Tuesday 21 April 2015

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုး ဖြစ်ပွားနှုန်း စစ်တမ်းကောက်မည်


မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် အသည်းရောဂါ စီမံကိန်း အကောင်အထည်ဖော်ရန် အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုး ဖြစ်ပွားသူစာရင်းကို လာမည့်မေလမှ ဇူလိုင်လအထိ စစ်တမ်းကောက်ယူမည် ဖြစ်ကြောင်း အသည်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ပြုံးကြည်က ပြောကြားသည်။
အဆိုပါစစ်တမ်းကို ဆေးသုတေသနဦးစီးဌာနနှင့် အသည်းဖောင်ဒေးရှင်းတို့က ပူးတွဲကောက်ယူရန် စီစဉ်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ရောဂါဖြစ်ပွားသူဦးရေ စာရင်းရရှိလာပါက အသည်းရောင်အသားဝါ ဆေးဝါးများ ဈေးကွက်တွင် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း၊ အမျိုးသားအဆင့် အသည်းရောဂါ စီမံကိန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စီမံချက် ရေးဆွဲရန်လည်း ရှိကြောင်း ဒေါက်တာဒေါ်ခင်ပြုံးကြည်က ဆိုသည်။

“ဒေါ်လာကိုးသောင်း (ကျပ်သိန်းကိုးရာ) တန်ဆေးကို ဒေါ်လာကိုးရာ (ကျပ်ကိုးသိန်း) နဲ့ ပေးမယ်လို့ အရင်က ပြောထားတာ။ အခုဆိုရင် ဒေါ်လာ ၆၅၀ (ကျပ်ခြောက်သိန်းခွဲ) နဲ့တောင် ထပ်လျော့ပေးမယ်လို့ သိရတယ်” ဟု ၎င်းကဆိုသည်။
အသည်းရောင်အသားဝါ စီပိုးတွင် ကာကွယ်ဆေးမရှိသော်လည်း ကုသဆေး ရှိကြောင်း၊ သို့သော် ဆေးဝါးဈေးနှုန်း မြင့်မားခြင်းကြောင့် သာမန်လူများ ဝယ်ယူသောက်သုံးရန် ခက်ခဲကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
နိုင်ငံတကာ ဆေးဝါးကုမ္ပဏီတစ်ခု ဖြစ်သည့် Gileadသည် အမေရိကန်နိုင်ငံတွင် အသည်းရောင်အသားဝါ စီပိုး ရောဂါကုသဆေးဝါးကို ၁၂ ပတ်စာလျှင် အမေရိကန်ဒေါ်လာ ၉၅၀၀၀ ဝန်းကျင်ဖြင့် နိုင်ငံတကာတွင် ရောင်းချလျက်ရှိသည်။
“အသည်းရောဂါ ဖြစ်နေတာကို ဖြစ်မှန်းမသိဘူး။ ရောဂါကျွမ်းတော့မှ သိကြတော့ ဆေးကုဖို့ အချိန်မမီတဲ့သူတွေလဲ ရှိတယ်” ဟု အသည်းအထူးကု ဆရာဝန်တစ်ဦးက ဆိုသည်။
ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါ စီပိုးသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သာ ဖြစ်ပွားလျက်ရှိပြီး အရှေ့တောင်အာရှတွင် ဖြစ်ပွားသော ရောဂါပိုးအမျိုးအစားသည် ကုသလွယ်သော ပိုးအမျိုးအစားဖြစ်ပြီး သောက်ဆေး၊ ထိုးဆေးဖြင့် ကုသပေးနိုင်ကြောင်း အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ပြောကြားဖူးသည်။
The Voice Weekly

No comments:

Post a Comment