Wednesday 10 June 2015

Germanwings လေယာဉ်ပျက်ကျမှုမှ ရုပ်အလောင်းများ ပထမအသုတ်အဖြစ် ဂျာမနီသို့ ရောက်ရှိ

ခေါင်းတလားများကို တင်ဆောင်သွားသည့် လေယာဉ်ကိုတွေ့ရစဉ်
မတ်လအတွင်းက အဲ့လ်ပ်စ် တောင်တန်းဒေသတွင် ပျက်ကျခဲ့သည့် Germanwings လေယာဉ်မှ သေဆုံးသူ ခရီးသည် ၄၄ ဦး၏ ရုပ်အလောင်းများကို ဂျာမနီသို့ စတင်သယ်ဆောင်လာနိုင်ပြီဟု သိရသည်။
 Germanwings၏ မိခင်ကုမ္ပဏီဖြစ်သည့် ဂျာမန်ပိုင် Lufthansa လေကြောင်းလိုင်းက ၎င်းတို့၏ ကုန်တင်လေယာဉ် တစ်စီးပေါ်တွင် ခေါင်းတလားများကို တင်ဆောင်ကာ မာဆေးလ်မြို့မှ ဂျာမနီနိုင်ငံ၊ ဒူဆယ်လ်ဒေါ့ဖ်မြို့သို့ ဇွန်လ ၉ ရက်တွင် စတင်ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ ရုပ်အလောင်းများကို သင်္ဂြိုဟ်နိုင်ရန် မိသားစုများထံ လွှဲအပ်သွားမည် ဖြစ်သည်။

ကျန်ရစ်သူ မိသားစုများအတွက် ဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးဖြစ်သော အယ်လ်မာ ဂီမူလာက ရုပ်အလောင်းများကို အခေါင်းပိတ်လျက်သားဖြင့် မိသားစုများထံ လက်လွှဲပေးသွားမည်ဟု ပြောကြားခဲ့သည်။ Airbus A320 အမျိုးအစား လေယာဉ်သည် စပိန်နိုင်ငံ၊ ဘာစီလိုနာမှ ဒူဆယ်လ်ဒေါ့ဖ်မြို့သို့ ပျံသန်းလာစဉ် ပြင်သစ်ပိုင် အဲ့လ်ပ်စ်တောင်တန်း ဒေသတွင် မတ် ၂၄ ရက်က ပျက်ကျခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်တွင် တွဲဖက်လေယာဉ်မှူး အန်ဒရက်စ် လူဘစ်ဇ်က လေယာဉ်ကို ရည်ရွယ်ချက်ရှိရှိ စိုက်ဆင်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း စုံစမ်းရေး အရာရှိများက ယူဆထားသည်။

လေယာဉ်ပျက်ကျမှုတွင် လိုက်ပါသွားသူ ၁၅၀ လုံး သေဆုံးခဲ့ပြီး ယခုအခါ ပထမအသုတ်အဖြစ် ရုပ်အလောင်း ၄၄ လောင်းကို ဒူဆယ်လ်ဒေါ့ဖ်သို့ ပြန်လည် သယ်ယူလာခြင်း ဖြစ်သည်။ “မိသားစုတွေက အခေါင်းတွေကို ပြန်ရပြီးတာနဲ့ သင်္ဂြိုဟ်ပါမယ်။ ဒါက လိုအပ်လို့ လုပ်ရတာပါ။ အခေါင်းတွေက ပိတ်ထားဖို့ လိုကို လိုအပ်ပါတယ်။ မိသားစုတွေကတော့ ဒီအခြေအနေကို ငြင်းချင်ကြပါတယ်”ဟု ဂီမူလာက ဆိုသည်။

လေယာဉ်ပေါ် လိုက်ပါခဲ့သူများတွင် ဩစတြေးလျ၊ အာဂျင်တီးနား၊ ဂျပန်တို့အပါအဝင် နိုင်ငံ ၁၈ ခုမှ နိုင်ငံသားများ ပါဝင်သော်လည်း စပိန်နှင့် ဂျာမနီနိုင်ငံသား အရေအတွက် အများဆုံးဟု သိရှိရသည်။

Ref: Sky News

No comments:

Post a Comment