Friday 4 December 2015

အစိုးရသစ် မပြောင်းမီကာလ ဖားကန့်ဒေသတွင် စက်ယန္တရား အင်အားဖြင့် ကျောက်စိမ်းများ အကန့်အသတ်မရှိ တူးဖော်နေခြင်းမှာ ဒေသအတွက် စိုးရိမ်စရာဖြစ်နေ

ကချင်ပြည်နယ် အစိုးရမှ ဒီဇင်ဘာ၃ရက်က ဖားကန့်ဒေသသို့ ထွက်ခွာခွင့် ပြုလိုက်သည့် ကိုးတန်တင် တရုတ်နိုင်ငံလုပ် မြေသယ်ကားများကို မြစ်ကြီးနားမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင် ယင်းနေ့ နေ့လယ်ပိုင်းက တွေ့ရစဉ်
အစိုးရသစ် မပြောင်းမီ ကာလတွင် ဖားကန့် ဒေသ၌ စက်ယန္တရား အင်အားဖြင့် ကျောက်စိမ်းများ အကန့်အသတ်မရှိ တူးဖော်နေခြင်းမှာ ဒေသအတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း ဒေသခံများနှင့် ပညာရှင်များက ဝေဖန်နေကြသည်။
ဒေသခံများ၏ သုံးသပ်မှုများအရ ၂၀၁၂ ခုနှစ် အစောပိုင်း ကာလများနှင့် ၂၀၁၄ ခုနှစ် နောက်ပိုင်း ကာလများတွင် စက်ယန္တရား အင်အားမှာ ၁၀ ဆကျော် ကွာဟလာပြီး ယာဉ်ယန္တရား အရေအတွက်မှာလည်း နှစ်နှစ်ကျော် ကာလအတွင်း သုံးဆကျော် များပြားလာကြောင်း သိရသည်။

ဖားကန့်ဒေသခံ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦဘရန်ဆိုင်းက “စက်အင်အားက ၂၀၁၂ နှစ်နဲ့ ဘာမှကို မဆိုင်တော့ဘူး။ အရင်က ဘက်ဟိုး (မြေတူးစက်) က မြင်းကောင်ရေ ၃၀၀ အားပဲရှိတာ အခု အိမ်တစ်လုံးစာလောက် ရှိတယ်။ မြင်းကောင်ရေ ၃၂၀၀ ရှိတယ်။ စက်ယန္တရား အရေအတွက် များလာတာက အရင်က လုပ်တွေထဲ မြေစာပုံတာတွေ လုပ်တယ်။ နီးတော့ မြေသယ်ကားတွေ အများကြီး မလိုဘူး။ အခုက အဲဒီနေရာတွေမှာ တူးနေတော့ စုပေါင်း မြေစာပုံမှာ သွားပစ်ရတာ။ မြေစာပုံတွေ နေ့ချင်းညချင်းတောင် ဖြစ်လာတာ။ အဲဒါကြောင့် မြေပြိုမှုတွေဖြစ်ပြီး လူတွေ သေကြတာ။ နောက်တစ်ခုက တောင်ဖြိုမိုင်း ခွဲတာကလည်း ကြောက်စရာပါ။ ပေနှစ်ဆယ်လောက်ကို မြေထဲဖောက် ကျင်းတူးပြီးခွဲတာ တုန်ခါမှုက အနည်းဆုံး ခြောက်ဖာလုံလောက် ရှိတယ်။ လုပ်ကွက်တိုင်းက သုံးရတော့ မြေစာပုံတွေ ပြိုလွယ်တာလည်း ဖြစ်ပါတယ်။ အခု အလွန်အကျွံ လုပ်ကြတာက အစိုးရသစ် အပြောင်းအလဲ မတိုင်ခင် ရသလောက် လုပ်ကြတဲ့ သဘောပါ။ ကုမ္ပဏီဘက်ကလည်း ဒီလို အသံတွေ ထွက်နေတာပဲ။ ငွေကြေးအရင်းအနှီး ထုတ်ပေးတဲ့ လူတွေက ဘယ်လို ဆန္ဒရှိနေလဲ ဆိုတာလည်း စဉ်းစားစရာပါ။ သူတို့ အခုလိုလုပ်တော့ မြေသယ်ကားတွေ နေ့နေ့ညည မြို့ထဲဖြတ်တယ်။ ယာဉ်တိုက်လို့၊ ဘရိတ်ပေါက်လို့ ၀င်တိုက်တာလည်း ဒီနှစ်ထဲတောင် ခြောက်လောင်းရှိပြီ” ဟု သုံးသပ်သည်။

ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ဖားကန့်ဒေသသို့ ယာဉ်ယန္တရား သယ်ယူသည့် လမ်းကြောင်းမှာ ချင်းတွင်းမြစ်ကြောင်း မှတစ်ဆင့် သယ်ယူခြင်းနှင့် မြစ်ကြီးနား-ဖားကန့် လမ်းပိုင်း သယ်ခြင်းစသည့် လမ်းကြောင်းနှစ်ကြောင်းရှိပြီး ယခုနှစ် ပွင့်လင်းရာသီအတွက် ချင်းတွင်းမြစ်ကြောင်းမှ မြေသယ်ယာဉ်၊ စက်ယန္တရား ၂၅၀ စီးနှင့် မြစ်ကြီးနား-ဖားကန့်လမ်းကြောင်းမှ ၀င်လာသည့် အရေအတွက်မှာ ၅၀ စီး ၀န်းကျင်သာ ရှိသေးကြောင်း ပြောကြားထားသည်။ ကချင်ပြည်နယ် သစ်တောနှင့် သတ္တုတွင်း ၀န်ကြီးဌာနက မူယင်းအရေအတွက်ကို သိရှိထားခြင်း မရှိသေးကြောင်း ပြောကြားသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက် မနက်အစောပိုင်းက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုနှင့် ဆိမ်မှု့အုပ်စုကြားရှိ ဆန်ခတ်ကူး ကျေးရွာအပိုင်းရှိ စွန့်ပစ်မြေစာပုံ ပြိုကျရာ တဲ ၇၀ ခန့် မြေအောက် ရောက်ရှိခဲ့ပြီး လူ၂၀၀ ၀န်းကျင် ပျောက်ဆုံးမည်ဟု ဒေသခံများက ခန့်မှန်းကြသော်လည်း ၁၁၄ ဦး တူးဖော်ပြီး နိုင်ဝင်ဘာ ၂၅ ရက်၌ ရှာဖွေမှု ရပ်ခဲ့သည်။

ဖားကန့်ဒေသတွင် လစဉ်နီးပါး မြေပြိုမှုကြောင့် သေဆုံးမှုများ ရှိခဲ့ပြီး ယခုဖြစ်စဉ်မှာ ၃၆ ကြိမ်မြောက် မြေပြိုလူသေသည့် ဖြစ်စဉ်ဖြစ်ကြောင်း မြေစာပြို သေဆုံးသည့် ဖြစ်စဉ်များ၊ မြေစာပုံများ စနစ်တကျ မစွန့်ပစ်ခြင်းသည်လည်း ဥရုမြစ်ကြောင်းနှင့် ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်များ၌ ရေကြီးလျှံမှုကို ဖြစ်စေသည့် အဓိက အကြောင်းတစ်ခု ဖြစ်လာကြောင်း၊ စနစ်တကျ မတူးပါက ဖားကန့်ဒေသ၏ အနာဂတ်မှာ ဆယ်စုနှစ်ပိုင်း တစ်ခုအတွင်း တိမ်ကော၊ မေးမှိန် လာမည်ဖြစ်ကြောင်း ပညာရှင်များက ဝေဖန်ကြသည်။

ဖားကန့်ဒေသကို အကြိမ်ကြိမ် ကွင်းဆင်း လေ့လာခဲ့ပြီး မြစ်ကြီးနား တက္ကသိုလ် ဘူမိဗေဒဌာနမှ လက်ထောက် ကထိက ဒေါက်တာ အောင်နိုင်သူက “ရေကြီးနှင့် မြေပြိုခြင်းတွေကတော့ လူကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စက်ယန္တရားကြီးနဲ့ လုပ်တယ်။ စွန့်ပစ်မြေစာပုံတွေက ကျေးရွာတွေ၊ လမ်းတွေနဲ့နီးတယ်။ တောင်တွေအားလုံးက ကတုံးတွေချည်း ဖြစ်နေကြပြီ။ တွင်းတွေပိတ်ရင် မြေပြန်ဖို့ပြီး သစ်ပင်တွေ စိုက်ရမယ်ဆိုတာ ရှိပါတယ်။ ဥပဒေက ရှိပေမယ့် မလုပ်ကြဘူးလေ။ မြေကြီးတွေက ကုတ်အားမရှိတော့ မြေကတော့ ပြိုနေမှာပဲ။ မိုးရာသီမှာ မြစ်ချောင်းတွေထဲဝင်ပြီး မြစ်ကြောင်းတိမ်မယ်။ ဒီနှစ် တစ်နိုင်ငံလုံး ရေကြီးတယ်။ စံချိန်တင်တဲ့ မိုးရေချိန်တွေ မဟုတ်ကြဘူး။ နောင်နှစ်တွေလည်း မြန်မာနိုင်ငံ အလယ်ပိုင်းတွေမှာ ရေကြီးဦးမယ်လို့ ခန့်မှန်းရပါတယ်။ စနစ်တကျ ဆက်မလုပ်ရင် အရင်နှစ်တွေထက် ပိုးဆိုးနိုင်တဲ့ အခြေအနေပါ။ မြစ်ကြီးတွေရဲ့ မြစ်ကြမ်းပြင်မှာ အနည်ထိုင်ပြီး ကြမ်းပြင် တိမ်လာတာ ပါတာပေါ့။ ဒီအတိုင်းသာ ဆက်သွားရင် အန္တရာယ်ဆိုးက အတိုင်းအဆ မရှိဘူးလိုပဲ ပြောနိုင်မယ်။ အားလုံး တစ်ကြိမ်တည်း တစ်ပြိုင်တည်း တူးနေတာက မဖြစ်သင့်ဘူး။ မြေစာပုံပြိုတဲ့ ပြဿနာဟာ ပစ်စရာ နေရာမရှိတော့ ဖြစ်ပေါ်လာတဲ့ ပြဿနာပဲ။ ဒီအတိုင်းသာ ဆက်သွားရင် ဖားကန့်မြို့ဟာ ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားလည်း ရှိနေပါတယ်။ ဒီအတိုင်းသာ ဆက်လုပ်ရင် ရတဲ့အကျိုးနှင့် ခံစားရတာဟာ မမျှတနိုင်ဘူး” ဟု သုံးသပ်သည်။

ဖားကန့် ဒေသတွင် ကျောက်စိမ်း တူးဖော်မှုမှာ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက တူးဖော်လာခဲ့ပြီး ၁၉၉၄ ခုနှစ်အထိ လက်မှုလုပ်ငန်း အဖြစ်သာ ရှိခဲ့ကြောင်း ၊ ၁၉၉၄ ခုနှစ်မှ ၂၀၀၂ ခုနှစ်ခန့်အထိ စက်ယန္တရား အငယ်စားများဖြင့် ဖက်စပ် ကုမ္ပဏီများက တူးဖော်လာခဲ့ကြောင်း၊ ယင်း ၂၀၀၂ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတော်နှင့် အကျိုးတူ ကုမ္ပဏီများ၊ ပုဂ္ဂလိက ကုမ္ပဏီများစွာ စက်အင်အား အလုံးအရင်းဖြင့် တူးဖော်ခဲ့ကြရာ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှစ၍ အလွန်ကြီးမားသော စက်ယန္တရားကြီးများဖြင့် ၂၀၁၂ ခုနှစ် မေ ၃၀ ရက်အထိ တူးဖော်ခဲ့ရာတွင် တောင်အလုံး ၆၀ ခန့်နှင့် ယင်းတောင် ပတ်ဝန်းကျင်ရှိ ချောင်းအမြောက်အမြား ပျောက်ကွယ်သွားကြောင်း၊ မှော်ဒေသ အများစုတွင် နာမည်ကျော် ကျောက်စိမ်းများ ထွက်ရှိရာ နေရာများမှာ နောက်ထပ် တူးဖော်စရာ မရှိလောက်အောင် ပျက်ယွင်း ပျောက်ကွယ်သွားကြောင်း ဒေသခံများက ဆိုသည်။

၂၀၁၂ နှစ် အစိုးရ သတ္တုတွင်း ၀န်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိက ကုမ္ပဏီ (၈၀၈) ခု တစ်ဧက လုပ်ကွက်ပေါင်း (၁၅၆၃၈) ကွက်၊ အကျိုးတူ ကုမ္ပဏီ (၂၂၂) ခု လုပ်ကွက်ပေါင်း (၃၀၂ ) ကွက်ရှိပြီး ကျောက်မျက် ကုမ္ပဏီ အများစုမှာ ယခုအချိန်တွင် ပြန်လည် လုပ်ကိုင်နေကြပြီ ဖြစ်သည်။ ဖားကန့်ဒေသတွင် ကျောက်စိမ်း ထွက်ရှိနိုင်သည့် ဒေသများမှာ ကံဆီး၊ လုံးခင်း၊ ဖားကန့်၊ ဆိပ်မူ၊ ဟောင်ပါး၊ တာမခံ စသည့် ကျေးရွာဒေသများ ဖြစ်ပြီး ကျောက်စိမ်းနှင့် ကျောက်စိမ်း မျိုးနွယ်ဝင် ထွက်ရှိနိုင်သည့် ဧကပေါင်း ၁၅၀၀၀ ကျော်ရှိပြီး ယင်းဧက အားလုံးမှာ ပုဂ္ဂလိက ကုမ္ပဏီများနှင့် နိုင်ငံတော်နှင့် အကျိုးတူ ကုမ္ပဏီများလက်သို့ ရောက်ရှိနေကြောင်း သိရသည်။

ဖားကန့်ဒေသတွင် လုပ်ကွက်ပေါင်း မည်မျှရှိသည်၊ ကုမ္ပဏီပေါင်း မည်မျှရှိသည်၊ ယန္တရားအင်အား မည်မျှကို အသုံးပြုနေသည်ကိုပင် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ မသိရကြောင်း ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက နိုဝင်ဘာ ၂၆ ရက်ဖားကန့် ခရီးစဉ်တွင် ပြောကြားခဲ့သည်။

၂၀၁၄ခုနှစ် အစိုးရမှ ကောက်ယူထားသော စာရင်းများအရ ဖားကန့်ဒေသတွင် အိမ်ထောင်စု ( ၃၃၁၂၈ ) သုံးသောင်းသုံးထောင်ကျော်၊ လူဦးရေ (၃၁၂၅၂၈ ) ဦး သုံးသိန်းတစ်သောင်းကျော်၊ ကျေးရွာအုပ်စုပေါင်း ၂၁ စု ကျေးရွာပေါင်း ၁၁၆ ရွာအနက် (၅၄ ) ရွာသာ ပြည်ထဲရေး အမည်ပေါက်ဖြစ်ပြီး ကျေးရွာ (၆၆) ရွာမှာ ထပ်တိုးရွာများဖြစ်ကြောင်း အစိုးရ ရုံးမှတ်တမ်းများအရ သိရသည်။ မြေစာပုံအနီးက ထပ်တွေ့ရွာများကို ထည့်သွင်းခဲ့ခြင်း မရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment