Sunday 11 January 2015

MPT ဖုန်း တစ်မိနစ် ၂၅ ကျပ်ဖြင့် ပြောရန် Package ဝယ်ယူနိုင်မည်

ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဇန်နဝါရီလ ၁၂ ရက်တွင် စတင်မည်ဖြစ်သည့် ဖုန်းပြောဆိုခ တစ်မိနစ် ၃၅ ကျပ်နှုန်း ကောက်ခံမည် ဆိုသော “ဆွေသဟာ” ဝန်ဆောင်မှု အစီအစဉ်တွင် ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို ၂၅ ကျပ်နှုန်းဖြင့် အသုံးပြုလိုပါက ကျပ် ၁၂၀၀၀ ပေးသွင်း၍ Voice Package ဝယ်ယူနိုင်ကြောင်း အဆိုပါ လုပ်ငန်းထံမှ သိရသည်။

ဖုန်းပြောဆိုခ တစ်မိနစ် ၂၅ ကျပ်နှုန်း ပေးရမည့် Voice Package ကို “ဆွေသဟာ” ဝန်ဆောင်မှုအဖြစ် ပြောင်းလဲသုံးစွဲပြီးမှ ဝယ်ယူနိုင်မည်ဖြစ်ပြီး ရက် ၃၀ စာ၊ မိနစ် ၄၈၀ ပါဝင်မည် ဖြစ်ကာ MPT ဖုန်းနံပါတ် အားလုံးသို့ ခေါ်ဆိုအသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ကြေညာထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လတ်တလော အသစ်ထုတ်ပြန်လိုက်သော ဖုန်းခေါ်ဆိုခနှင့် အင်တာနက် အသုံးပြုခ နှုန်းထားများမှာ နိုင်ငံခြားအော်ပရေတာ လုပ်ငန်းများထက် မြင့်မားသေးသော်လည်း ယခင်နှင့် နှိုင်းယှဉ်ပါက ကောင်းမွန်လာသည်ဟု ဆိုနိုင်ကြောင်း ကွန်ပျူတာပညာရှင် အချို့က သုံးသပ်ကြသည်။

MPT ဆွေသဟာ ဝန်ဆောင်မှုကို အသုံးပြုပါက 1332 သို့ SWE ဟု ဖုန်းဖြင့် စာရိုက်ပို့ရမည် ဖြစ်ပြီး ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၃၅ ကျပ်၊ စာတိုပို့ခ (SMS) တစ်စောင်လျှင် ၁၅ ကျပ် နှုန်းထားနှင့် အင်တာနက် အသုံးပြုခအတွက် 1 MB ကို ၁၅ ကျပ် ကျသင့်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဇန်နဝါရီလ ၉ ရက်တွင် ကြေညာထားသည်။

“အခုချိန်မှာက ဈေးကြီးလို့ ရန်ကုန်က လူတွေ မသုံးရင်တောင်မှ နယ်ဘက်က လူတွေက ဒါပဲ သုံးနေရအုန်းမှာပဲ၊ တခြားအော်ပရေတာတွေက နယ်တွေ မရောက်သေးတဲ့အတွက် ရွေးချယ်ခွင့်ရအုံးမှာ မဟုတ်ဘူး” မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်းများ အသင်း ဗဟိုကော်မတီ အဖွဲ့ဝင် ဦးရဲမြတ်သူက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Package ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် ရက် ၃၀ အတွင်း ကုန်အောင် အသုံးပြုရမည် ဖြစ်ပြီး ရက် ၃၀ ကျော်လွန်ပါက ကျန်ရှိသည့် ဖုန်းမိနစ်များကို ဖြတ်တောက်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အင်တာနက် အသုံးပြုခများကိုလည်း 1 MB လျှင် ၁၂ ဒသမ ၅ ကျပ်နှုန်းဖြင့် အသုံးပြုလိုပါက 400 MB (ရက် ၃၀) ကို ကျပ် ၅၀၀၀ နှင့် အင်တာနက် 1 MB လျှင် ၁၀ ကျပ်နှုန်းဖြင့် သုံးနိုင်မည့် 1 GB (ရက် ၃၀) ပမာဏကို ၁၀,၀၀၀ ကျပ်ဖြင့် အသီးသီး ဝယ်ယူနိုင်မည်ဖြစ်ပြီး ကျပ် ၃၀၀၀ တန်နှင့် ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ်များကိုလည်း ထုတ်ဝေမည် ဖြစ်ကြောင်း MPT က သတင်းထုတ်ပြန်သည်။

The Voice Weekly

No comments:

Post a Comment