Thursday 12 February 2015

Telenor ၏ ကိုယ်ပိုင် အင်တာနက်ဆက်ကြောင်း ချိတ်ဆက်ပြီးစီးပြီဟုဆို



ထိုင်းနိုင်ငံဘက်မှ အင်တာနက် ဆက်ကြောင်းကို ငှားရမ်းအသုံးပြုနေရသည့် Telenor သည် ၎င်းတို့၏ ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းအား ယခုလမှစတင်၍ ချိတ်ဆက်နိုင်ခဲ့သည်ဟု Telenor ၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
Telenor ၏ ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းသည် Bandwidth ပမာဏအနေဖြင့် 10 GB ရှိသည်ဟု သိရပြီး အဆိုပါ အင်တာနက် ဆက်ကြောင်းရရှိရန် လပေါင်းများစွာ ဆောင်ရွက်ခဲ့ရသည် ဟု သိရသည်။
ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းနှင့် ပတ်သက်၍ Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg က “Brandwidth အနေနဲ့ မကန့်သတ်ထားဘူး။ ကြိုက်သလောက် ယူလို့ရတယ်။ စစချင်း မှာတော့ 10 GB ယူသွား မယ်” ဟု ပြောဆိုခဲ့သည်။
Telenor အနေဖြင့် ယခုလအတွင်း ၎င်းတို့ငှားရမ်း အသုံးပြုနေသည့် ထိုင်းနိုင်ငံဘက်မှ ဖိုက်ဘာဆက်ကြောင်း ချို့ယွင်းခဲ့ကြောင်း၊ အဆိုကိစ္စနှင့် ပတ်သက်၍ မိုဘိုင်းအင်တာနက် အသုံးပြုသူများထံ Telenor က တရားဝင် တောင်းပန်ခဲ့သည့်အပြင် ချို့ယွင်းမှုကိုလည်း ရက်ပိုင်းအတွင်း ပြန်လည်ပြုပြင်နိုင်ခဲ့သည်ဟု သတင်းများ ထုတ်ပြန်ခဲ့သည်။
Telenor မိုဘိုင်းဖုန်းလိုင်းဖြင့် အင်တာနက်အသုံးပြုတစ်ဦးဖြစ်သည့် မဇင်အောင်က ယခုတစ်ပတ်အတွင်း အင်တာနက် အသုံးပြုရာတွင် မြန်ဆန်မှုရှိနေခဲ့သည်ဟု အတည်ပြုပြောဆိုခဲ့သည်။ Telenor သည် ဆက်သွယ်ရေး အော်ပရေတာများအကြား အင်တာနက်အမြန်နှုန်း အနိမ့်ဆုံးအဆင့် ရှိနေခဲ့သည်ဟု အသုံးပြုသူများက သတ်မှတ်ခဲ့သော်လည်း Telenor ၏ ပြောရေးဆိုခွင့်ရှိသူများက ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းပြီးသည်နှင့် အမြန်နှုန်း မြင့်မားလာစေမည်ဟု ကတိပြုခဲ့ကြသည်။
လက်ရှိအချိန်၌ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူ ၃ သန်းကျော်ကို ပိုင်ဆိုင်ထားသည့် Telenor သည် ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းအနေဖြင့် 10 GB ပမာဏကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ အဓိက ပြိုင်ဘက် ဖြစ်သည့် Ooredoo သည် ပိုင်ဆိုင်သည့် အင်တာနက် Bandwidth ပမာဏကို ထုတ်ပြန်ပြောဆိုခြင်း မရှိသည့်အပြင် လက်ရှိပိုင်ဆိုင်ထားသည့် မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူကိုလည်း ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။
နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ စက်တင်ဘာလတွင်း Ooredoo ၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူသည် ၁.၆ သန်းရှိပြီး မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူမှာ ၁၁.၆ သန်းရှိသည်။ လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Bandwidth ပိုင်ဆိုင်မှုမှာ 32.32 GB ဖြစ်သည်။
Internet Journal

No comments:

Post a Comment