Wednesday 10 June 2015

ယူကရိန်း စစ်စခန်းအနီး ဆီလှောင်ကန်များ မီးကူးစက်လောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရ

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်ရှိ အဓိက စစ်အခြေစိုက်စခန်းတစ်ခုမှ လောင်စာဆီကန်များ မီးလောင်ပေါက်ကွဲမှုကို ထိန်းချုပ်နိုင်ရန် မီးသတ်သမားများက အပြင်းအထန် အားထုတ် ကြိုးစားနေရကြောင်း သတင်းရရှိသည်။Mig-29 တိုက်လေယာဉ်များနှင့် ဒုံးကျည်များ ထားရှိရာ အဆိုပါ စစ်စခန်းတွင် ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းနေမှုကို ထိန်းချုပ်ရန် ကြိုးစားရင်း ကယ်ဆယ်ရေးနှင့် မီးသတ်သမား ၃ ဦး ဇွန်လ ၉ ရက်က သေဆုံးခဲ့သည်။ ထို့အပြင် ဆီလှောင်ကန် အလုပ်သမား တစ်ဦးလည်း သေဆုံးရာ အနည်းဆုံး အသေအပျောက် ၄ ဦးထိ ရှိခဲ့ပြီး ဖြစ်သည်။

ဇွန်လ ၈ ရက် ညပိုင်းက မြေအောက် ဆီလှောင်ယူနစ်တစ်ခု ပေါက်ကွဲရာမှ စတင်သောမီးကို မီးသတ်သမားများက အစွမ်းကုန် ကြိုးစား ငြှိမ်းသတ်နေဆဲ ဖြစ်သော်လည်း ထိန်းချုပ်နိုင်ရန် ခက်ခဲလျက် ရှိသည်။ ယူကရိန်း လုံခြုံရေးကောင်စီ အတွင်းရေးမှူး အိုလက်ဆန်ဒါ တာချီနော့ဗ်နှင့် ကာကွယ်ရေးဝန်ကြီး စတီဖင် ပိုလ်တိုရက်ခ်တို့သည် ဇွန်လ ၉ ရက်တွင် အခင်းဖြစ်ရာ နေရာသို့ ကိုယ်တိုင် လာရောက်ခဲ့ကြသည်။

ကိယက်ဗ်မြို့တော် အနောက်တောင်ပိုင်း ကီလိုမီတာ ၃၀ မျှ အကွာရှိ မီးလောင်မှု ဖြစ်ပွားရာ နေရာ အနီးတဝိုက်တွင် မည်းနက်သော မီးခိုးလုံးများ ဖုံးလွှမ်းနေပြီး ပတ်ဝန်းကျင် လမ်းများကိုလည်း ပိတ်ထားလိုက်ရသည်။ ထို့အပြင် အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၁၅၀၀ တို့ကလည်း လုံခြုံရေးအတွက် ဖြန့်ကျက် နေရာယူထားသည်။

“စစ်လက်နက်တွေနဲ့ နောက်ထပ် ဆီလှောင်ကန်တွေကို မီးကူးစက်နိုင်တဲ့ အခြေအနေကနေတော့ တားဆီးထားလိုက်နိုင်ပါပြီ”ဟု တာချီနော့ဗ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ ထို့အပြင် ဧရာမ ဗုံးလက်နက်များနှင့် ဒုံးကျည်များ ထားရှိရာ စစ်စခန်း နေရာအနီးတွင် ဆီလှောင်ကန်များ ပြွတ်သိပ်တည်ဆောက်ထားသည့် ဒီဇိုင်း အင်ဂျင်နီယာများကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးသွားမည်ဟုလည်း ကတိပြုခဲ့သည်။ မီးလောင်မှုများကြောင့် အနည်းဆုံး လူ ၁၀ ဦးမှာ ဒဏ်ရာများ ရရှိခဲ့သည်။

ပြည်ထဲရေး ဝန်ကြီးဌာနက မီးလောင်မှု ဖြစ်ပွားပြီးနောက် အနီးတဝိုက်တွင် နေထိုင်သူ ၂၀၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ကြောင်း ကြေညာသော်လည်း အခင်းဖြစ်ရာ နေရာမှ ရဲများကမူ ဒေသခံများ ၎င်းတို့ဖာသာ ရွှေ့ပြောင်းခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ အနေဖြင့် မည်သည့် အကူအညီမျှ မပေးနိုင်ခဲ့ကြောင်း ပြန်လည် ဝန်ခံခဲ့သည်။

မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ တိတိကျကျ မသိရသေးချေ။ “ဒါဟာ လူတွေရဲ့ ပေါ့လျော့မှု၊ ဒါမှမဟုတ် လုံခြုံရေး သတ်မှတ်ချက်တွေကို ချိုးဖောက်မှုကြောင့် ဖြစ်နိုင်တယ်။ ဒါပေမဲ့ နောက်ထပ် ဖြစ်နိုင်ခြေက အဖျက်လုပ်ရပ် တစ်ခုခု ဆက်နွှယ်နေနိုင်တယ် ဆိုတာပဲ”ဟု တာချီနော့ဗ်က မှတ်ချက်ပြုသွားသည်။

_Ref: Dawn

No comments:

Post a Comment