Tuesday 30 June 2015

တအာင်း (ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို ဖမ်းဆီးထားခြင်းမရှိဟု RCSS ဆို

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အောက်ခြေတပ်ဖွဲ့များကို စစ်ဆေးမှုအရ ရှမ်းပြည် နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ် တအာင်း (ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ဖမ်းဆီးထားခြင်း မရှိကြောင်း အဆိုပါအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ပြောကြားသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး မိုင်းကိုင်မြို့နယ်အတွင်း လှုပ်ရှားနေသော RCSS/SSA အောက်ခြေတပ် များကို ဗဟိုက စစ်ဆေးမေးမြန်းထားချက်နှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ “ကျွန်တော်တို့ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်။ ဆက်သွယ်ဖြေကြားချက်တွေအရ ကျွန်တော်တို့ ဖမ်းဆီးတာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် တအာင်း (ပလောင်) အမျိုးသားပါတီက စွပ်စွဲထားသော မိုင်းကိုင်မြို့နယ် အတွင်းရှိ RCSS/SSA တပ်ရင်းမှာ RCSS/SSA အဖွဲ့အတွင်း မရှိကြောင်းနှင့် အဆိုပါဒေသတွင် အခြားတိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့များလည်း လှုပ်ရှားမှုရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ တအာင်း (ပလောင်) အမျိုးသားပါတီ မြို့နယ်အဆင့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် မိုင်းကိုင်မြို့ ၎င်းတို့၏ နေအိမ်တွင် ရှိနေစဉ် ဇွန်လ ၂၀ ရက် နေ့ နံနက် ၅ နာရီတွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ဖမ်းဆီးသွားသော အဖွဲ့မှာ RCSS/SSA အဖွဲ့မှ တပ်ရင်းဖြစ်ကြောင်း တအာင်း (ပလောင်) အမျိုးသားပါတီ တာဝန်ရှိသူများက ပြောဆိုထားသည်။

ထို့အပြင် အဆိုပါ ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် မိုင်းကိုင်မြို့နယ်အတွင်း အခြေစိုက် RCSS/SSA တပ်ရင်းနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရန် တအာင်း (ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌ အပါအဝင် ပါတီ တာဝန်ရှိသူများ မိုင်းကိုင်မြို့သို့ ရောက်ရှိနေကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

တအာင်း (ပလောင်) အမျိုးသားပါတီသည် ၂၀၁၀ ခုနှစ်အတွင် တရားဝင် မှတ်ပုံတင်ထားပြီး ယခုနှစ် အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြို့နယ်ပါတီရုံးခွဲများ တို့ချဲ့ ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်နေသော နိုင်ငံရေးပါတီ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment