Friday 4 December 2015

ဥစားကြက်များ အလိုအလျောက်ပိုက်တန်းရေတိုက်စနစ်ဖြင့် မွေးမြူထား

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ကုန်ကြီးရွာမအုပ်စု ရေဝင်ကျေးရွာ ရှိ ဒေသခံကျေးလက်ပြည်သူများသည် တောင်ယာ သီးနှံများဖြစ်သော ကြံ၊ ဂျုံ၊ အာလူးစသည့်သီးနှံ များကို စိုက်ပျိုးကြသကဲ့သို့ မွေးမြူရေးလုပ်ငန်းများ ကိုပါ တွဲဖက်လုပ်ကိုင်ကြသဖြင့် မိသားစု စားဝတ် နေရေး အဆင်ပြေကြောင်း သိရသည်။
အဆိုပါဒေသသည် တိုင်းရင်းသားအများစု နေထိုင်ကြပြီး ယင်းရွာအနီးရှိ ကော်ဖီခြံအတွင်း ၌ ဥစားကြက်များကို အလိုအလျောက်ပိုက်တန်း ရေတိုက်စနစ်ဖြင့် စီးပွားဖြစ်မွေးမြူထားသဖြင့် လုပ်ငန်းရှင်များ အဆင်ပြေသလို နေ့စားအလုပ် သမားများ နေ့စဉ်ပုံမှန်ဝင်ငွေရရှိသဖြင့် အဆင်ပြေ ကြောင်း သိရသည်။

''ဥစားကြက်အကောင်ရေ သုံးသောင်းခန့် မွေးမြူထားပါတယ်။ ဥစားကြက်တစ်ကောင်ဖြစ်ဖို့ဆိုတာ တော်တော်ကို ဂရုစိုက်မွေးမြူရပါတယ်။ တစ်ရက်သားမှ လေးလသားအထိ(ကြက်ပေါက်)လေးလသားမှ ၂၂ ပတ်သားအထိ (ဥစမ်း-မဒါန်း) ၂၂ ပတ်သားမှ ၂၆ ပတ်သားအထိဆို ကောင်းမွန်စွာ ရောင်းတန်းဝင် ဥရရှိပါတယ်။ ဥထွက်နှုန်းအနေနဲ့ ရာသီဥတုနဲ့လိုက်၍ ဥထွက်နှုန်း တက်/ကျ ရှိပါ တယ်။ ဥစားကြက်တစ်ကောင်ရဲ့ ဥနိုင်တဲ့သက်တမ်း အနေနဲ့ ၅၄ ပတ် သက်တမ်းရှိပါတယ်။ ဥစားကြက် တစ်ကောင်ရဲ့ တန်ဖိုးအနေနဲ့ တစ်သားမှ ဥရတဲ့ အချိန်အထိ တစ်သောင်းခန့်ရှိပါတယ်''ဟု ယင်း ကျေးရွာမှ ဥစားကြက်မွေးမြူးရေးခြံပိုင်ရှင်က ဆိုသည်။

''ကြက်စာကိုတော့ သာမန်ကြက်စာကျွေးလို့ မရပါဘူး။ ပြောင်း၊ ပဲပုပ်၊ ပဲဖတ်စသည်တို့ကို ဝယ်ယူကျွေးရပါတယ်။ အထူးသဖြင့် ဥစားကြက် တွေဟာ ရေတအားသောက်ပါတယ်။ အဲဒါကြောင့် အလုပ်သမားအင်အားနဲ့တင် မလုံလောက်ဘူး။ဥစားကြက်တွေအတွက် သီသန့်လူမပါဘဲ ရေတိုက် စနစ်ဖြစ်သော ပိုက်တန်းအလိုအလျောက် ရေတိုက် စနစ်ကိုပါ လုပ်ထားရပါတယ်။ နေ့စဉ်ကြက်ခြံ အလုပ်သမား တစ်ဦးကို ငွေကျပ် ၃ဝဝဝ ပေးရ ပါတယ်။ တင်ပို့ရောင်းချမှုအနေနဲ့ ပြင်ဦးလွင်၊ မန္တလေးအစရှိတဲ့ မြို့ကြီးတွေကို တင်ပို့ရောင်းချ ပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါဒေသခံ ဥစားကြက်မွေးမြူရေးလုပ်ငန်း ရှင်များသာမက နေ့စားအလုပ်သမားများပါ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေကြောင်းသိရသည်။

ကျော်ကျော်(မလှိုင်)
မြ၀တီ

No comments:

Post a Comment