Tuesday 21 April 2015

ဟိုသီတို့ထံ အီရန်၏ လက်နက်တင်ပို့မှုများကို တားဆီးရန် အမေရိကန် လေယာဉ်တင်သင်္ဘော ယီမင်သို့ ခုတ်မောင်း


ဟိုသီသူပုန်များကို အီရန်က ရေလမ်းမှတစ်ဆင့် လက်နက်များ ထောက်ပံ့ တင်ပို့လာနိုင်သည့် အခြေအနေကို တားဆီးရန် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Theodore Roosevelt သည် ယီမင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်သို့ ဦးတည် ခုတ်မောင်းသွားကြောင်း သတင်းရရှိသည်။
ယီမင်အစိုးရကို ဖြုတ်ချရန် ကြိုးစားနေသည့် ဟိုသီ သူပုန်များကို ဆော်ဒီအာရေးဗီးယား ဦးဆောင်သည့် ဆွန်နီ အစ္စလာမ်မစ် အာရပ် မဟာမိတ် နိုင်ငံများက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်လျက် ရှိသည်။ ရှီးဟိုက် လက်နက်ကိုင်များဖြစ်သည့် ဟိုသီတို့ကို ရှီးဟိုက် အစ္စလာမ်မစ် နိုင်ငံတစ်ခုဖြစ်သည့် အီရန်က နောက်ကွယ်မှ ထောက်ပံ့ ကူညီနေသည်။

ယခုအခါ အမေရိကန်သည် ဆော်ဒီနှင့် ၎င်း၏ အာရပ် မဟာမိတ်များကို အကူအညီ ပေးရန်အတွက် အီရန်၏ လက်နက် တင်ပို့မှု လမ်းကြောင်းများကို ဖြတ်တောက် ဟန့်တားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ယင်းဧရာမသင်္ဘောကြီးပေါ်တွင် F/A-18 Super Hornet အမျိုးအစား တိုက်လေယာဉ်များကို သယ်ဆောင်သွားပြီး ယခုအခါ အာရေးဗီးယား ပင်လယ်ဘက်သို့ ဦးတည်နေကြောင်း အမေရိကန် စစ်ဘက်က ပြောကြားခဲ့သည်။ USS Theodore Rooseveltကြောင့် အဆိုပါ ဒေသတွင် အီရန်၏ ရေကြောင်း၊ လေကြောင်းတို့မှ လက်နက်တင်ပို့ရန် ကြိုးပမ်းမှုများကို တားဆီးနိုင်မည် ဖြစ်သည်။

ဟိုသီတို့အတွက် လက်နက်များ တင်ဆောင်သွားသည်ဟု ယူဆရသည့် အီရန် သင်္ဘောရှစ်စီး အာရေးဗီးယား ပင်လယ်ဘက် ဦးတည် ခုတ်မောင်းသွားကြောင်း သတင်းများ ထွက်ပေါ်လာအပြီးတွင် အမေရိကန် ရေတပ်က USS Theodo Rooseveltကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အဆိုပါ လေယာဉ်တင် သင်္ဘောကြီးကို အကာအကွယ်ပေးရန် ဖျက်သင်္ဘောများ၊ တိုက်သင်္ဘောများ အပါအဝင် တိုက်ရေယာဉ် ကိုးစီးသည်လည်း အဆိုပါ ဒေသတွင်း ဖြန့်ကျက်ထားကြောင်း အမေရိကန် ရေတပ် အရာရှိ တစ်ဦးက ဆိုသည်။ ၎င်းက လေယာဉ်တင်သင်္ဘော ခုတ်မောင်းသွားရာ လမ်းကြောင်းကိုမူ တိတိကျကျ ပြောဆိုရန် ငြင်းဆန်သွားသည်။

ဟိုသီ သူပုန်များသည် ယီမင်ရှိ မြို့တော်ဆာနားနှင့် မြောက်ပိုင်းဒေသ အများစုကို သိမ်းပိုက်ထားပြီး သမ္မတ အက်ဘ်ရာဘူ မန်ဆာ ဟေဒီ၏ အစိုးရကို ဖယ်ရှားရန် ကြိုးစားနေသည်။ ယင်းအခြေအနေတွင် ဟေဒီကို ဆော်ဒီနှင့် မဟာမိတ် နိုင်ငံများက အထောက်အပံ့ပေးကာ ဟိုသီတို့ကို တိုက်ခိုက်နေပြီး အမေရိကန်ကလည်း ဆော်ဒီ၏ စစ်ဆင်ရေးများကို ကူညီလျက်ရှိသည်။

_Ref: Yahoo

No comments:

Post a Comment