Monday 30 November 2015

စားသုံးရန် မသင့်သော အစားအစာများ အကြောင်း ကျောင်းသားများကို ပညာပေးမည်

ကျောင်းမုန့်ဈေးတန်းမှ အစာစားသုံးရန် မသင့်သော အစားအစာများနှင့် ပတ်သက်၍ အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများကို ပညာပေး ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန FDA ထံမှ သိရသည်။

““ကျောင်းသားတွေကို တားမြစ်ထားတဲ့ မုန့်တွေမစားဖို့၊ အစားအသောက်ကို ရောနှောမစားဖို့၊ လက်သန့်ဖို့ အစားအသောက်ကို ရွေးချယ် စားသောက်တဲ့ အခါမှာ ဘယ်လို အစားအစာတွေက ယေဘုယျအားဖြင့် အဟာရတန်ဖိုး နည်းတယ်၊ စားမယ်ဆိုရင် ဘယ်လိုမျိုး အန္တရာယ် တွေရှိနိုင်တယ် ဆိုတာတွေကို ပညာပေး ဟောပြောမှာပါ””ဟု ဧရာဝတီတိုင်း ဒေသကြီး FDA  ဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာ ပြည့်ဖြိုး ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျောင်းမုန့်ဈေးတန်းမှ အစားအစာများနှင့် အခြားပြင်ပ အစားအစာ (၂၇၄)မျိုးကို နမူနာ ကောက်ယူ၍ စစ်ဆေးရာ ကျောင်းမုန့် ဈေးတန်းမှ စုပ်လုံးများ ဝေဖာလုံးများ၊ ဂျယ် လီများနှင့် အရောင်ပါသော မုန့်များသည် စားသုံးရန် မသင့်ဟု ဧရာဝတီတိုင်းဒေသ ကြီး  FDA က ထုတ်ပြန်ထားသည်။

အဆိုပါ ပညာပေးဟောပြောပွဲကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ပထမသီတင်းပတ် မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြုလုပ်သွားမည်ဖြစ်သည်။

FDA မှ စစ်ဆေးရှာဖွေ တွေ့ရှိမှုများ အရ စားသုံးရန်မသင့်သော အစားအစာ များကိုလည်း ကျောင်းသားများ နားလည်စေရန် ပရိုဂျက်တာဖြင့် ပြသကာ ပညာပေး ဆွေးနွးမှုများ ပြုလုပ်သွားမည်ဟု ဒေါက်တာပြည့်ဖြိုးက ပြောသည်။

““ဒီမှာပါတဲ့ ဆိုးဆေးကြောင့် လတ်တလော မူးမယ်၊ အန်မယ်၊ နောက် အာရုံကြော ထိခိုက်နိုင်သလို ရေရှည်မှာတော့ ကျောင်းသားတွေ ဉာဏ်ရည်ထိခိုက်နိုင်သလို ကင်ဆာရောဂါထိ ဖြစ်နိုင်တယ်””ဟု ပုသိမ်ဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန်တစ်ဦးက  ပြောသည်။

ကျောင်းသားများအား ပညာပေး ဟောပြောမှုနှင့်အတူ မုန့်ဈေးတန်းအရောင်း ဆိုင်များကိုလည်း တားမြစ်ထားသော အစားအသောက်များကို ရောင်းချခြင်း မပြုရန် ဆက်တိုက် ညွှန်ကြားမှုများ ဆောင် ရွက်သွားမည်ဟု တိုင်းဒေသကြီး FDA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Messenger News Journal​ 

No comments:

Post a Comment