Friday 18 December 2015

ဝန်ထမ်းတစ်ဦး အင်ဂျင်ထဲညပ်ပြီး သေဆုံးမှုအတွက် အိန္ဒိယလေကြောင်းလိုင်း လေယာဉ်မှူးများကို ပျံသန်းခွင့် ဆိုင်းငံ့

စက်မှုဆိုင်ရာ ဝန်ထမ်းတစ်ဦး လေယာဉ်အင်ဂျင်ထဲ ညပ်ပြီး သေဆုံးခဲ့မှုအတွက် အဆိုပါ လေယာဉ်မှ လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးတို့ကို အိန္ဒိယလေကြောင်းလိုင်းက ပျံသန်းခွင့် ဆိုင်းငံ့ထားလိုက်ကြောင်း သိရှိရသည်။
မွမ်ဘိုင်းတွင် အိန္ဒိယလေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် AI619 လေယာဉ်ရပ်နားထားစဉ် ဒီဇင်ဘာ ၁၆ ရက်က လေယာဉ်ကို ရုတ်တရက် စက်နှိုးလိုက်ခြင်းကြောင့် အနီးရှိ ဝန်ထမ်းကို လေယာဉ်အင်ဂျင်က စုပ်ယူသွားပြီး ဝန်ထမ်း သေဆုံးသွားခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်ကို အိန္ဒိယလေကြောင်း မတော်တဆမှုများ စုံစမ်းစစ်ဆေးရေး ဗျူရိုက တာဝန်ယူကိုင်တွယ် စစ်ဆေးလျက်ရှိသည်။ အစောပိုင်းတွင် လေကြောင်းလိုင်း၏ ထုတ်ပြန် ကြေညာချက်အရ တွဲဖက်လေယာဉ်မှူးက အင်ဂျင်အနီး လူရှိနေသည်ကို မသိဘဲ စက်နှိုးလိုက်မိခြင်းဟု သိရှိရသည်။

PTI သတင်းဌာနက လေယာဉ်ကွင်းဝန်ထမ်းများ၏ အချက်ပြမှုကို မမှားသင့် မမှားထိုက်စွာ အဓိပ္ပါယ်ကောက်လွဲမှားပြီး လေယာဉ်မှူးများက အင်ဂျင်ကို စက်နှိုးလိုက်ခြင်းဟု ဖော်ပြခဲ့သည်။ သေဆုံးသူ ရာဗင်ဆူဘရာမာနီယန်၏ ခန္ဓာကိုယ်မှာ အင်ဂျင်ထဲတွင် ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့သည်။

အိန္ဒိယ လေကြောင်းလိုင်း၏ ဥက္ကဋ္ဌဖြစ်သူ အက်ရှ်ဝါနီ လိုဟာနီက ယခုမတော်တဆမှုသည် အပြန်အလှန် ဆက်သွယ်မှုအပိုင်း
တွင် လစ်ဟာရာမှ ဖြစ်ပွားခဲ့ခြင်းဟု မွမ်ဘိုင်းရှိ ချာထရာပတ္တိ ရှီဝါဂျီ လေဆိပ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းက အခြားအသေးစိတ် အချက်အလက်များကို မှတ်ချက်ပေးရန်မူ ငြင်းဆိုသွားသည်။

“ဘာတွေ ဖြစ်သွားတယ်ဆိုတာကို ဘယ်သူမှ ရုတ်တရက် မသိလိုက်ဘူး။ အရမ်းမြန်တယ်။ စက်ပိုင်းဆိုင်ရာထိန်းသိမ်းရေး ဝန်ထမ်းတစ်ယောက်ကို အင်ဂျင်က ဆွဲစုပ်သွားတယ်ဆိုတာပဲ သိလိုက်ကြတယ်”ဟု အခင်းဖြစ်ရာ နေရာတွင် ရှိနေသူတစ်ဦးက PTI သို့ ပြောကြားခဲ့သည်။ လေယာဉ်ကို ဂိုဒေါင်ထဲမှ ဆွဲကားဖြင့် ထုတ်ယူနေစဉ် ယခုလို ဖြစ်ပွားခြင်းဟုလည်း သိရသည်။

ယခုအခါ အိန္ဒိယ အစိုးရပိုင် လေကြောင်းလိုင်းသည် ဖြစ်ရပ်တွင် ပါဝင်ခဲ့သည့် လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့ကို ပျံသန်းခွင့် ဆိုင်းငံ့ပိတ်ပင်ထားလိုက်သည်။ အိန္ဒိယလေကြောင်းလိုင်းသည် ကြီးမားသည့် ကြွေးမြီပြဿနာများနှင့် ရုန်းကန်နေရပြီး နည်းပညာပိုင်း အားနည်းချက်များ၊ ခရီးစဉ်နှောင့်နှေးမှုများကြောင့်လည်း နာမည်ပျက်နေသည်။ အဆိုပါ လေကြောင်းလိုင်းသည် (၂၀၀၇)ခုနှစ်နောက်ပိုင်း နှစ်တိုင်း အရှုံးပေါ်လျက် ရှိသည်။

၂၀၀၉ ခုနှစ်ကလည်း ခရီးသည် ၁၀၆ ဦးကို တင်ဆောင် ပျံသန်းနေစဉ် အိန္ဒိယလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး
အတွင်း၌ လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းများ လုံးထွေးသတ်ပုတ်ပြီး ပြဿနာတက်ခဲ့ဖူးကြောင်း သိရှိရသည်။

Ref: BBC

No comments:

Post a Comment