Tuesday 30 June 2015

ငပုတော ရွာနှစ်ရွာကြားမှ အိမ် ၁၀၀ ကျော် တောင်ကျရေအတွင်း မျောပါ

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်း မြို့နယ်ခွဲရှိ ဝက်ကော်ရွာနှင့် သင်းကြောင်းရွာရှိ အိမ်ခြေ ၁၂၈ လုံးသည် မြစ်တစ်ရာချောင်း တောင်ကျရေအတွင်း မျောပါပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ငရုတ်ကောင်းဒေသ အတွင်းရှိ သင်းကြောင်းကျေးရွာ အုပ်စုအတွင်း မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်း ခြင်းကြောင့် ဇွန်လ ၂၈ ရက်က တောင်ပတ်ကြီးတောင် ပြို၍ ငရုတ်ကောင်းကမ်းခြေမြို့နှင့် ငရုတ်ကောင်း တောင်ရွာ သွားသည့်ကားလမ်း ပိတ်ဆို့ပျက်စီးခြင်း အပြင် မြစ်တစ်ရာ ချောင်းအတွင်း တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် ချောင်းဘေးရှိ ဝက်ကော်ရွာနှင့် သင်းကြောင်းရွာရှိ အိမ်များ တောင်ကျရေနှင့်အတူ မျောပါခဲ့ခြင်း ဖြစ်သည်။

ငရုတ်ကောင်း ကမ်းခြေမြို့နှင့် ငရုတ်ကောင်းတောင်ရွာ သွားသည့် ကားလမ်း ၁၇ မိုင် ၄ ဖာလုံတွင် တောင်ပတ်တောင် ပြိုသဖြင့် ကားလမ်းပျက်ကာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပြတ်တောက်ပြီး အခက်အခဲ ဖြစ်နေကြောင်း၊ မြစ်တစ်ရာချောင်း တောင်ကျရေ စီးဆင်းမှုကြောင့် ဝက်ကော်ရွာရှိ အိမ်ခြေ ၈၉ လုံး ချောင်းရေအတွင်း မျောပါပြီး အမျိုးသား၊ အမျိုးသမီး ၆၀၃ ဦး အိုးအိမ်မဲ့ ဖြစ်ခဲ့ပြီး၊ သင်းကြောင်းရွာမှ အိမ်ခြေ ၃၉ အိမ် ချောင်းရေအတွင်းမျော၍ အမျိုးသား၊ အမျိုးသမီး ၁၅၃ ဦးတို့ အိုးအိမ်မဲ့ဖြစ်ကာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ငရုတ်ကောင်းကမ်းခြေဒေသ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။

“မနက် ၅ နာရီလောက်က တောင်ရေကျ ဆင်းလာတာရယ်၊ ပင်လယ်ဒီရေ တက်လာတာကြောင့် မြစ်တစ်ရာချောင်း ရေလျှံသွားတယ်။ တောင်ခြေကားလမ်းပေါ် ရေသုံးပေလောက် တက်လာတာ။ လူနဲ့တိရစ္ဆာန်တွေကို ဘေးကင်းရာ ရွှေ့နေလို့ ဘာမှမဖြစ်ခဲ့ဘူး” ဟု ငရုတ်ကောင်းဒေသ ကမ်းခြေနှလုံးလှ လူမှုရေးအဖွဲ့ဝင် ဦးဇော်ဝင်းက ပြောဆိုသည်။

အဆိုပါ ဒေသတွင်း ဖြစ်ပေါ်နေသော အခက်အခဲများနှင့် ကူညီစောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင် ရွက် နိုင်ရန် ပုသိမ်မြို့ပေါ်ရှိ အရပ်ဘက်လူမှုကူညီရေး အဖွဲ့အချို့ စုပေါင်း၍ ဆန်၊ ငါးပိ၊ ငါးခြောက်၊ ခေါက် ဆွဲ ခြောက် စသည့် ကူညီထောက်ပံ့ရေးပစ္စည်း တင်ဆောင်ကာ ဇွန်လ ၂၉ ရက် နံနက် ၈ နာရီက အဆိုပါ ဒေသသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ပုသိမ်မြို့ရှိ မြတ်မေတ္တာ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်မြင့်က ပြောကြားသည်။

အိမ်ရာပျက်စီးဆုံးရှုံး၍ အခက်အခဲနှင့် တွေ့ကြုံနေရသည့် ရွာသူရွာသားများကို မရမ်းကုန်း စာသင် ကျောင်းနှင့် မြစ်တစ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ အကူအညီပေး လျက် ရှိကြောင်း ငရုတ်ကောင်းဒေသ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment