Thursday 12 February 2015

လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ





တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ရှိ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို လုံလုံခြုံခြုံ ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်နှင့်အညီ ပြည်သူ အေးချမ်းတည်ငြိမ်စွာ နေထိုင်ရပ်တည် နိုင်ရေးကို အနှောင့်အယှက်ဖြစ်သော ရန်ဟူသမျှကို ဖယ်ရှားရှင်းလင်းရန် အသက်ခန္ဓာအပ်နှင်း၍ တာဝန်ထမ်းဆောင်လျက် ရှိပါသည် ။
တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုက်နက်နယ်မြေ မှန်သမျှကို တာဝန်နှင့်အညီ ကာကွယ် စောင့်ရှောက်နိုင်ရန် အတွက် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်၍ လောက်ကိုင် နယ်မြေအတွင်း ဖုန်းကြားရှင်ဦးဆောင်သော ကိုးကန့်တိမ်းရှောင် အင်အားစုများနှင့် တွေ့ဆုံတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသည် ။
ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကိုးကန့်တိမ်းရှောင် အဖွဲ့မှ အင်အားစု အချို့သည် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင်၍ ကွမ်းလုံမြို့ မြောက်ဘက်ရှိ တောက်ရွှေကျေးရွာသို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာကာ ကျေးရွာ ပြည်သူ့စစ်များထံမှ လက်နက်ငယ် ၈ လက်အား သိမ်းယူသွားခဲ့သည် ။ ၎င်းတို့ ပြန်လည် ထွက်ခွာရာ တစ်လျောက် တပ်မတော် စစ်ကြောင်းများက လိုက်လံရှင်းလင်းရာမှ ကြိုတင်နေရာယူပြီး ယာယီ ခံစစ်ယူထားသည့် သောင်းကျန်းသူ အင်အားစုများနှင့် တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ခိုက်ရေး ရဟတ်ယာဉ် တို့ဖြင့် ပစ်ကူပေး ပေးခဲ့ရပြီး ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၄ ဦး ၊ စစ်သည် ၇ ဦး ကျဆုံးကာ ၊ အရာရှိ ၂ ဦး စစ်သည် ၁၁ ဦး ဒဏ်ရာ ရရှိခဲ့သည် ။
တစ်ချိန်တည်းတွင် ကုန်းကြမ်းနှင့် ညံခွမ်းလမ်း (၁၈) မိုင်တစ်ဝိုက်၌ တပ်မတော် စစ်ကြောင်းနှင့် ကိုးကန့်တိမ်းရှောင် အဖွဲ့မှ အင်အားစုများနှင့် ၂ ကြိမ်တိုင် ပြင်းထန်စွာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဖြစ်စဉ်တွင် စစ်သည် ၅ ဦး ကျဆုံး၍ စစ်သည် ၂ ဦး ဒဏ်ရာ ရရှိခဲ့သည် ။ ထို့အပြင် မြန်မာ-တရုတ် နယ်နိမိတ် မှတ်တိုင်အမှတ် - ဘီပီ ၁၆၁ (၁) အနီးရှိ မော်ထိုက်မြို့တစ်ဝိုက် လုံခြုံရေး တာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော် စခန်းအား ကိုးကန့်တိမ်းရှောင် အင်အားစု အချို့မှ ၂ ကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့၍ တပ်မတော်မှ စစ်သည် ၄ ဦး ဒဏ်ရာ ရရှိခဲ့သည် ။
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ညံခွမ်းနှင့် ၁၈ မိုင်ကြား တစ်ဝိုက်တွင် ကိုးကန့်တိမ်းရှောင် အဖွဲ့ အင်အားစု အချို့ ထပ်မံ၍ တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တပ်မတော်မှ စစ်သည် ၆ ဦး ဒဏ်ရာ ရရှိခဲ့သည် ။၎င်း နေရာသို့ တပ်မတော် စစ်ကြောင်းက လောက်ကိုင်မြို့မှ စစ်ကူ သွားရောက်ခဲ့ရာ ၁၈ မိုင်နှင့် တာရွှေထန်ကြား၌ သောင်းကျန်းသူ အင်အား ၂၀၀ ခန့်က အသင့် စောင့်ကြို တိုက်ခိုက်သဖြင့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၊ လေယာဉ်တို့ဖြင့် ၃ ကြိမ် ပစ်ကူပေးခဲ့သည် ။ သောင်းကျန်းသူများသည် ၎င်း ည ၌ပင် မြန်မာ-တရုတ် နိုင်ငံ နယ်စပ်ရှိ နယ်နမိတ် မှတ်တိုင်အမှတ် ဘီပီ ၁၁၇ ဘက်သို့ ဆုတ်စွာသွားကြောင်း သရှိရသည် ။တိုက်ပွဲတွင် အရာရှိ ၁ ဦး ၊ စစ်သည် ၂၉ ဦး ကျဆုံးခဲ့၍ အရာရှိ ၈ ဦး စစ်သည် ၃၉ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ယာဉ် ၅ စီး ပျက်စီး ဆုံးရှုံးခဲ့သည်။ ထို့ အပြင် ၁၈ မိုင် အနီးတွင်လည်း သောင်းကျန်းသူ အင်အားစုများနှင့် တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားကာ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၁ ကြိမ် ပစ်ကူပေးခဲ့ပြီး တပ်မတော်မှ အရာရှိ ၁ ဦး ဒဏ်ရာ ရရှိခဲ့သည် ။
၎င်းနေ့တွင် လော်ကွာကျိုးင်းဘက်မှ သောင်းကျန်းသူ အင်အား ၂၀၀ ခန့်သည် ကုန်းကြမ်း ဒေသရှိ တပ်ဌာနချုပ်အား ဝင်ရောက် တိုက်ခိုက်ရန် ရှိကြောင်း မြေပြင်သတင်း ရရှိသဖြင့် တပ်ဌာနချုပ်နှင့် မိသားစုများ လုံခြုံရေး အတွက် လိုအပ်သော တပ်အင်အား ဖြည့်တင်းမှုများ လေကြောင်းမှ ရဟတ်ယာဉ်ဖြင့် အချိန်မှီ ဖြည့်တင်း ပေးနိုင်ခဲ့သည် ။ မိမိတပ်စခန်းများ အချိန်မီ အင်အား ဖြည့်တင်းပေးနိုင်ခဲ့၍ သောင်းကျန်းသူများ အနေဖြင့် အနီးကပ် တိုက်ခိုက်ခြင်း မရှိဘဲ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညပိုင်းတွင် အဝေးမှ လက်နက်ငယ်များဖြင့် သာ နှောင့်ယှက် ပစ်ခတ်နိုင်ခဲ့သည် ။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်းနှင့် ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် ကိုးကန့် တိမ်းရှောင် အဖွဲ့မှ အင်အားစု အချို့သည် လောက်ကိုင်တပ်နယ်သို့ လည်းကောင်း ၊ အင်အားစု အချို့သည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံးသို့ လည်းကောင်း ၊ အင်အားစု အချို့သည် ဆီအော့ အကျဉ်းဦးစီးဌာနသို့ လည်းကောင်း ၊ အင်အားစု အချို့သည် ရန်လုံကျိုင်း ရဲစခန်းသို့ လည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တစ်ဦးနှင့် ကိုးကန့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့သည် ။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညပိုင်းနှင့် ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကိုးကန့် တိမ်းရှောင် အဖွဲ့ အင်အားစု အချို့သည် လောက်ကိုင် တပ်နယ် အတွင်းရှိ တပ်ရင်း/ တပ်ဖွဲ့များ ကုန်းကြမ်းရှိ တပ်ရင်းဌာနချုပ်နှင့် ရန်လုံကျိုင်း မဆုတ်တမ်းခံစစ် စခန်းများအား အနီး/အဝေးမှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်ခဲ့ရာ စစ်သည် ၁ ဦး ကျဆုံးခဲ့သည် ။
ဖေဖော်ဝါရီ ၉ ရက်မှ ယနေ့အထိ တိုက်ပွဲ ဖြစ်စဉ်ပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ကူများနှင့် လေကြောင်း ပစ်ကူ ၅ ကြိမ် ဆောင်ရွက်ခဲ့ရသည် ။ ဖြစ်စဉ်တစ်လျောက် တပ်မတော်မှ အရာရှိ ၅ ဦး ၊ စစ်သည် ၄၂ ဦး အသက်ပေး လှူခဲ့ပြီး အရာရှိ ၁၁ ဦး ၊ စစ်သည် ၆၂ ဦး ဒဏ်ရာ ရရှိကာ မော်တော်ယာဉ် ၅ စီး ပျက်စီး ဆုံးရှုံးခဲ့သည် ။ ကိုးကန့် တိမ်းရှောင် အဖွဲ့ထံမှ လက်နက် အချို့ သိမ်းဆည်း ရမိခဲ့ပြီး ကျဆုံး/ ထိခိုက် ဒဏ်ရာရမှု အချို့ ရှိခဲ့ကြောင်း သိရှိရသည် ။
ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တမ်းရှောင် အဖွဲ့သည် လောက်ကိုင် ဒေသရှိ မျိုးနွယ်တူ နေထိုင်သူများကို အခွင့်ကောင်းယူ၍ နယ်မြေအတွင်း အခြေပြုလှုပ်ရှားနိုင်ရေး ဆောင်ရွက်လာခဲ့သည် ။ မြေပြင်သတင်း ဖော်ထုတ်ခြင်းများ အရ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တိမ်းရှောင် အဖွဲ့နှင့်အတူ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင် လှုပ်ရှားလျက်ရှိကြောင်း သိရပြီး ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် တိမ်းရှောင် အဖွဲ့နှင့် ၎င်းသောင်းကျန်းသူ အဖွဲ့များသည် ပြည်ထောင်စုနေ့ မတိုင်မီ လောက်ကိုင်မြို့အား သိမ်းပိုက်၍ အစိုးရ အကျပ်အတည်း ဖြစ်စေရေး ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့သော်လည်း ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ၎င်းတို့၏ ရည်မှန်းချက် ပျက်ပြားအောင် တပ်မတော်မှ တားဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဒေသခံကျေးရွာများ ၏ ပြောကြားချက် အရ ကိုးကန့်တမ်းရှောင် သောင်းကျန်းသူ အဖွဲ့များသည် တာရွှေထန်နှင့် ၁၈ မိုင် လမ်းဆုံ အနီး စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ဆောင်မှု အပေါ် အခွင့်ကောင်းယူ၍ ကြိုတင်ထိုးဖောက် စိမ့်ဝင်ရောက်ရှိနေခြင်း ဖြစ်ကြောင်း ၊ ၎င်းတို့သည် သစ်လွင်သော ယူနီဖောင်းများ ဝတ်ဆင်ထားပြီး အသွင်သဏ္ဍာန်အရ ခရီးဝေးမှ လာခဲ့ဟန် မရှိဘဲ လန်းဆန်းသည့် အနေအထား ရှိကြောင်း ၎င်းတို့ လှုပ်ရှားရာတွင် လျင်မြန်လွယ်ကူစွာ ရွှေ့ပြောင်းနိုင်ရေး နယ်စပ်ဒေသ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ပြုလုပ်ရန် ဖောက်လုပ်ထားသော လမ်းများကို အသုံးပြု၍ အမျိုးအစား ကောင်းမွန်သော ယာဉ်ငယ်များဖြင့် ရွှေ့ပြောင်းမှုများ ဆောင်ရွက်ကြကြောင်း ၊ တိုက်ပွဲဖြစ်ပွားရာတွင် ဒုံးပစ်လောင်ချာနှင့် လက်ပစ်ဗုံး အရေအတွက် များပြားစွာ သုံးစွဲနိုင်ပြီး လေယာဉ်ပစ် စက်သေနတ်ကြီး များကိုလည်း အဖွဲ့အားလုံးတွင် ဖြန့်ခွဲ အသုံးပြုနိုင်ကြောင်းနှင့် ၎င်းတို့၏ လှုပ်ရှားမှုနှင့် တိုက်ပွဲဝင်သည့် အနေအထားမှာ စနစ်တကျ ပြင်ဆင် လေ့ကျင့်ထားသူများ ဖြစ်နိုင်ကြောင်း သိရှိရသည်။
မြန်မာ-တရုတ် နယ်စပ် ဒေသတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် စစ်သံမှူး ထံသို့လည်း သက်ဆိုင်ရမှာ ရှင်းလင်းပြောကြား အသိပေးထားကြောင်း သိရှိရသည် ။
တပ်မတော် အနေဖြင့် လောက်ကိုင်ဒေသ မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိကာ ဒေသခံ ပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် သောင်းကျန်းသူများ အခြေချ လှုပ်ရှားနိုင်မှု မရှိစေရေးနှင့် နယ်စပ်ဒေသ တလျောက် စိမ့်ဝင်ထိုးဖောက်ခြင်း မပြုနိုင်ရေး ထပ်မံ၍ အင်အားများ ဖြည့်တင်းပြီး အစွမ်းကုန် ကြိုးပမ်းရှင်းလင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည် ။
ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ လောက်ကိုင်ဒေသအား ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိပြီး တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လောက်ကိုင်မြို့ လုံခြုံရေးအား ဆောင်ရွက်ပေးလျက် ရှိရာ လက်ရှိ အခြေအနေမှာ လောက်ကိုင်မြို့အတွင်း တည်ငြိမ် အေးချမ်းသည့် အခြေအနေ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည် ။
MWD

No comments:

Post a Comment