Sunday 11 January 2015

MPT က ကျပ် ၁၀၀၀၀ ပေးသွင်းမှသာ တစ်မိနစ် ၃၅ ကျပ်သတ်မှတ်ပြီး အင်တာနက် သုံးစွဲခမှာ အူရီဒူး၊ တယ်လီနောတို့ထက်များသော 1MB လျှင် ၁၅ ကျပ် သတ်မှတ်


MPT က ဝန်ဆောင်မှုအသစ်များကို ဇန်နဝါရီ ၉ ရက်တွင် မိတ်ဆက်ခဲ့ပြီး ပုံမှန်နှုန်းထားများ လျှော့ချခြင်းမရှိဘဲ သတ်မှတ်ထားသော အစီအစဉ်သစ်များကို ရယူသုံးစွဲမှသာ တစ်မိနစ်လျှင် ၃၅ ကျပ်၊ ၂၅ ကျပ်နှုန်းထားများကို ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

MPT ၏ ဆွေသဟာအစီအစဉ်ကို ရယူရန် ကျပ် ၁ဝဝဝဝ ပေးသွင်းရမည်ဖြစ်ပြီး မည်သည့်ဖုန်းကိုမဆို တစ်မိနစ်လျှင် ၃၅ ကျပ်၊ သတ်မှတ်ကာလအတွင်း သတ်မှတ်နံပါတ်သုံးခုသို့ တစ်မိနစ်လျှင် ၂၅ ကျပ်၊ မည်သည့်ဖုန်းသို့မဆို SMS တစ်စောင်လျှင် ၁၅ ကျပ်၊ မြန်နှုန်းမြင့် အင်တာနက်ကို 1MB လျှင် ၁၅ ကျပ်ဖြင့် နှုန်းထားသတ်မှတ်ထားကြောင်း သိရသည်။

MPT ၏ အင်တာနက်နှုန်းထားမှာ တယ်လီနော၊ အူရီဒူးတို့၏ အင်တာနက်နှုန်းထား များဖြစ်သော 1MB လျှင် ၁ဝ ကျပ်နှုန်းထက် ပိုမိုများပြားနေကြောင်း သိရသည်။

ယင်းအစီအစဉ်ကို အသုံးပြုလိုပါက ၁၃၃၂ သို့ SWE စာလုံးကို ပေးပို့ရမည်ဟု သိရသည်။ ယင်းဝန်ဆောင်မှုမှာ ဇန်နဝါရီ ၁၂ ရက်တွင် စတင်မည်ဖြစ်ပြီး မူလအတိုင်း သုံးစွဲလိုပါကလည်း မပြောင်းလဲဘဲ သုံးစွဲနိုင်ကြောင်း သိရသည်။

“ဆွေသဟာ အစီအစဉ်ကို သုံးစွဲရင် ဘယ်အချိန်ပဲဖြစ်ဖြစ် တစ်မိနစ် ၃၅ ကျပ်ဆိုတော့ အရင်တုန်းကရနေတဲ့ ညပိုင်းမှာ တစ် မိနစ် ၂၅ ကျပ်ဆိုတာပါ ပျောက်သွားတယ်။ အင်တာနက်ကို ကျပ် ၁ဝဝဝဝ နဲ့လျှောက်စရာ မလိုတော့ဘူးဆိုပေမယ့် ဆွေသဟာကို ကျပ် ၁ဝဝဝဝ နဲ့လျှောက်နေရတာက မဖြစ်သင့်ဘူးလို့ထင်တယ်။ အင်တာနက်နှုန်းထားတွေက အရမ်းများနေမှတော့ ဘာထူးမှာလဲ” ဟု ယင်းပွဲသို့တက်ရောက်ခဲ့သူ တစ်ဦးက သုံးသပ်သည်။

ထို့ပြင် Voice Package နှင့် အင်တာနက် Package များလည်း သီးခြားစီ ရှိမည်ဖြစ်ကြောင်း သိရသည်။ Voice Package တွင် ရက်ပေါင်း ၃ဝ အတွင်း မိနစ် ၄၈ဝ ဖုန်းပြောခြင်းအတွက် ကျပ် ၁၂ဝဝဝ ဖြစ်ပြီး ယင်းမှာ MPT ဖုန်းအချင်းချင်းသာ ခေါ်ဆိုရန်ဖြစ်ကြောင်း သိရသည်။ ယင်းနှုန်းထားအရ တစ်မိနစ်လျှင် ၂၅ ကျပ်သာ ကျသင့်မည်ဖြစ်သည်။

အင်တာနက် Package တွင် ရက်ပေါင်း ၃ဝ အတွင်း 400 MB အသုံးပြုခြင်းအတွက် ကျပ် ၅ဝဝဝ၊ ရက်ပေါင်း ၃ဝ အတွင်း 1 GB အသုံးပြုခြင်းအတွက် ကျပ် ၁ဝဝဝဝ ဖြစ်ကြောင်း သိရသည်။ တယ်လီနောနှင့် အူရီဒူးတို့၏ အင်တာနက် 1GB အသုံးပြုခြင်းအတွက် ၆၉ဝဝ ကျပ်သာ ကျသင့်ကြောင်း သိရသည်။

ဆွေသဟာ အစီအစဉ်ကို မှတ်ပုံတင်သုံးစွဲခြင်းဖြင့် ရရှိနိုင်သော အင်တာနက်မြန်နှုန်းမှာ သီအိုရီအရ 42 Mbps ဖြစ်ပြီး ယခင်ပုံစံ မိနစ်အလိုက် ကောက်ခံခြင်းဖြင့် သုံးစွဲသူများမှာ 3G ကွန်ရက်အတွက် 256 Kbps, 2G ကွန်ရက်အတွက် 128 Kbps သာ ရရှိနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ခဲ့သည်။

ဆွေသဟာ အစီအစဉ်ကို စမ်းသပ်သုံးစွဲပြီး ကြိုက်နှစ်သက်မှုမရှိပါက ပြန်လည်ပယ်ဖျယ်နိုင်ကာ ယခင်အတိုင်း ပြန်လည်သုံးစွဲနိုင်ကြောင်း သိရသည်။

“MPT က ပွဲလုပ်မယ်ဆိုလို့ တစ်ပြေးညီနှုန်းထားတွေ လျှော့ချတော့မယ်လို့ ထင်ထားတာ။ ဒီလိုပုံစံနဲ့ဆိုရင်တော့ သုံးစွဲသူတွေအပေါ် စေတနာမရှိမှန်း သိသာတယ်။ တယ်လီနော၊ အူရီဒူးထက် ပိုမလျှော့ရင်တောင် သူတို့နှုန်းထား အတိုင်းတော့ လျှော့ချသင့်တာပေါ့။ အခုနှုန်းထားတွေက စိတ်ပျက်စရာပါပဲ” ဟု ဒဂုံမြို့နယ်မှ ကိုသက်အောင်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၂ဝ၁၆ တွင် တစ်နိုင်ငံလုံး၏ ရာခိုင်နှုန်း ၇ဝ ကျော်သို့ ကွန်ရက်လွှမ်းခြုံနိုင်ရန် ဆောင်ရွက်နေပြီး တစ်လလျှင် ဆင်းမ်ကတ် တစ်သန်းကျော် ရောင်းချပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment