Thursday 12 February 2015

မြန်မာယူ ၂၀ အသင်းနှင့် ဖီဂျီယူ ၂၀ အသင်းတို့ ရန်ကုန်နှင့် မန္တလေးတွင် ခြေစမ်းပွဲနှစ်ပွဲ ကစားမည်


နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိထားသည့် မြန်မာယူ ၂၀ အသင်းနှင့် ဖီဂျီယူ ၂၀ အသင်းတို့ ခြေစမ်းပွဲနှစ်ပွဲ ကစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။
အဆိုပါ ခြေစမ်းပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကစားမည်ဖြစ်ရာ ပထမခြေစမ်းပွဲကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ လေးနာရီတွင် မန္တလာ သီရိ အားကစားကွင်း၊ ဒုတိယခြေစမ်းပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ လေးနာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကြမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီပွဲတွေအတွက် ကွင်းဝင်ကြေး လက်မှတ်အဖြစ် ရိုးရိုးတန်း ကျပ် ၁၀၀၀ နဲ့ အထူးတန်း ကျပ် ၃၀၀၀ သတ်မှတ်ထားတယ်။ အခမဲ့ရုပ်သံလိုင်းကနေ တိုက်ရိုက်ပြသဖို့လည်း ညှိနှိုင်းထားတယ်။ သုံးနိုင်ငံ ဖိတ်ခေါ်ပွဲ စီစဉ်ခဲ့ပေမယ့် ဥဇဘက်အသင်း မလာဖြစ်လို့ ဖီဂျီအသင်းနဲ့ပဲ နှစ်ပွဲကစားဖြစ်သွားတာ” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဇော်မင်းထိုက်က ရှင်းပြသည်။
ကမ္ဘာ့ဖလား ယူ ၂၀ ပြိုင်ပွဲအတွက် အကြိုပြင်ဆင်သည့် အနေနှင့် ခြေစမ်း ပွဲများ ကစားရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖီဂျီ ယူ ၂၀ အသင်းအား ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းရှိ ပရိ သတ်များ ကြည့်ရှုနိုင်ရန် မန္တလေးနှင့် ရန်ကုန်မြို့ကြီးတို့တွင် ကျင်းပရန် စီစဉ်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
သမုဒ္ဒရာပိုင်းဇုန် ကိုယ်စားပြု ဖီဂျီ ယူ ၂၀ လက်ရွေးစင်အသင်းသည် ၂၀၁၄ ခုနှစ် သမုဒ္ဒရာပိုင်းဇုန် ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် မြန်မာယူ ၂၀ အသင်းနှင့်အတူ ယူ ၂၀ ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိခဲ့ခြင်း ဖြစ် သည်။
ဖီဂျီ ယူ ၂၀ အသင်းကို ဖီဂျီနိုင်ငံသား နည်းပြ ရာဗီနက်ရှ်ကူမားက တာဝန် ယူထားပြီး နည်းစနစ် ဒါရိုက်တာအဖြစ် ဥရုဂွေးနိုင်ငံသား ဂျူအန်ကားလို့စ် ဘူဇက်တီက တာဝန်ယူထားသည်။
ဖီဂျီအသင်းမှ ကစားသမားအများစုမှာ ပြည်တွင်းကလပ်များမှ ဖြစ်ပြီး ကွင်း လယ်ကစားသမား မိုဟာမက်ခန်းနှင့် အယ်လ်တက်ဖ်ရှရစ်တို့မှာ နယူးဇီလန်ကလပ် Waitakere City အသင်းတွင် ကစားလျက်ရှိသည်။
နယူးဇီလန်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၁၅ ခုနှစ် ယူ ၂၀ ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှုအရ မြန်မာအသင်းသည် အိမ်ရှင် နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန်တို့နှင့် အုပ်စု (က) တွင် ကျရောက်နေပြီး ဖီဂျီ အသင်းမှာ အုပ်စု (စ) တွင် ဂျာမနီ၊ ဥဇဘတ်ကစ္စတန်၊ ဟွန်ဒူးရပ်စ် တို့နှင့်အတူ ကျရောက်လျက် ရှိသည်။
The Voice Weekly

No comments:

Post a Comment