Tuesday 21 April 2015

ရုပ်ရှင်ရိုက်ကူးရန် ငွေစက္ကူအတုများ ယူဆောင်လာသော အိန္ဒိယနိုင်ငံသားနှစ်ဦး သက်သေခိုင်လုံသဖြင့် ပြန်လည်လွတ်မြောက်


ရုပ်ရှင်ရိုက်ကူးရန် ငွေစက္ကူအတုများကို မြန်မာနိုင်ငံသို့ ယူဆောင်လာသော Fox ကုမ္ပဏီမှ အိန္ဒိယနွယ်ဖွား ရိုက်ကူးရေး ဝန်ထမ်းနှစ်ဦးကို ဗဟိုဘဏ် အက်ဥပဒေဖြင့် အမှုဖွင့်ထားရာမှ အမေရိကန်အခြေစိုက် Fox ကုမ္ပဏီဘက်မှ ခိုင်လုံသည့် သက်သေအထောက်အထားများ တင်ပြနိုင်ခဲ့သောကြောင့် မြောက်ပိုင်းခရိုင်တရားရုံးက ဖမ်းဆီးထားသူနှစ်ဦးကို ပြန်လည်လွတ်မြောက်ခွင့် ပြုခဲ့ကြောင်း ယင်းခရိုင်တရားရုံးထံမှ စုံစမ်းသိရှိရသည်။

“Fox ကုမ္ပဏီက ရုပ်ရှင်ရိုက်ကူးရာမှ အသုံးပြုမယ့် နိုင်ငံတကာရဲ့ ဘယ်အသုံးအဆောင်ပစ္စည်းကိုမဆို နမူနာပုံစံ အတုလုပ် အသုံးပြုခွင့်ရထားတယ်။ မြန်မာနိုင်ငံမှာ ရိုက်ရှင်ရိုက်ကူးရေးအတွက် ငွေစက္ကူအတုတွေ ယူလာမယ် ဆိုတာကို ကြိုတင်အကြောင်းမကြားခဲ့လို့ ရဲက ဖမ်းဆီးခဲ့တာ။ နိုင်ငံတော်ရဲ့ ငွေကြေးကိုလည်း အတုလုပ် အသုံးပြုခွင့် မရှိဘူး။ ဒါပေမဲ့ ရိုက်ကူးရေးအတွက် နမူနာပုံစံ အတုလုပ် အသုံးပြုခဲ့ကြောင်းကို သူတို့ဘက်က သက်သေခိုင်လုံစွာ တင်ပြနိုင်တယ်။ ပြီးတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးလည်း ရှိတာကြောင့် ဒီအမှုကို ပြန်ရုပ်သိမ်းပေးခဲ့တာ” ဟု မြောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပုဂံ-ညောင်ဦးတွင် Rangon ဇာတ်လမ်းအမည်ဖြင့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန် မတ်လ ၂၃ ရက်နေ့က ထိုင်းလေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံသား ၂၃ ဦးထံမှ ရုပ်ရှင်ရိုက်ကူးရာတွင် အသုံးပြုမည့် ကျပ်တစ်ထောင်တန် ငွေစက္ကူအတု ကျပ် ၃၉၆ သိန်းကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းငွေစက္ကူအတု သယ်ဆောင်လာမှုဖြင့် ယင်းအဖွဲ့မှ အိန္ဒိယနိုင်ငံသား အသက် ၄၅ နှစ် အရွယ်ရှိ Mr.Senthilkumar Balaraman နှင့် Mr.Megarej Chandrasekaran တို့ကို မင်္ဂလာဒုံမြို့မ ရဲစခန်းက ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အက်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
“ဖမ်းမိတဲ့ တစ်ထောင်တန် ငွေစက္ကူအတု အားလုံးက နံပါတ်တူတွေချည်း ရိုက်နှိပ်ထားပြီး Sample ဆိုတဲ့ တံဆိပ်ရိုက်ထားတာ တွေ့ရတယ်၊ စစ်ပြီးခေတ် ဒီနိုင်ငံမှာကျန်ခဲ့တဲ့ အိန္ဒိယနိုင်ငံသားတွေကို သူ့မိသားစုဝင်တွေက အိန္ဒိယကနေ ချမ်းသာကြွယ်ဝသူအဖြစ် မြန်မာပြည် အလည်လာပြီး သရုပ်ဆောင်မယ့် ဇာတ်ဝင်ခန်းကိုရိုက်ဖို့ ငွေစက္ကူအတုတွေ ယူလာတာလို့ သိရတယ်။ မသမာတဲ့ ရည်ရွယ်စိတ်နဲ့ ယူဆောင်ခဲ့တာ မဟုတ်သလို သူတို့ ရုပ်ရှင်ကုမ္ပဏီကြီးမှာ အတုလုပ် အသုံးပြုခွင့်ကို တခြားနိုင်ငံတွေကပါ ခွင့်ပြုထားတာတွေရှိမှန်း စုံစမ်းသိရှိရတာကြောင့် ဧပြီလဆန်းပိုင်းက ဒီအမှုကို ပြန်ရုပ်သိမ်းပေးခဲ့တာ” ဟု မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
အဆိုပါ ဖမ်းဆီးခံရသည့် အိန္ဒိယနိုင်ငံ FOX ကုမ္ပဏီမှ ရိုက်ကူးရေးအဖွဲ့သည် ရိုက်ကူးရေးတွင် အသုံးပြုမည့် စက်ပစ္စည်းများ ကြိုတင်စာရင်းပေးသွင်းခဲ့ရာတွင် ငွေစက္ကူအတုများ မပါရှိခဲ့ကြောင်း၊ ယင်းငွေစက္ကူအတုများကို အိန္ဒိယနိုင်ငံတွင် ပြုလုပ်ကာ ယူဆောင်လာခြင်း ဖြစ်ပြီး ယင်းကုမ္ပဏီမှာ ငွေလမင်းရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး ကုမ္ပဏီနှင့် ဆက်သွယ်၍ ပုဂံညောင်ဦးတွင် ရုပ်ရှင်ရိုက်ကူးရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်လေဆိပ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly

No comments:

Post a Comment