Thursday 12 February 2015

မဘသအနေနှင့် White Card ကိစ္စကို လတ်တလော ဆန္ဒထုတ်ဖော်ရန် မရှိ


ယာယီသက်သေခံကတ်ပြား (White Card) ကိုင်ဆောင်သူများကို အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲ၌ မဲပေးခွင့်ပြုခြင်းနှင့် ပတ်သက်၍ လတ်တလောတွင် ဆန္ဒထုတ်ဖော်ရန် မရှိသေးကြောင်း အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဗဟိုအဖွဲ့ (မဘသ) ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်တွင် ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် မဘသ အနေနှင့် အဆိုပါ ပြဿနာကို လက်မခံသော်လည်း နိုင်ငံရေး အခြေအနေများ ရှုပ်ထွေးနေခြင်းကြောင့် ဆန္ဒထုတ်ဖော်သွားမည် မဟုတ်ဘဲ နည်းလမ်းအဆင့်ဆင့် သုံးကာ အဖွဲ့၏ သဘောထားကြေညာချက်များ ထုတ်ပြန်ကာ အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်များထံ ပေးပို့တောင်းဆိုသွားမည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယာယီသက်သေခံကတ်ပြား (White Card) ကိုင်ဆောင်သူများကို အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲ၌ မဲပေးခွင့်ပြုခြင်းမှာ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေးလောက် အရေးမကြီးကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် White Card ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုခြင်းသည် တိုင်းပြည်ကို ကြီးကြီးမားမား ထိခိုက်စေမည် မဟုတ်ဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်သာ မဲပေးခွင့် မရရှိစေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မဘသ၏ ဦးဆောင်ဆရာတော်တစ်ပါး ဖြစ်သူ ဦးဝီရသူက မိန့်ကြားသည်။
“၂၀၁၅ ရွေးကောက်ပွဲ အတွက်တော့ အင်မတန် အရေးကြီးပါတယ်။ တပည့်တော်တို့က ၂၀၁၅ ရွေးကောက်ပွဲမှာ ဝှိုက်ကတ်တွေ လုံးဝ အသံတောင် မကြားအောင် တိုက်ဖျက်ပါ့မယ်လို့ ကတိပေး ကြော်ငြာထားပါတယ်”
လက်ရှိ တိုင်းပြည်အခြေအနေသည် အဘက်ဘက်မှ တည်ငြိမ်အေးချမ်းမှု လျော့ရဲနေပြီး မီးလောင်ရာလေပင့် အဖြစ်မျိုးများကို သတိထား ဆောင်ရွက်သင့်ကြောင်း မဘသ ဥက္ကဋ္ဌ၊ အင်းစိန်ရွာမ ပရိယတ္တိဆရာတော်က အဆိုပါ အစည်းအဝေးတွင် မိန့်ကြားသည်။
သို့သော် အဆိုပါကိစ္စအတွက် ဆန္ဒထုတ်ဖော်ရေးနှင့် ပတ်သက်၍ ဆရာတော်အချို့ သဘောထားကွဲလွဲမှုများ ရှိခဲ့ပြီး မကွေးကျောင်းဆရာတော် ဦးပါမောက္ခကမူ ၎င်းအနေနှင့် အများစု၏ ဆန္ဒကို လိုက်လျောခဲ့ရကြောင်း မိန့်ကြားသည်။
“ဘုန်းကြီး ဖြစ်ချင်တာကတော့ ၁၅ ရက်နေ့မှာ မဘသနဲ့ ပေါင်းပြီးတော့ ဘုန်းကြီးတို့ WCC နဲ့ ပေါင်းပြီးတော့ မဘသက ဆန္ဒပြစေချင်တယ်” ဟု ဆိုသည်။
အဆိုပါ White Card များ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲ၌ ဆန္ဒမဲပေးခွင့်ကို ဖျက်သိမ်းရေးအတွက် ရန်ကုန်မြို့တော်တွင် အမျိုးသားရေး အဖွဲ့အစည်းများ ပူးပေါင်းကာ White Card Campaign (WCC) ကော်မတီကို ဖွဲ့စည်းထားပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်လျက်ရှိရာ ၎င်းအနေနှင့် မဘသ ကိုယ်စားပြုအဖြစ် မဟုတ်ဘဲ ပါဝင် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဦးပါမောက္ခက ထပ်မံမိန့်ဆိုသည်။
ယနေ့ ပြုလုပ်သည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဗဟို၏ အရေးပေါ်အစည်းအဝေးသို့ မဘသ၏ ဗဟိုဦးဆောင် ဆရာတော် ၆၀ ကျော်နှင့် လူပုဂ္ဂိုလ် ၅၀ ခန့် တက်ရောက်ခဲ့သည်။
The Voice Weekly

No comments:

Post a Comment