Wednesday 10 June 2015

အီရတ်သို့ အမေရိကန်တပ်ဖွဲ့များ တိုးမြှင့် စေလွှတ်ဖွယ်ရှိ

အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တွန်းလှန်တိုက်ခိုက်နေသည့် စစ်ပွဲတွင် အီရတ်တပ်များကို အဆင့်မြှင့်တင် သင်တန်းပေးရန်အတွက် စစ်သည် ရာဂဏန်းမျှ ထပ်မံစေလွှတ်ရန် အမေရိကန် အစိုးရက စဉ်းစားနေကြောင်း သတင်းရရှိသည်။
 သမ္မတ ဘားရတ်အိုဘားမား အနေဖြင့် အိုင်အက်စ်တို့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲတွင် အမေရိကန် မြေပြင်တပ်များ ပါဝင်တိုက်ခိုက်ရန် တောင်းဆိုမှုများကို တောက်လျှောက် ငြင်းဆိုခဲ့သည်။ သို့သော်လည်း အီရတ်စစ်တပ်များကို သင်တန်းပေးရန်အတွက် မရိန်းတပ်ဖွဲ့များ အပါအဝင် အမေရိကန် စစ်မှုထမ်းများကိုမူ စေလွှတ်ပေးထားသည်။

လက်ရှိအခြေအနေတွင် အိုင်အက်စ်တို့သည် အီရတ်တပ်များအပေါ် စစ်ရေးအသာစီး ရမှုများ ရှိနေသည့်နောက် သင်တန်းပို့ချမှု အရှိန်အဟုန်ကို မြှင့်တင်ရန် အမေရိကန် အစိုးရက အလေးအနက် စဉ်းစားနေကြောင်း သိရသည်။ သတင်းများက အိုဘားမားသည် နောက်ထပ် စစ်သည် ၅၀၀ ခန့်ကို အီရတ်သို့ စေလွှတ်ရန် သဘောတူဖွယ် ရှိနေကြောင်း ဖော်ပြခဲ့သည်။

နယူးယောက်တိုင်းမ်စ် သတင်းစာက အိုင်အက်စ်တို့ လက်အောက် ကျရောက်နေသည့် ရာမာဒီမြို့ကို ပြန်လည် သိမ်းယူရန်အတွက် အကောင်းမွန်ဆုံး လေ့ကျင့်ပြီး လက်နက်အပြည့်အဝ တပ်ဆင်ထားသည့် အီရတ်တပ်ဖွဲ့များ ထူထောင်နေရာပေးရန် အမေရိကန်က လိုလားနေကြောင်း ဖော်ပြခဲ့သည်။ အီရတ်တွင် အမေရိကန်စစ်သည် ၃၀၀၀ ခန့် ရှိနေသော်လည်း နောက်ထပ် ၅၀၀ မျှကို ထပ်မံဖြည့်ဆည်း ပေးပို့ပြီး စစ်ရေးလေ့ကျင့်မှုများ ပိုမိုထိရောက်စွာ ပံ့ပိုးနိုင်ရန် အမေရိကန် အစိုးရက စဉ်းစားနေခြင်း ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင် အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က ကာ့ဒ်နှင့် အီရတ်တပ်ဖွဲ့များသည် အိုင်အက်စ်တို့ သိမ်းပိုက်ပြီး အဓိက ခြေကုပ်စခန်းတစ်ခုအဖြစ် အသုံးပြုနေသည့် မိုဆူးလ်မြို့ကို သိမ်းယူရန် အသင့်ရှိနေကြောင်း ကြွေးကြော်ခဲ့သော်လည်း လက်တွေ့တွင်မူ အီရတ်တပ်များ၏ အားနည်းချက်ကြောင့် အလုပ်မဖြစ်ခဲ့ချေ။ တစ်ဖက်တွင် အီရတ်အစိုးရ ထိန်းချုပ်ထားသည့် နယ်မြေများပင် အိုင်အက်စ်တို့လက် ကျရောက်သွားခဲ့ရသည်။

အမေရိကန်သည် အန်ဘာတွင် အိုင်အက်စ်တို့ကို ချေမှုန်းမည့် ထိုးစစ်ကိုလည်း လာမည့်နှစ်ထိ ရွှေ့ဆိုင်းထားရဖွယ် ရှိနေသည်။ အိုင်အက်စ်တို့လက်အောက်သို့ ရာမာဒီမြို့ ကျရောက်သွားသည့်နောက် အမေရိကန် စစ်ဘက် အကြီးအကဲများက အီရတ်စစ်တပ်၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်မှုများလည်း ပြုလုပ်ခဲ့သည်။

_Ref: Telegraph

No comments:

Post a Comment