Monday 30 November 2015

အကြမ်းဖက် တိုက်ခိုက်ခံရသည့် ပါရီ ပြဇာတ်ရုံသို့ အိုဘားမား သွားရောက်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရှိ အကြမ်းဖက် တိုက်ခိုက်ခံရသော Bataclan ကဇာတ်ရုံသို့ အမေရိကန် သမ္မတ ဘာရတ် အိုဘားမား သွားရောက်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၏ ကမ္ဘာ့ရာသီဥတု ညီလာခံ တက်ရောက်ရန် ပါရီသို့ ရောက်ရှိခဲ့သည့် အိုဘားမားသည် ထိုမှတစ်ဆင့် အထူးယာဉ်တန်းဖြင့် Bataclan ပြဇာတ်ရုံသို့ ဆိုက်ရောက်လာခဲ့သည်။ ကားပေါ်မှ ဆင်းလာချိန်တွင် အမေရိကန် သမ္မတလက်၌ အမှတ်တရ နေရာတွင် ချထားရန် နှင်းဆီပန်း အဖြူတစ်ပွင့်ကို ကိုင်ဆောင် လာခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်က ပါရီမြို့တော်ရှိ နေရာအချို့တွင် လက်နက်ကိုင် အကြမ်းဖက်သမားများက ဖြန့်ကျက် တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၃၀ သေဆုံးပြီး ၃၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့အနက် သေဆုံးသူ ၉၀ မျှသည် Bataclan ပြဇာတ်ရုံတွင်း ပစ်ခတ်မှုမှ ဖြစ်သည်။

နိုဝင်ဘာ ၂၉ ရက် ညပိုင်း၊ အိုဘားမား လာရောက်မှု မတိုင်မီ အဆိုပါ နေရာတွင် လုံခြုံရေး အထူးကြပ်မတ်ထားပြီး ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည့် ဧရိယာ အနီးတဝိုက်တွင် ရဟတ်ယာဉ်များ ပျံသန်းနေခဲ့သည်ကို တွေ့ရသည်။

Air Force One လေယာဉ်ဖြင့် Orly လေဆိပ်သို့ ဆိုက်ရောက်လာပြီး ခဏအကြာတွင်ပင် အိုဘားမား၏ ယာဉ်တန်းသည် ပြဇာတ်ရုံသို့ ဆိုက်ရောက်လာခြင်း ဖြစ်သည်။ ယူဆောင်လာသည့် နှင်းဆီပန်းကို သတ်မှတ်နေရာတွင် ချထားပြီးနောက် အိုဘာမားသည် ဦးခေါင်းကို ငုံ့ကာ ခေတ္တ ငြိမ်သက်နေပြီး သေဆုံးသူများကို အောက်မေ့ အသိအမှတ်ပြုခဲ့သည်။ ထို့နောက်တွင်မူ ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်ဒေး၊ ပါရီမြို့တော်ဝန် အန်နာ ဟီဒယ်လ်ဂိုတို့နှင့်အတူ ပြန်လည် ထွက်ခွာသွားသည်။

ပါရီတိုက်ခိုက်မှုသည် မိမိတို့ လက်ချက်ဖြစ်ကြောင်း အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက ကြေညာထားသည်။ ပြင်သစ် အစိုးရ ရှေ့နေများက အဆိုပါ အကြမ်းဖက်မှုတွင် စစ်သွေးကြွ ၁၁ ဦးမျှ ပါဝင်ကာ အဖွဲ့ ၃ ခုခွဲ၍ စနစ်တကျ တိုက်ခိုက်ခဲ့ခြင်းဟု ယူဆထားသည်။ အကြမ်းဖက်သမားများအနက် ၉ ဦးကို သုတ်သင်ခဲ့ပြီး ဖြစ်သော်လည်း ဆာလား အက်ဘ်ဒီဆာလမ်နှင့် မိုဟာမက် အေဘရီနီတို့မှာမူ လွတ်မြောက်နေဆဲ ဖြစ်သည်။

Ref: CNN
7Day Daily

No comments:

Post a Comment