Sunday 11 January 2015

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြုလုပ်သော မနောပွဲသို့ သမ္မတဦးသိန်းစိန် တက်ရောက်

ဇန်န၀ါရီ ၁၀ ရက်က မနောပွဲကျင်းပရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မနောကွင်းသို့ သမ္မတဦးသိန်းစိန် ရောက်ရှိလာစဉ် (ဓာတ်ပုံ-အောင်သူထွန်း)
(၆၇) နှစ်မြောက် ကချင်ပြည်နယ်နေ့သို့ နိုင်ငံတော်သမ္မတနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်သူ များ တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပြည်သူများ ကူညီပါဝင်ရန် သမ္မတဦးသိန်းစိန်က တိုက်တွန်းခဲ့သည်။ သမ္မတသည် နံနက်ပိုင်းတွင် ကချင်တိုင်းရင်းသားများနှင့် မနောအိမ်တော်တွင် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် ၂ဝ၁၄ ခုနှစ် မတ်လအတွင်း ပထမအကြိမ်ရောက်ရှိလာပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ် ရောက်ရှိလာ ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတအပါအဝင် နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းအပါအဝင် အခြားဝန်ကြီးများလည်း တက်ရောက်ခဲ့ပြီး မနောအကများ ခေတ္တကပြီးနောက် တစ်နာရီခန့်အကြာတွင် ထွက်ခွာခဲ့သည်။ ကချင်ပြည်နယ်သို့ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်တွင် မြန်မာနိုင်ငံပထမဆုံး သမ္မတစဝ်ရွှေသိုက် လာရောက်ခဲ့ပြီးနောက် နှစ်ပေါင်းခြောက်ဆယ် ကျော်တွင် မြန်မာနိုင်ငံ၏ သမ္မတလာရောက် ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “နှစ်ပေါင်း (၆၇) နှစ်ကြာ ကျင်းပလာခဲ့တဲ့ ကချင်ပြည်နယ်နေ့ မနော ပွဲတော်ကို တက်ရောက်ခွင့်ရတဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ နိုင်ငံတော်ရဲ့ တိုးတက်မှုနှင့်အတူ ကချင်ပြည်နယ်မှာ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးကိစ္စမှာ အရင်က အလွန်ခက်ခဲခဲ့သော်လည်း ယခုအချိန်မှာ လူတိုင်းနီးပါး ဖုန်းကိုင်ဆောင် လာနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ လျှပ်စစ်မီးကို အသုံးပြုပြီး သတင်းအချက်အလက်များ၊ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ် ငန်းများကို တိုးတက်အောင် လုပ်ဆောင်နိုင်ပါတယ်။ နောက်ပြီး ငြိမ်းချမ်းရေးဟာ ၅၁ သန်းကျော်သော ပြည်သူလူထုရဲ့ လိုအင်ဆန္ဒ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရဟာ ပြည်သူတွေရဲ့ လိုအပ်ချက်၊ လိုအပ်မှုကို ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တာဝန်လို သဘောထားပြီး  ငြိမ်းချမ်းရေးကို အလေးထား ဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေးဟာ လက်တစ်ကမ်း အကွာမှာပဲ ရှိပါတယ်။ ငြိမ်းချမ်းရေးကို အစိုးရတစ်ခုတည်း ဖော်ဆောင်လို့ မရပါဘူး။ ပြည်သူ ပြည်သား တွေရဲ့ဆန္ဒကို အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်ပေးမှ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဆန္ဒတွေ ပြည့်ဝမှာ ဖြစ်ပါတယ်။ မကြာခင်မှာပဲ လက်မှတ်ရေးထိုး နိုင်လိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ရဲ့လက်တစ်ကမ်း အကွာမှာပဲ ရှိပါတယ်။ ဒေသဖွံ့ဖြိုးဖို့ အတွက်၊ ဒေသ အေးချမ်းဖို့အတွက်၊ တရားဥပဒေ စိုးမိုးဖို့အတွက် အခုလိုပဲ ပြည်နယ်ပြည်မ မခွဲခြားဘဲ အားလုံးပဲ ဝင်ထွက်သွားလာနိုင်တဲ့ အခြေအနေဖြစ်နိုင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ  ကိုယ့်တိုင်းရင်းသား ညီနောင်တိုင်းရင်းသား အားလုံး ကူညီဖေးမ ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပါတယ်” ဟု ပြောကြား သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မနောကွင်းတွင် ဇန်န၀ါရီ ၁၀ ရက်က ကချင်ရိုးရာမနောပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

နိုင်ငံတော်သမ္မတသည် မြစ်ကြီးနားမြို့ မနောကွင်းတွင် လှည့်လည်ပြီးနောက် ဝန်းသိုဆရာတော်ကြီးကို ဖူးမြော်ကြည်ညိုပြီး မြစ်ကြီးနားမြို့ KBC အသင်းတော်ရှိ သိက္ခာတော်ရဆရာတော်များ၊ သင်းအုပ် ဆရာတော်ကြီးများနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့သည်။ ဇန်နဝါရီ ၁ဝ ရက် နံနက်ပိုင်း ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး နိုင်ငံတော်သမ္မတ သဝဏ်လွှာနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့သည်။

မြစ်ကြီးနား မနောပွဲတော်ကို ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်လည်း တက်ရောက်ဖူးကြောင်း၊ ၁၉၆၂ နှစ်တွင် နိုင်ငံတော် အာဏာသိမ်းပြီးနောက် ၂ဝဝ၁ ခုနှစ်အထိ နိုင်ငံတော်အဆင့် ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

မနောပွဲတော်ကို ယခင်ကချင်ဒူဝါးများ လက်ထက်ကတည်းက မိမိတို့နှင့် သက်ဆိုင်သောနယ်မြေများတွင် ကျင်းပခဲ့ပြီး သီးနှံများ ဖြစ်ထွန်းသော ချမ်းသာကြွယ်ဝမှုကိုပြသော ဆွပ်မနော၊ စစ်တိုက်ရာတွင် အောင်မြင် သော အထိမ်းအမှတ် ပဒါန်မနော၊ အကြီးအကဲများ သေဆုံးပြီးနောက် ကျင်းပသည့် ဂျူမနော စသည့် မနောပွဲအမျိုးမျိုးရှိပြီး ယခုနှစ်တွင် ကချင်ပြည်နယ် မနောကွင်းတွင် ကျင်းပသည့် မနောမှာ  အစဉ် အလာများ မပျက်စီးစေရန်၊ ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းရန်၊ ကချင် ပြည်နယ်အတွင်းရှိ သွေးချင်း ညီအစ်ကိုများ အားလုံးညီညွတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရသော မနောပွဲဖြစ်ကြောင်း သိရသည်။

ကချင်မျိုးနွယ်စုတွင် ဂျိန်းဖော၊ လချိတ်၊ လဝေါ်၊ ဇိုင်ဝါး၊ ရဝမ်၊ လီဆူး စသည့် မျိုးနွယ်စု ခြောက်ခုရှိပြီး ယင်း မျိုးနွယ်စုအားလုံး ပါဝင်သော မနောပွဲကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် ဇန်နဝါရီ ၁ဝ ရက်တွင် ကျရောက်သော ကချင်ပြည်နယ် နေ့နှင့်အတူ တစ်ချိန်တည်း ကျင်းပခြင်းဖြစ်သည်။

ကချင်ပြည်နယ် မနောပွဲတော်ကို ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁ဝ ရက် ကချင်ပြည်နယ် နေ့တွင် စတင် ကျင်းပခဲ့ပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ခေတ်ကာလ အခြေအနေအရ ကျင်းပခွင့်မရှိခဲ့ဘဲ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းတွင်သာ နှစ်စဉ်ကျင်းပခဲ့ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment