညာ ရေးဝန်ကြီးနေရာ၌ အနိုင်ရ NLD ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာအောင်သူနှင့်အတူ NLD ပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်လည်း ပညာရေးဝန်ကြီးဌာနတွင် ၀န်ကြီးတဦးဖြစ်လာနိုင်ကြောင်း လူမှုကွန်ရက်စာမျက်နှာထက်တွင် သုံးသပ်လျက်ရှိသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment