Tuesday 30 June 2015

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်နေတဲ့ ဂိုးကျော်ဇင်ဖြိုး သူ့ဇနီးနားလည်အောင် ဘယ်လိုရှင်းပြထားရသလဲ

U-23 မြန်မာ့လက်ရွေးစင် ဂိုးသမား ကျော်ဇင်ဖြိုးဟာ ဒီကနေ့မနက်ပိုင်းမှာ သူရဲ့ဇာတိဖြစ်တဲ့ ပဲခူးတိုင်း အနောက်ပိုင်း ရွှေတောင်မြို့ကို အလည်ပြန်လာခဲ့ပါတယ်။ သူ့ရဲ့ဇာတိမြို့က လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူ ဝမ်းမြောက် စွာ ကြိုဆိုခဲ့ကြပါတယ်။


ကျော်ဇင်ဖြိုးနဲ့တွေ့တဲ့အခါ အသက်ကြီးငယ်မရွေး အမျိုးသမီး၊ အမျိုးသားတွေက ဓါတ်ပုံတွဲရိုက်ခဲ့ကြ ပါတယ်။ အဲဒီလို တွဲရိုက်တဲ့အထဲမှာ အမျိုးသမီးအရေအတွက်ဟာ ပိုများနေတာပါ။ ဒါ့ထက် Facebook ပေါ်မှာလဲ ကျော်ဇင်ဖြိုးကို ဝန်းရံကြဆိုတဲ့ အမျိုးသမီးပရိတ်သတ်ဟာလည်း မနည်းပါဘူး။ ဒီတော့ သူရဲ့ဇနီးသည်အနေနဲ့ စိုးရိမ်မှုတွေရှိခဲ့ပေမဲ့ ပြည်သူတွေချစ်တာ ဘောလုံးအားကစားပါဆိုတာကို အထင် မလွဲအောင် ရှင်းပြထား ရတယ်လို့ သူကပြောပါတယ်။

“၁၂ရက် ၊ ၁၂လ ၊ ၂၀၁၂ မှာ ကျနော် အိမ်ထောင်ကျတယ်၊ ကျနော်ဇနီးသည်က ကျနော်အပေါ် နားလည် ပေးပြီး ဒီဘောလုံး အားကစားအပေါ် အများကြီး ပံ့ပိုးခဲ့တာပေါ့ ။ ဇနီးတယောက်အနေနဲ့ ကိုယ့်ယောင်္ကျားကို သဝန်တိုတာမျိုးတော့ ရှိတာပေါ့။ ဒါပေမဲ့ နားလည်းအောင် ရှင်းပြပြီး နားလည်မှုပြန်ယူရတာပေါ့။ အဲဒီလိုမျိုး အားပေးကြတယ်ဆိုတာဟာ ကျနော်ရဲ့အောင်မြင်မှုနဲ့ ဘောလုံးအားကစားကို ချစ်ကြတာပါ။ ကျန်တာ ဘာမှမပါ ပါဘူး ဘောလုံးအားကစားကို ဂုဏ်ပြုတဲ့အနေနဲ့ပါ။” လို့ ကျော်ဇင်ဖြိုးက ဧရာဝတီကို ပြောပါ တယ်။

လက်တလောမှာလဲ ဘောလုံးအားကစားအပြင် စီးပွားရေးလုပ်ငန်းတွေအတွက် ကြော်ငြာဓါတ်ပုံတွေလည်း ရိုက်နေပေမယ့် သူရဲ့ ပင်ကိုယ်ဝါသနာဖြစ်တဲ့ ဘောလုံးအားကစားဘက်မှာလည်း မထိခိုက်အောင် စီစဉ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။ “အခုလောလောဆယ် စာချုပ်တခုချုပ်ထားပါတယ် Brand ငှက်သိုက်အတွက် ဓါတ်ပုံရိုက်ဖို့နဲ့ မျက်နှာသစ်ဆေးကုမ္ပဏီတခုနဲ့လည်း စာချုပ်ချုပ်ထားပါတယ်။ နောက်ထပ် သုံးလေးခုလောက်လဲ စာချုပ်ချုပ်ဖို့ ရှိပါသေးတယ်။ အသင်းအပေါ် မထိခိုက်ဖို့ ညှိနေပါတယ်။” လို့ သူကဆက်ပြောပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၈ ကြိမ်မြောက် SEA GAMES ပြိုင်ပွဲအတွင်း ဘောလုံးကစားသမားတွေရဲ့ ဘုန်းကြီးကျောင်းတခုမှာ ထမင်းသွားစားနေတဲ့ပုံတွေ နောက် ဒုသမ္မတဦးဥာဏ်ထွန်းက လာရောက်နှုတ်ဆက်တဲ့ အချိန် အားကစားသမားတွေနဲ့ အုပ်ချုပ်သူ နည်းပြတွေက ရိုရိုကျိုးကျိုး ပြန်လည်နှုတ်ဆက်နေရပုံတွေဟာ ဖေ့ဘုတ်စာမျက်နှာတွေထက်ကို ရောက်ရှိလာပြီး အဲ့ဒါနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုနေကြတာတွေ ဖြစ်ပေါ်ခဲ့လေတော့ အဲ့ဒီအချိန်တုန်းက ဒုသမ္မတ ဦးဥာဏ်ထွန်းက ဘာတွေ ပြောခဲ့ သလဲဆိုတာနဲ့ ဘုန်းကြီးကျောင်းမှာ ဘာကြောင့် ထမင်းစားရသလဲဆိုတာကို သူအား မေးမြန်း ကြည့်မိ ပါတယ်။ 

“သူတို့စီစဉ်ပေးတဲ့ ဟိုတယ်နဲ့ ဘုန်းကြီးကျောင်းက နီးနီးလေးဆိုတော့ အစားအသောက်တွေက သူတို့ ကျွေးတဲ့ ဟာတွေ မစားတတ်ဘူးလေ၊ အဲဒါနဲ့ အပြင်က မြန်မာထမင်းဟင်းတွေ ဝယ်ပြီး ဘုန်းကြီးကျောင်းမှာ သွားစားကြတာပါ။ ဒုသမ္မတလာတုန်းက ဒီလိုပါပဲ ကြိုးစားပေါ့ နိုင်ငံတော်အတွက် ရွှေယူပေးပါတဲ့ ဒါပါပဲ။” လို့ သူကပြောပါတယ်။ ရွှေတောင်မြို့ဇာတိဖြစ်တဲ့ ကျော်ဇင်ဖြိုးဟာ ၂၀၀၆ ခုနှစ်မှာ မြန်မာ့အားကစား သိပ္ပံမှာ ဘောလုံးပညာရပ်ကို သင်ကြားခဲ့ပြီး ၂၀၁၀ ခုနှစ်ကနေ ဒီကနေ့အချိန်အထိ မကွေးဘောလုံး အသင်းမှာ ကစားနေပါတယ်။ မူလတန်းအဆင့် ကျောင်းသားဘဝကတည်းက ဘောလုံးအားကစားမှာ ထူးချွန်ခဲ့လို့ ခရိုင်အဆင့်ရွေးချယ် ခံခဲ့ရဖူးဖြစ်သလို အခုလို U-23 လက်ရွေးစင်အဆင့် အားကစားသမား တဦးဖြစ်ဖို့ တဆင့်ပြီးတဆင့် ကြိုးစားခဲ့ရသူဖြစ်ပါတယ်။

မြန်မာဘောလုံး အားကစားတိုးတက်လာဖို့ ငယ်စဉ်ကတည်းက စနစ်တကျ သင်ယူဖို့ လိုအပ်သလို မိဘတွေ ရဲ့ အားပေးမှုဟာ အဓိကကျတယ်လို့ သူကဆိုပါတယ်။

“မြန်မာဘောလုံး အားကစားတိုးတက်ဖို့ဆိုရင် အများကြီးလိုပါသေးတယ်။ ငယ်ငယ်ကတည်းက ဆရာကောင်း၊ သမားကောင်းတွေနဲ့ စနစ်တကျလေ့ကျင့်သင်ကြားပေးဖို့လိုသလို ဘောလုံးကွင်း ကောင်း ကောင်း တွေလည်း လိုပါတယ်။ ပရိတ်သတ်အားပေးမှုရော အထောက်အပံ့တွေရော အများကြီးလိုပါတယ်။ အဓိက မိဘတွေ ကိုယ်တိုင်က အားပေးဖို့ လိုတာပါ။ မိဘတွေက ဘောလုံးကန်ရင် မကောင်းဘူး ကျိုးမယ်၊ ကန်းမယ်ဆိုပြီး စာကိုပဲ လုပ်ခိုင်းတဲ့သူများတယ်။ ကျနော်အနေနဲ့တော့ စာကိုလည်းသင် တဘက်က အားကစားကို လည်း လုပ်စေချင်တယ်။” လို သူကပြောပါတယ်။ ကြိုဆိုဂုဏ်ပြုပွဲကိုလည်း ရွှေတောင်မြို့ လယ်တီပိဋကတ်တိုက်မှာ ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး မြို့တွင်းကိုလည်း ကားနဲ့ လှည့်လည်ပြီး ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

ကောင်းမြတ်မင်း
ဧရာဝတီ

No comments:

Post a Comment