Sunday 13 December 2015

ဒီချုပ်ဦးဆောင်၍ နိုင်ငံတစ်ဝန်း အမှိုက်ကောက်

ကျောက်ပန်းတောင်းမြို့တွင် ဒီဇင်ဘာ ၁၂ ရက်က အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်နေစဉ် (ဓာတ်ပုံ − ဌေးအောင်)
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးအများစုတွင် ဒီဇင်ဘာ ၁၂ ရက်ကစ၍ ဒီချုပ် ပါတီဝင်များ ဦးဆောင်သည့် အမှိုက်ကောက် လှုပ်ရှားမှုများ တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြသည်။
ယင်းလုပ်ဆောင်ချက်သည် ရွေးကောက်ပွဲအပြီး တစ်နိုင်ငံလုံး အတိုင်းအတာ လူထုပါဝင်မှုရှိ လာသည့် လှုပ်ရှားမှုတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် တစ်ပြိုင်တည်း အမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခြင်းလည်း ဖြစ်သည်။

ရွေးကောက်ပွဲ အနိုင်ရဒီချုပ် ပါတီကိုယ်စားလှယ်လောင်းများ အား သက်ဆိုင်ရာမြို့နယ်များတွင် အမှိုက်ကောက်ရန် ဒေါ်အောင် ဆန်းစုကြည်က ညွှန်ကြားခဲ့ပြီး နောက် အနိုင်ရလွှတ်တော်ကိုယ် စားလှယ်များဦးဆောင်၍ ဒီဇင်ဘာ ၁၂ ရက်မှစ၍ အမှိုက်ကောက်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မြို့တွင် အနုပညာရှင်များ အမှိုက်ကောက်နေစဉ် (ဓာတ်ပုံ - နစ်ကီ)

မြို့နယ်တစ်မြို့နယ်လျှင် ပူးပေါင်းပါဝင်သူဦးရေ ၁၀၀ ကျော်ရှိကြောင်း ဦးဆောင်သူများက ဆိုသည်။ နံနက် ၇ နာရီမှစတင်၍ သတ်မှတ်ဧရိယာအလိုက် အမှိုက်ကောက်သည့်အစီအစဉ် စတင်ခဲ့ကြပြီး အများစုသည် နံနက် ၁၁ နာရီခန့်တွင်ရပ်နားကာ နောက်တစ်ရက်အတွက် အစီအစဉ်ရေးဆွဲမှုများ ပြုလုပ်ခဲ့ကြသည်။

အမှိုက်ကောက်သန့်ရှင်းရေး ပြုလုပ်ခြင်းကို ရန်ကုန်မြို့ရှိ မြို့ နယ်တိုင်းနီးပါးတွင် တစ်ပြိုင် တည်း စတင်ခဲ့ပြီး လားရှိုး၊ တောင်ကြီး၊ မုံရွာ၊ မော်လမြိုင်၊ မိတ္ထီလာ၊အင်းတော်၊ ထားဝယ်၊ မြိတ်၊ တောင်ကြီး၊ ကျောက်ပန်းတောင်း ရွှေဘို အစရှိသည့် မြို့များ၌လည်း ပြုလုပ်ခဲ့ကြသည်။ အချို့မြို့များတွင် ဒီဇင်ဘာ ၁၃ ရက်မှ စတင်လုပ်ဆောင်ရန် ပြင်ဆင်နေကြသည်။

လူထုပါဝင်မှုသည် အားရစရာ အခြေအနေရှိသည်ဟု အနိုင်ရ လွှတ်တော်အမတ်များက တညီ တညွတ်တည်း ပြောကြားကြသည်။

ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၁၂ ရက်က အမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်နေသော ပြည်သူများ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

‘‘လမ်းဘေးဈေးသည်တွေ ကအစ ပူးပေါင်းပါဝင်မှုရှိတယ်။ တချို့လမ်းတွေဆို ကိုယ်တွေအ ဖွဲ့မရောက်ခင်ကတည်းက သူတို့ အစီအစဉ်နဲ့ သူတို့ရှင်းထားပြီး သားအထိ တွေ့ရတယ်’’ဟု အနိုင်ရ အမျိုးသားလွှတ်တော်အမတ် ဦးဘမျိုးသိန်းက ပြောသည်။

‘‘နှစ်လလောက်တော့ ကောက်သွားမယ် မှန်းထားတယ်။ နောက်ပိုင်းကျရင်တော့ ၁၅ ရက် တစ်ကြိမ်လောက် လုပ်ဖြစ်မယ် ထင်တယ်’’ဟု သင်္ဃန်းကျွန်းမြို့ နယ်မှ အနိုင်ရပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလဝန်းက ပြောသည်။

အမှိုက်ကောက်ယူမှုကို ဒီချုပ်ပါတီဝင်များက ဦးဆောင်သည်ဆိုသော်လည်း ပြည်သူများ၊ အနုပညာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသန့်ရှင်းရေးဌာနကပါ ပူးပေါင်း ပါဝင်လာခြင်းသည် သမိုင်းတစ်လျှောက် ပထမဆုံးတွေ့မြင်ရသည့် မြင်ကွင်းဖြစ် သည်။

‘‘အရင်က မရှိဘူးလားဆို တော့ ရှိတယ်လေ။ ဟန်ပြသက် သက်တွေပဲများတယ်။ ဓာတ်ပုံ အရိုက်ခံဖို့လောက်ပဲ လုပ်ကြတာ များတယ်။ အတင်းခေါ်လို့ လာရ တာတွေရှိခဲ့တယ်။ အခုလို လိုလို လားလားပါဝင်မှုကတော့ မရှိခဲ့ ဘူး’’ဟု မင်္ဂလာဒုံမြို့နယ်နေ အငြိမ်းစားကျောင်းအုပ်ဆရာ ဦးအေး မောင်က ဆိုသည်။

အထူးသဖြင့် ယခင်က လူမှု ရေးအသင်းအဖွဲ့များ အမှိုက် ကောက်ခြင်းကို ကန့်သတ်တား မြစ်မှုရှိခဲ့သည့် စည်ပင်သာယာအ နေဖြင့် ယခုအခါ ပူးပေါင်းပါဝင်မှု ပြုလုပ်လာခြင်းသည် အပြောင်း အလဲတစ်ခုအတွက် အစပျိုးမြင် ကွင်းအဖြစ် ယူဆနိုင်သည်ဟု ရန်ကုန်နာရေးကူညီမှုအသင်း ဒုတိ ယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က မှတ်ချက်ပြုသည်။

ပါတီတစ်ခု၏ ဦးဆောင်အ မှိုက်ကောက်လှုပ်ရှားမှုကို စည်ပင်သာယာရေးကော်မတီက မော်တော်ယာဉ်နှင့် သန့်ရှင်းရေးဝန် ထမ်းအင်အားပါ ပံ့ပိုးကူညီမှုပေး လာခဲ့သည်။

‘‘အရင်က အမှိုက်ကောက် တာ သူတို့အလုပ်ကို နှောင့်ယှက် တယ်မြင်တာရယ်၊ ပြည်သူက သူ တို့ထက် ပိုလုပ်တာမြင်ပြီး သူတို့ ကို မယုံမကြည်ဖြစ်မှာ စိုးတာရယ်ကြောင့် ကန့်သတ်မှုတွေရှိခဲ့တယ်။ အခုက လူထုလိုလားတဲ့ အစိုးရ ပြောင်းတော့မယ်ဆိုတာလည်း သူတို့သိပြီ၊ အပြောင်းအလဲတစ်ခု ဖော်ဆောင်မယ့် အစိုးရသစ်ရဲ့ လုပ်ငန်းစဉ်ကို ကန့်ကွက်ရင် အ ပြစ်တစ်ခု ကျူးလွန်သလိုဖြစ်တော့ မယ်ဆိုတာ နားလည်လို့ ပါဝင်လာတယ်လို့ ယူဆတယ်။ ဒါလည်း ဖြစ်သင့်တဲ့ အပြောင်းအလဲတစ်ခု ပဲ’’ဟု ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ယင်းသို့ ကူညီဆောင်ရွက်ပေးမည့်အကြောင်းကို လွန်ခဲ့သည့်တစ်ပတ်ကျော်ကတည်းက ထုတ်ဖော်ပြောကြားထားသည်။

ရှမ်းပြည်နယ် ပင်းတယဆေးရုံတွင်မူ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများကို ဦးဆောင်ကာ အမှိုက်ကောက်သန့်ရှင်းရေး ပြုလုပ်ခဲ့သည်။

ထိုသို့ ဝန်ထမ်းများကို ဦး ဆောင်ကာ အမှိုက်ကောက်သန့် ရှင်းရေးပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါက်တာသန်းမင်းထွဋ်က ‘‘ကိုယ့်တာဝန်ကိုယ်ယူရတယ်ဆိုတဲ့အသိ လူတွေရင်ထဲရှိအောင်လို့’’ဟု ပြောကြားသည်။

အမှိုက်ကောက်ရာတွင် ပါဝင်ရခြင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြော စကားတစ်ခွန်းအပေါ် လိုက်နာ ရန် တာဝန်ရှိသည်ဟုယူဆ၍ ပူး ပေါင်းပါဝင်ခြင်းဖြစ်သည်ဟု ကမာရွတ်မြို့နယ် (၄)ရပ်ကွက်နေကိုအောင်သူက ပြောသည်။

အမှိုက်ကောက်သည့် ကိစ္စ နှင့်ပတ်သက်၍ ထင်မြင်ချက်အ မျိုးမျိုးရှိနေသော်လည်း အများစု ကမူ အနာဂတ်အတွက် ကောင်း မွန်သည့် ရှေ့ပြေးလုပ်ဆောင် ချက်အဖြစ် ရှုမြင်သူများလည်းရှိသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ၎င်း၏လွှတ်တော်အမတ်များအား မည်သည့်အတွက်ကြောင့် အမှိုက်ကောက်ရန် စေခိုင်းသည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

‘‘ပထမအချက်က လွှတ် တော်ကိုယ်စားလှယ်တွေနဲ့ ပြည် သူတွေကို ရင်းနှီးအောင် ပေါင်း စပ်ပေးတယ်လို့ ထင်ပါတယ်။ ဒုတိယအချက်က လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပြည်သူအ ပေါ် စည်းရုံးရေးစွမ်းအင်ကို စမ်း သပ်ကြည့်တာလို့ မြင်ပါတယ်’’ဟု တောင်တွင်းကြီးမြို့နယ် စန္ဒာ- သူရိယ ကျန်းမာပညာကူညီရေး အသင်းမှ ကိုအောင်ကျော်ကျော် က ၎င်း၏ထင်မြင်ချက်ကို မှတ် ချက်ပြုပြောကြားသည်။

အဆိုပါလှုပ်ရှားမှု မည်မျှထိရောက်အောင်မြင်မည်ကို မသိနိုင်သေးသော်လည်း အမှိုက်ကောက်ယူမှုသတင်းပုံရိပ်များနှင့်အတူ ကိုယ်တိုင်အမှိုက် ကောက်ယူသည့်အထဲ ပါဝင်ခြင်းမရှိသူအချို့က စနစ်တကျအမှိုက်စွန့်ပစ်မှုလုပ်မည်ဟူသော ၎င်းတို့ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ရေးသားမှုအချို့ကို တွေ့မြင်လာရသည်။

‘‘ကိုယ်မကောက်နိုင်ပေမယ့် မပစ်ဘဲနဲ့ တတ်နိုင်သလောက် ပါဝင်မယ်’’ဟု ဝေလင်းအမည်ဖြင့် အင်တာနက်သုံးစွဲသူတစ်ဦးက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

ယင်းကဲ့သို့ အမှိုက်ကောက် ၍ မြို့ရွာသန့်ရှင်းရေးဆောင်ရွက် သည့်လုပ်ငန်းမှာ အချိန်ကာလအ ကန့်အသတ်မရှိ လုပ်ဆောင်ရန် လိုအပ်ပြီး အမှိုက်ကောက်သည့် အဆင့်တစ်ဆင့်တည်းဖြင့် မလုံလောက်နိုင်သေးကြောင်း ဒေါ်သန်းမြင့်အောင်က ပြောသည်။

‘‘အမှိုက်ကောက်စရာမလို တော့တဲ့အထိ ကောက်ဖို့လိုတယ်။ အမှိုက်ကောက်စရာ မရှိတော့ အောင်ဆိုတာက ပြည်သူတွေအ မှိုက်ပစ်ချတဲ့ အလေ့အကျင့် ပျောက်အောင် စည်းရုံးလှုံ့ဆော် နိုင်ဖို့ကို ဆိုလိုတာပါ။ လုပ်နိုင် မယ်လို့လည်း ထင်တယ်။ ဘာ ကြောင့်လဲဆိုတော့ သာမန်လူတစ် ယောက်ပြောတာထက် လူထုက လက်ခံယုံကြည်တဲ့သူတစ်ယောက်ပြောတဲ့စကားက မတူဘူးလေ’’ဟု၎င်းက ဆက်လက်ပြောကြားသည်။

7Day Daily

No comments:

Post a Comment