Tuesday 21 April 2015

တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ထွက်ပြေး တိမ်းရှောင် နေသော ရခိုင်သောင်းကျန်းသူ ၅ ဦးအား ဖမ်းဆီးရမိ



ပလက်ဝဒေသအတွင်း ပင်လုံကျေးရွာ၊ အောင်လံချောင်းကျေးရွာများ အနီး၌ ဧပြီ ၁၇ ရက်တွင် တပ်မတော် စစ်ကြောင်းများနှင့် ရခိုင်သောင်း ကျန်းသူအင်အားအချို့ ထိတွေ့ တိုက်ပွဲများဖြစ်ပွားပြီး သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက နယ်မြေများအားရှင်းလင်းရာ တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာတွင် ပါဝင်ခဲ့ပြီး ထွက်ပြေး တိမ်းရှောင်နေသော သောင်းကျန်းသူများ ခိုအောင်းနေ ကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ ဧပြီ ၁၉ ရက် မွန်းလွဲပိုင်းတွင် စပါးဆိပ် ရွာအနောက်ဘက် တောစပ်၌ခိုအောင်းနေသော ရခိုင်သောင်းကျန်းသူ တပ်သား အဆင့်ရှိ ကျော်ဝင်း(ဘ)ဦးခိုင်စိုး ၃၂ နှစ်နှင့် စိန်ကျော်သန်း (ဘ)ဦးဘသန်း ၃၅ နှစ် တို့ ၂ ဦးကိုလည်းကောင်း၊ ညနေပိုင်းတွင် ညောင်ပင်လှရွာ အပြင်ဘက်တွင် ခိုအောင်းနေသော ရခိုင်သောင်းကျန်းသူ ဗိုလ်အဆင့်ရှိ ထွန်းအောင်ဖြူ (ဘ) ဦးဖြူဒေါင်း ၃၀ နှစ်နှင့် တပ်သားအဆင့်ရှိ ဇင်မျိုးအောင်(ဘ) ဦးငလုံးချေ ၃၃ နှစ်၊ ဒဏ်ရာရရှိထားသော ညီလှိုင်(ဘ)ဦးသာတိုး ၃၀ နှစ်တို့ ၃ ဦးကို လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသော ရခိုင်သောင်းကျန်းသူများသည် လက်နက်၊ ခဲယမ်းများကို အခြားနေရာများတွင် သိုဝှက်ထားခဲ့ရာ ပိန္နဲချောင်းရွာ အရှေ့တောင်ဘက်ရှိ လျှိုအတွင်းမှ အမ်(၂၂) ၂ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၈၀ တောင့်၊ လက်ပစ်ဗုံး ၅ လုံးနှင့် ချပ်ဝတ်တန်ဆာ ၂ စုံ ကိုလည်းကောင်း၊ အောင်လံချောင်း ရွာအရှေ့မြောက်ဘက်ရှိ လျှိုအတွင်းမှ အမ်(၂၂) ၃ လက်၊ ကျည်အိမ် ၈ ခု၊ ကျည် ၁၆၇ တောင့်၊ လက်ပစ်ဗုံး ၄ လုံးနှင့် ချပ်ဝတ်တန်ဆာ ၃ စုံကို လည်းကောင်း၊ စုစုပေါင်း အမ်(၂၂) ၅ လက်၊ ကျည်အိမ် ၁၂ ခု၊ ကျည် ၂၄၇ တောင့်၊ လက်ပစ်ဗုံး ၉ လုံးနှင့် ချပ်ဝတ်တန်ဆာ ၅ စုံတို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသော ရခိုင်သောင်းကျန်းသူ ၅ ဦးအား စစ်ဆေး မေးမြန်း၍ သတင်းဆက်ဖော်ထုတ် လျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်း သောင်းကျန်းသူများ စိမ့်ဝင် ခိုအောင်းမှုမရှိစေရေး တပ်မတော် စစ်ကြောင်းများက ဆက်လက်နယ်မြေရှင်းလင်းလျက်ရှိ ကြောင်း သတင်းရရှိ သည်။
MOI Webportal Myanmar

No comments:

Post a Comment