Wednesday 10 June 2015

ဆယ်ကျော်သက်များကို သေနတ်ဖြင့်ချိန်သည့် တက္ကဆက်စ် ရဲတပ်ကြပ် ရာထူးမှ နုတ်ထွက်


တက္ကဆက်ရှိ ရေကူးကန်ဘေး ပါတီပွဲတစ်ခုတွင် ဆယ်ကျော်သက် လူငယ်များကို သေနတ်ဖြင့် ချိန်ခဲ့သည့် အမေရိကန် ရဲတပ်ကြပ်သည် ယခုအခါ ရာထူးမှ နုတ်ထွက်သွားပြီ ဖြစ်သည်။
 အသက် (၄၁) နှစ်အရွယ် ရဲတပ်ကြပ် အဲရစ် ကေ့စ်ဘော့တ်သည် လူမည်း မိန်းကလေး တစ်ဦးကို လုံးထွေးဖမ်းဆီးကာ မြေပေါ်သို့ အကြမ်းပတမ်း တွန်းလှဲခဲ့သလို ယင်းကို ကန့်ကွက်သည့် ဆယ်ကျော်သက် လူငယ်များကို သေနတ်ထုတ်ပြီး ချိန်ရွယ်ခဲ့ကြောင်း ဖြစ်စဉ်ကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုများတွင် တွေ့ရှိခဲ့ရသည်။



ပြီးခဲ့သည့် သီတင်းပတ် ဖြစ်ရပ်၏ မှတ်တမ်းဗီဒီယို ပျံ့နှံ့လာပြီးနောက် ယခင်ကတည်းက လူမည်းများနှင့် လူဖြူရဲအရာရှိများကြား တင်းမာမှုများ ရှိနေသည့် အခြေအနေ တစ်ကျော့ပြန် ဆိုးရွားလာသည်။ ဇွန်လ ၉ ရက်တွင်မူ ကေ့စ်ဘော့တ်သည် ၎င်း၏ ဆန္ဒအတိုင်း နုတ်ထွက်စာ တင်သွားခဲ့ကြောင်း တက္ကဆက်စ် ရဲတပ်ဖွဲ့က အတည်ပြု ကြေညာခဲ့သည်။

တက္ကဆက်ရှိ မက်ကင်နေးမှ ရေကူးကန်ပါတီပွဲ တစ်ခုတွင် ကေ့စ်ဘော့တ်သည် အသက် (၁၅) နှစ်အရွယ် မိန်းကလေး ဒါဂျီရီယာ ဘက်တန်းကို ဖမ်းချုပ်ထားစဉ် ဝိုင်းဝန်းကန့်ကွက်သည့် လူငယ်များကို သေနတ်ထုတ်ပြီး ချိန်ရွယ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖြစ်ရပ် အပြီးတွင် ကေ့စ်ဘော့တ်ကို ဌာနက ခေတ္တခွင့်သတ်မှတ်ပေးထားလိုက်သည်။ သို့သော်လည်း နာရီပိုင်းအတွင်း လူပေါင်းရာနှင့်ချီ စုရုံးလာပြီး ကေ့စ်ဘော့တ်ကို ရာထူးမှ ထုတ်ပယ်ပေးရန် တောင်းဆိုခဲ့ကြသည်။

မက်ကင်နေး ရဲတပ်ဖွဲ့ အကြီးအကဲ ဂရက်ကွန်လေက ကေ့စ်ဘော့တ် နုတ်ထွက်သည့် သတင်းကို အတည်ပြု ပြောကြားခဲ့ပြီး ၎င်း၏ လုပ်ရပ်ကို ရဲတပ်ဖွဲ့အနေဖြင့် ကာကွယ်ပေးရန် မဖြစ်နိုင်ဟုလည်း ဝန်ခံခဲ့သည်။ “အခင်းဖြစ်တဲ့ နေရာမှာ အရာရှိ ၁၂ ယောက်ရှိတယ်။ ၁၁ ယောက်ကတော့ သူတို့ကို လေ့ကျင့်ပေးထားတဲ့အတိုင်း ဆောင်ရွက်ခဲ့ကြတယ်။ သူတို့ကတော့ အကောင်းဆုံး လုပ်ခဲ့ပါတယ်”ဟု ကွန်လေက ဆိုသည်။

၇ မိနစ်မျှ ကြာမြင့်သည့် ဗီဒီယိုထဲတွင် ကေ့စ်ဘော့တ်သည် လူမည်း ဆယ်ကျော်သက် အချို့ကို ဆဲရေး တိုင်းထွာနေပြီး အချို့ကို ၎င်း၏ သေနတ်ဖြင့် ချိန်ရွယ်ခဲ့သည်။ ထို့အပြင် မိန်းကလေးကို လက်မောင်းမှဆွဲပြီး မြေပေါ်တွင် ၎င်း၏ ဒူးဖြင့် ဖိထားသည်ကိုလည်း တွေ့ရသည်။

မက်ကင်နေး ရဲတပ်ဖွဲ့က ရေကူးကန် ပါတီပွဲတွင် ဖိတ်ကြားထားခြင်း မရှိသူ အတော်များများ ရောက်ရှိနေပြီး ပြန်လည် ထွက်ခွာရန် ငြင်းဆိုနေမှုအတွက် တိုင်ကြားလာသဖြင့် ထိုနေရာသို့ ရောက်ရှိခဲ့ခြင်းဟု Facebookတွင် ကြေညာထားသည်။ ထို့နောက်ပိုင်းတွင် ရန်ပွဲများပါ ဖြစ်လာသောကြောင့် ရဲတပ်ဖွဲ့ဝင် အရေအတွက်ကို တိုးမြှင့် ပို့ဆောင်ပေးလိုက်ရခြင်းဟု သိရှိရသည်။

_Ref: CNN

No comments:

Post a Comment