Wednesday 10 June 2015

လွှတ်တော်အသံက ဘယ်သူ့အသံလဲ

‘‘သတင်းမီဒီယာများ၏ ဝေဖန်အကြံပြုချက်များအားလည်း လွှတ်တော်အနေနှင့် ခံယူသွားမည်’’ အဆိုပါ စကားစုလေးသည် လွန်ခဲ့သည့် လေးနှစ်ကျော်အချိန် လွှတ်တော်အစည်းအဝေးများသို့ ပြင်ပသတင်းမီဒီယာများ စတင်သတင်းရယူခွင့်ပြုခဲ့စဉ်က ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် တာဝန်ယူထားသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြားခဲ့ခြင်းပင်။
မီဒီယာများ၏ ဝေဖန်အကြံပြုချက်များကို ခံယူမည့် လွှတ်တော်သည် မီဒီယာများသတင်းယူသည့် အခန်းများကို ပိတ်လိုက်ပြီဖြစ်သည်။ နိုင်ငံတော်တော်များများ၏ လွှတ်တော်များတွင် သတင်းမီဒီယာများ သတင်းရယူရန် သီးသန့်မီဒီယာစင်တာများ ပြုလုပ်ပေးထားလေ့ရှိသည်ဟု နိုင်ငံတကာအတွေ့အကြုံရှိ သတင်းထောက်များက ဆိုသည်။

သတင်းမီဒီယာများသတင်း ရယူသည့် အခန်းကို ပိတ်လိုက်ရခြင်းမှာ လွှတ်တော်အတွင်း သတင်းယူနေကြသည့် သတင်းထောက်များက လွှတ်တော်ကိုယ်စားလှယ်များ အိပ်ငိုက်နေပုံကို အပေါ်စီးမှ ဓာတ်ပုံများရိုက်ကာ ဖြန့်ဝေခြင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ကိုယ်စားမဲပေးနေသည့်ပုံကို ဖော်ပြခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မီဒီယာများကို ကြပ်မတ်ဆောင်ရွက်ပေးရန် တင်ပြလာသဖြင့် မီဒီယာများ သတင်းယူနေသည့်အခန်းကို ကန့်သတ်ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဇွန်လ ၃ ရက်၌ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၄ ရက်၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ ကိုယ်စားမဲပေးနေသည့် ဓာတ်ပုံနှင့်တကွ မြန်မာပို့စ်ဂလိုဘယ်သတင်းဂျာနယ်က ‘‘လွှတ်တော်ထဲက လက်ပွားကိုယ်တော်တွေနဲ့ သံသယဖြစ်စရာ မဲရလဒ်များ’’ဟူသည့် ဆောင်းပါးတစ်ပုဒ်ရေးသားဖော်ပြခဲ့သည်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ တပ်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်ဆန်းက ပြည်ထောင်စုလွှတ်တော်နာယကထံသို့ စာရေးသားတင်ပြခဲ့ပြီး ကိုယ်စားမဲပေးခြင်းသည် သဘောရိုးဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

မီဒီယာများ၏ ဝေဖန်အကြံပြုချက်ကို လက်ခံမည့် လွှတ်တော်သည် မီဒီယာ၏ ရေးသားမှုကြောင့် မီဒီယာများ၏ သတင်းရယူခွင့်အခွင့်အရေးကို ကန့်သတ်လိုက်ပြီဖြစ်သည်။ လွှတ်တော်အတွင်းရှိ ပြည်သူက ရွေးကောက်တင်မြှောက်ထားခြင်းမဟုတ်ဘဲ အချိုးကျပါဝင်ခွင့်ရထားသော တပ်ကိုယ်စားလှယ်များ၏ တင်ပြချက်ကြောင့် ပိတ်ပင်လိုက်ခြင်းမှာ တပ်၏ လွှတ်တော်အပေါ် သက်ရောက်နေသည့် သြဇာအပေါ်တွင်လည်း မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။

သို့သော် လက်ရှိပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ ဖြေရှင်းချက်တွင် တပ်ကိုယ်စားလှယ်များအား နာမည်နှင့်တကွ သုံးနှုန်းထားသဖြင့် ၎င်း၏ဖြေရှင်းချက်သည် သဘောရိုး ဟုတ်၊ မဟုတ်မှာ အငြင်းပွားဖွယ်ဖြစ်နေသည်ဟုလည်း ပြင်ပတွင် ပြောဆိုနေကြသည်။

‘‘ဦးရွှေမန်းက အကြောင်းရှိမယ်ထင်တယ်။ နာမည်ထုတ်ပြောတာ ဘာရည်ရွယ်ချက်ရှိလဲမသိဘူး။ သူတို့လည်း အဲဒီလောက်မအဘူးလေ’’ဟု သတင်းစာဆရာ ဦးသီဟစောက ဦးရွှေမန်း၏ ရှင်းလင်းချက်ကို သုံးသပ်သည်။

တပ်ကိုယ်စားလှယ်၏ တင်ပြချက်တွင် ‘‘နောင်တွင် အလားတူမဖြစ်စေရေး သတိပြုဆောင်ရွက်မည်ဖြစ်ကြောင်း၊ တပ်မတော်သားကိုယ်စားလှယ်များအနေဖြင့် သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မီဒီယာများအနေဖြင့်လည်း အကြောင်းအကျိုးရှေ့နောက်ချင့်ချိန်ကာ မီဒီယာကျင့်ဝတ်နဲ့ မညီညွတ်မှုများ ဆက်လက်မပေါ်ပေါက်စေရေး ကြပ်မတ်ဆောင်ရွက်ပေးရန်’’ဟု ပါရှိသည်။

ထိုအချက်တွင် မီဒီယာကျင့်ဝတ်ဟူသည်မှာ မည်သည့်အကြောင်းအရာကို ဆိုလိုသည်ကို စဉ်းစားစရာဖြစ်လာခဲ့သည်။ မီဒီယာသမားများ၏ ကျင့်ဝတ်တွင် အခြေခံအားဖြင့် တိကျမှန်ကန်ခြင်း၊ ဘက်လိုက်မှုကင်းခြင်း၊ မျှတခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်းစသည်တို့ ပါဝင်လျက်ရှိရာ ဖော်ပြပါရှိခဲ့သည့် ဆောင်းပါးသည် အမှန်တကယ်ကိုယ်စားမဲပေးခြင်းကို ဓာတ်ပုံနှင့်တကွ ဖော်ပြခြင်းဖြစ်ရာ မည်သည့်နေရာတွင် ကျင့်ဝတ်ဖောက်ဖျက်မှု ကျူးလွန်ခဲ့သည်ကို မီဒီယာသမားများကိုယ်တိုင် စဉ်းစားရကျပ်နေဆဲဖြစ်သည်။

တပ်ကိုယ်စားလှယ်များ၊ ကိုယ်စားမဲပေးခြင်းနှင့် ပတ်သက်၍ ကာယကံရှင်များ ကိုယ်တိုင်ဝန်ခံခဲ့ပြီးဖြစ်သဖြင့် မီဒီယာများဘက်မှ အထင်မှား အမြင်မှားဖွယ်များ ပြုလုပ်ခြင်းမဟုတ်ဟု ဦးသီဟစောကပြောသည်။

‘‘တိကျမယ်၊ ဘက်မလိုက်ဘူး။ တာဝန်ယူရမယ်။ အဲဒါနဲ့ညီအောင် လုပ်ထားပြီးရင် ကျင့်ဝတ်နဲ့ပြောလို့မရဘူး။ သူတို့က အယူအဆမပြောင်းတာပါ။ ကျင့်ဝတ်ဆိုတာ စာပေစိစစ်ရေးရှိတုန်းက ဒါမလုပ်နဲ့ဆိုမလုပ်ရဘူးဆိုတာမျိုး။ သူတို့အလိုမကျတိုင်း ကျင့်ဝတ်နဲ့မညီဘူး ပြောနေကြတယ်’’ဟု ဦးသီဟစောက ပြောသည်။

မီဒီယာများအား လွှတ်တော်သတင်းများစတင်ရယူခွင့်ပြုခဲ့သည့် အချိန်မှစ၍ လွှတ်တော်၏ လှုပ်ရှားမှုပုံရိပ်များသည် ပုဂ္ဂလိကမီဒီယာများတွင် ဝေေ၀ဆာဆာပါရှိလာခဲ့သည်။ အစိုးရပိုင်မီဒီယာများက ၀န်ကြီးများ လာရောက်ဖြေဆိုမှုကိုသာ အသေးစိတ်ဖော်ပြနေချိန်တွင် လွှတ်တော်အတွင်း အဆိုတစ်ခုအနိုင်ရရှိရန် မည်သို့တွန်းတိုက်လုပ်ဆောင်ခဲ့မှုများအား အသေးစိတ်ဖော်ပြခဲ့ကြသည်။ ပြင်ပမီဒီယာများ၏ ဖော်ပြမှုကြောင့် လွှတ်တော်အတွင်း လှုပ်ရှားမှုများ ပြည်သူနှင့် ပိုမိုနီးစပ်လာခဲ့ရသည်။

သို့သော် ယခုသက်တမ်းကုန်ခါနီးတွင် လွှတ်တော်၏ ပြင်ပမီဒီယာများအပေါ် တုံ့ပြန်မှုမှာ အ နည်းငယ်ပြင်းထန်နေသည်။

ထို့အပြင် လက်ရှိလွှတ်တော်သက်တမ်းများကုန်ခါနီးတွင် အရေးအကြီးဆုံးဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း လွှတ်တော်တွင် ဆွေးနွေးကြတော့မည်ဖြစ်ရာ မီဒီယာများသည် အဆိုပါဆွေးနွေးချိန်တွင် မည်သို့ဆွေးနွေးနေသည့် ဆန္ဒမဲပေးရာတွင် မည်သို့ပေးနေသည်ဆိုသည်များ ကြည့်ရှုလေ့လာခွင့်ရတော့မည်မဟုတ်ပေ။

မီဒီယာများအတွင်း သက်ဆိုင်ရာလွှတ်တော်များ၏ စင်္ကြံလမ်းများတွင် တီဗီတစ်လုံးထုတ်ပေးထားကာ တီဗီက လွှင့်ပေးသည်ကိုသာ ကြည့်ရှုအသံဖမ်း၍ သတင်းပြန်လည်ရေးသားခွင့်သာ ရှိတော့သည်။

‘‘ဒီလိုမျိုး သတင်းယူတာကတော့ အိမ်မှာ စကိုင်းနက်ချန်နယ်တစ်ခုတပ်ထားရင်တောင် ဖြစ်တယ်’’ဟု လွှတ်တော်တွင် သတင်းရယူခွင့်ရစဉ်ကတည်းက ပုံမှန်သတင်းရယူခဲ့သည့် အကြီးတန်းအယ်ဒီတာ ဦးစိုးသန်းလင်းက ပြောကြားသည်။

လွှတ်တော်တွင် အရေးကြီးအဆိုများ ဆုံးဖြတ်ရာ၌ မဲတစ်မဲ၏ တန်ဖိုးသည် အဆုံးအဖြတ်ပင်ဖြစ်သည်။ လွှတ်တော်အတွင်း မဲပေးရာတွင်လည်း ကိုယ်စားလှယ်တစ်ဦးလျှင် တစ်မဲသာသတ်မှတ်ထားခြင်း ဖြစ်သည်။ လူတစ်ကိုယ် တစ်မဲသာ သတ်မှတ်ထားရာတွင် အနားမှာမရှိသော ကိုယ်စားလှယ်အတွက် အစားထိုးမဲပေးခြင်းမှာ နိုင်ငံတကာလွှတ်တော်များတွင်မူ ခွင့်မပြုပေ။ သို့သော် မြန်မာလွှတ်တော်အမတ်များအတွက်မူ မဲပေးခြင်းနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အတိအကျသတ်မှတ်ထားသော လမ်းညွှန်ချက်မရှိသေး၍ အငြင်းပွားစရာဖြစ်နေပါသည်။ ထို့ကြောင့် မတက်ရောက်သူများအစား မဲပေးနေခြင်းမှာ အငြင်းပွားစရာလုပ်ရပ်ဖြစ်သည်။ အငြင်းပွားစရာလုပ်ရပ်ကို ကျင့်ဝတ်နှင့်အညီ ဖော်ပြသည့် မီဒီယာကို အပြင်ထုတ်ကာ ကျင့်ဝတ်နှင့်အညီ ရေးသားရန် သတိထပ်ပေးခြင်းမှာ မီဒီယာများအကြား ဝေဖန်သံများ ကျယ်လောင်လျက်ရှိသည်။

ထို့အပြင် တပ်ကိုယ်စားလှယ်၏ တင်ပြချက်၌ နောင်တွင်အလားတူမဖြစ်ရေး သတိပြုဆောင်ရွက်မည်ဟုသာပါရှိပြီး နောက်နောင် ထိုသို့မလုပ်တော့ပါဟု မပါသည့်အတွက် အားနည်းချက်များရှိသည်ဟု စာနယ်ဇင်းများက သုံးသပ်ကြသည်။

‘‘မီဒီယာဆိုတာ Watch Dog လေ။ ဒီလိုအမှန်တရားကို ဖော်ထုတ်တာကို အပြင်ထုတ်လိုက်တယ်။ ဖော်ထုတ်ခံရသူကိုတော့ အရေးမယူဘူး။ သဘောရိုးနဲ့ လုပ်တာပါလို့ ပြောတယ်။ အမှန်ဖော်သူကို နောက်မဖော်နိုင်အောင် လုပ်လိုက်တာနဲ့ အတူတူပဲ’’ဟု ဦးစိုးသန်းလင်းက ပြောသည်။

ထိုသို့ လွှတ်တော်တွင် မီဒီယာများ၏ သတင်းရယူခွင့်ကန့်သတ်ခံရခြင်းအပေါ် စာနယ်ဇင်းအဖွဲ့အစည်းများပြားစွာရှိနေသည့် မြန်မာနိုင်ငံတွင် လူငယ်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာဂျာနယ်လစ်ကွန်ရက်တစ်ခုသာ ကန့်ကွက်ကြောင်း စာထုတ်ခဲ့ပြီး စာနယ်ဇင်းကောင်စီအပါအ၀င် အခြားသော စာနယ်ဇင်းအဖွဲ့များကလည်း တစ်စုံတစ်ရာကန့်ကွက်ခြင်းမရှိပေ။

စစ်အာဏာရှင်အစိုးရလက်ထက်မှ အရပ်သားအသွင်ပြောင်း ဒီမိုကရေစီအစိုးရအဖြစ် အသွင်ပြောင်းလာသည့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ၌ တပ်၏ သြဇာအာဏာ အများအပြားပါဝင်နေသေးသည်ဟု ဝေဖန်နေချိန်တွင် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်သည်ပင် စစ်တပ်ကိုယ်စားလှယ်၏ တင်ပြချက်အပေါ် အရေးတယူလုပ်ဆောင်ရွက်ရခြင်းသည် မြန်မာ့အပြောင်းအလဲအပေါ် ထပ်ဆင့်မေးခွန်းထုတ်စရာများပင် ဖြစ်လာနေတော့သည်။
7 day

No comments:

Post a Comment