Sunday 8 February 2015

ချစ်သူများနေ့အတွက် မင်္ဂလာဆောင်ပြပွဲကို MCC မှာ ကျင်းပမယ်


ချစ်သူစုံတွဲတွေ၊ လက်ထပ်ခါနီး ဇနီးမောင်နှံတွေအတွက် ရည်ရွယ်တဲ့ V Day Party & Essential Wedding Fair ကို လာမယ့် ဖေဖော်ဝါရီ ၁၄ရက်နေ့ကျရင် ရန်ကုန်မြို့မှာ နိုင်ငံကျော် ဒီဇိုင်နာတွေ၊ မိတ်ကပ်ဆရာတွေ၊ ပန်းပညာရှင်တွေရဲ့ လက်ရာတွေနဲ့ ကျင်းပဖို့ရှိတယ်လို့ ဆိုပါတယ်။
ချစ်သူစုံတွဲတွေလည်း ပျော်ရွှင်စရာ မင်္ဂလာပွဲတွေအတွက် စိတ်ကူးယဉ်နိုင်သလို လူတွေတစ်နေ့ကြုံတွေ့ရမယ့် မင်္ဂလာပွဲတွေကို အတုယူနိုင်ဖို့ တစ်နေရာတည်းမှာ ပညာရှင်တွေကစုစည်းပြီး ကျင်းပမှာဖြစ်တယ်လို့ ဓာတ်ပုံကိုအောင်က ဆိုပါတယ်။ လာကြည့်ကြတဲ့သူတွေအတွက် ဂိမ်းအစီအစဉ်တွေလည်း ပါဝင်မှာဖြစ်သလို ကံစမ်းမဲတွေလည်း ပါဝင်မယ်လို့ ပြောပါတယ်။

မင်းဓမ္မလမ်း မြန်မာကွန်ဗင်းရှင်းစင်တာမှာကျင်းမယ့် Wedding Fair ပြပွဲမှာ ချစ်သူစုံတွဲတွေအတွက် အထူးရည်ရွယ်ပြီး Mr. Valentine 2015 နဲ့ Miss Valentine 2015 ကို ရွေးချယ်သွားမယ်လို့လည်း ဆိုပါတယ်။ ပြိုင်ပွဲဝင်ခြင်းအားဖြင့် အလားအလာရှိတဲ့သူတွေကို ပရိသတ်တွေမြင်တွေ့သွားမှာဖြစ်ပြီး မျိုးဆက်သစ်တွေအတွက် အခွင့်အလမ်းတွေရစေတယ်လို့ ဆိုလာသူက မေဘုန်းပွင့်ဝေပါ။
ဒီပြပွဲမှာ ပန်းအလှဆင် မာမီကျော် (မလေးရှား)၊ မိတ်ကပ်စိုးစိုး၊ ဓာတ်ပုံကိုအောင် (Flash memo) တို့က ဦးဆောင်စီစဉ်တာဖြစ်ပြီး မိတ်ကပ် ခင်စန်းဝင်း၊ ဒီဇိုင်နာ သက်နှင်းဒါ၊ မိတ်ကပ် မေဦးမောင် (တော်ဝင်သူ)တို့ရဲ့ လက်ရာတွေကို တင်ဆက်သွားမယ်လို့ ဆိုပါတယ်။
ပွဲမှာ ပြသမယ့် မင်္ဂလာဝတ်စုံတွေကို တီထွင်မယ့် ဒီဇိုင်နာ သက်နှင်းဒါက သတို့သမီးလောင်းတွေအနေနဲ့ ရိုးရိုးပဲဖြစ်ဖြစ် ဒီဇိုင်းဆန်းဆန်း ခေတ်မီတာကိုပဲဖြစ်ဖြစ် အရသာအစုံတွေ့ရအောင် တီထွင်ထားတယ်လို့ ဆိုပါတယ်။
Kamayut Media

No comments:

Post a Comment