Friday 4 December 2015

ရန်ကုန်တွင် လုယက်မှု စံချိန်တင် ၊ကျူးလွန်သူများကို အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း အုပ်စုဖွဲ့ အကြမ်းဖက် လုယက်မှုများ စံချိန်တင် မြင့်တက် လာမှုကြောင့် လုယက်မှုများ လျော့နည်းကျဆင်းစေရန် ပြစ်မှုကျူးလွန်သူများကို အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ် အထိ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တရားသူကြီးများထံမှ စုံစမ်း သိရှိရသည်။
“လုယက်မှု ကျူးလွန်သူတွေကို ထောင်ဒဏ် ငါးနှစ်လောက်ပဲ အမိန့်ချမှတ်ခဲ့တာ များတယ်၊ အခု နောက်ပိုင်းမှာ လုယက်မှုတွေက လူစည်ကားရာနဲ့ မြို့လယ်ကောင် နေရာတွေမှာပါ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ လုယက်မှုတွေ ဖြစ်လာတာကြောင့် ပြစ်မှုကျူးလွန်ကြောင်း သက်သေခိုင်လုံသူတွေကို အမြင့်ဆုံးပြစ်ဒဏ်အထိ ထိရောက်စွာ အရေးယူဖို့ အထက်က ညွှန်ကြားထားတယ် ” ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ် တရားသူကြီး တစ်ဦးက ပြောကြားသည်။

ယခုနှစ် မေလက အလုံမြို့နယ် ၊ အလုံလမ်းတွင် အငှားယာဉ် တစ်စီးပေါ်မှ အမျိုးသား ငါးဦးက ပလက်ဖောင်းပေါ် လမ်းလျှောက်လာသော အမျိုးသား သုံးဦးကို ဝိုင်းဝန်းထိုးကြိတ်ကာ လုယက်မှု ကျူးလွန်ခဲ့သောကြောင့် ယင်းငါးဦးကို ဒီဇင်ဘာလ ၂ ရက်နေ့က အလုံမြို့နယ် တရားရုံးက တစ်ဦးလျှင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း အလုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

“လုယက်မှု ကျူးလွန်သူတွေကို တရားရုံးက အမြင့်ဆုံးပြစ်ဒဏ် ထောင် ၁၀ နှစ်စီ အမိန့်ချလိုက်တယ်၊ ဥပဒေ အရ ထိရောက်စွာ အရေးယူနိုင်ဖို့ ရဲတပ်ဖွဲ့ကလည်း သက်သေခိုင်လုံအောင် တည်ဆောက်ပြီး ရုံးတော်ကို တင်ပေးခဲ့တယ်၊ လုယက်မှုတွေက ဆက်တိုက်ဖြစ်လာတာကြောင့် ဒီလိုပြင်းထန်တဲ့ ပြစ်ဒဏ်ချမှ ရာဇဝတ်မှုတွေ မကျူးလွန်ရဲတော့မှာ ” ဟု ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ကျော်ထွဋ်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ၁၁ လအတွင်း လုယက်မှုပေါင်း ၅၉ မှုအထိ ဖြစ်ပွားခဲ့ကြောင်း ၊ မြို့နယ်အချို့တွင် ခရီးသွားလာသူများ ဝတ်ဆင်ထားသော ရွှေထည်နှင့် လက်ကိုင်ဖုန်းတို့ကို မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ အကြမ်းဖက် လုယုမှုနှင့် အငှားယာဉ်မောင်း အယောင်ဆောင်ကာ ခရီးသည်များထံမှ ငွေနှင့် ရွှေထည်များ လုယက်မှုတို့မှာ ဆက်တိုက်ဖြစ်ပွားနေပြီး အကြမ်းဖက် လုယက်ခံရမှုကြောင့် အသက်သေဆုံးခဲ့သူ ၁၀ ဦးကျော် ရှိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ မှုခင်းစာရင်းများ အရ သိရှိရသည်။

“တချို့ လုယက်မှုတွေမှာ အမှုတည်ဆောက်ဖို့ မခိုင်လုံသေးလို့ ခိုးမှုနဲ့ အမှုဖွင့်ပြီး တရားရုံး အမှုစွဲတင်ခဲ့ရတာ၊ လုယက်မှုတွေ လျော့လာအောင် ပြစ်မှုကျူးလွန်သူတွေကို ထိရောက်တဲ့ ဥပဒေနဲ့ အရေးယူနိုင်ဖို့ လုယက်မှု ပုဒ်မတွေနဲ့ အမှုတည်ဆောက်ဖို့ကို အထက်က ညွှန်ကြားထားတယ် ” ဟု ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ်တွင် ၁၁ လအတွင်း လုယက်မှုပေါင်း ၄၅ မှုသာ ဖြစ်ပွားခဲ့သော်လည်း ယခုနှစ်တွင် လုယက်မှုပေါင်း ၅၉ မှုအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး၊ ခိုးမှုပေါင်း ၉၇၆ မှုအထိ ဖြစ်ပွားခဲ့ကြောင်း၊ မော်တော်ယာဉ် အစီးလိုက် ခိုးယူခံရမှုနှင့် ဖုန်းအရောင်းဆိုင် ဖောက်ထွင်းခံရမှု ဖြစ်စဉ် အများစု ပါဝင်ခဲ့ကြောင်း မှုခင်းဖြစ်ရပ်များအရ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment