Sunday 11 January 2015

ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းမည်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ် ဖွဲ့စည်းခြင်းကို ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်ထိ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံအလွှာလိုက် အမှုဆောင်များ ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းကို ရုပ်ရှင်အစည်းအရုံး နာယကကြီးများနှင့် ရွေးကောက်ပွဲကော်မရှင်မှ ကြီးကြပ်၍ ဇန်နဝါရီ ၂၂ ရက်တွင် စက်မှုလက်မှု အခြေခံအလွှာမှ ရွေးချယ်ခံမည့် ကိုယ်စားလှယ် ငါးဦး၊ ဗီဒီယိုအခြေခံအလွှာမှ ငါးဦး၊ ပြဇာတ်နှင့် နောက်ခံတေး ဂီတ အလွှာမှ လေးဦး၊ ဇန်နဝါရီ ၂၃ ရက်တွင် ဒါရိုက်တာ အခြေခံ အလွှာမှ ခြောက်ဦး၊ ဇာတ်ပို့ ဇာတ်ရံအခြေခံအလွှာမှ ၁ဝ ဦး၊ ဇာတ်လမ်း ဇာတ်ညွှန်း အခြေခံအလွှာမှ ခုနစ်ဦး၊ ဇန်နဝါရီ ၂၄ ရက်တွင် အုပ်ချုပ်၊ ဖြန့်ချိ၊ ပြသ အခြေခံအလွှာမှ ကိုးဦး၊ အဓိက ဇာတ်ဆောင် အခြေခံအလွှာမှ လေးဦး၊ တည်းဖြတ်၊ မှတ်တမ်း အခြေခံအလွှာမှ ခြောက်ဦးနှင့် ထုတ်လုပ်သူ အခြေခံ အလွှာမှ တစ်ဦး စုစုပေါင်း ၅၇ ဦးအား သက်ဆိုင်ရာ အလွှာအသီးသီးမှ မဲပေးခွင့်ရရှိသူများက မဲပေးရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ရုပ်ရှင်အမှုဆောင်ရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌ ဦးနှင်းမိုးက

''ဦးတို့ကော်မရှင်ဘက်က ကိုယ်စားလှယ်လောင်းအဖြစ် အဆိုပြုထားတဲ့ အပေါ်မှာစိစစ်ပြီး တကယ်ရွေးခံရမယ့် ကိုယ်စားလှယ်လောင်း စာရင်းကို နောက်ဆုံး ကြော်ငြာလိုက်တာပဲ။ အလွှာတစ်လွှာစီမှာ အခြေခံအဖွဲ့ ကိုးယောက်သတ်မှတ်ထားတယ်။ ဒါပေမယ့် အခြေခံကိုးယောက်မပြည့် တဲ့အဖွဲ့တွေကိုတော့ ရှိတဲ့ကိုယ်စားလှယ်တွေကိုပဲ အရင်ရွေးချယ်ပေးလိုက်ပြီး အရွေးမခံသော်လည်း စိတ်ပါဝင်စားတဲ့သူ၊ လုပ်နိုင်တဲ့သူတွေကို အခြေခံမှာ ပါပေးပါဆိုပြီး ကိုးယောက်ပြည့်အောင် ထပ်ဖြည့်ရမယ်။ သူ့နေ့နဲ့ အလွှာလိုက် နံနက် ၉ နာရီကနေ ညနေ ၃ နာရီထိ မဲပေးရွေးချယ်သွားမယ်။ အဲဒီနေ့မှာပဲ ရလဒ်တွေကို ရေတွက်ပြီး တစ်ခါတည်း ကြေညာသွားမယ်။

ပထမမဲအများဆုံးရသူက ဥက္ကဋ္ဌနေရာ၊ ဒုတိယမဲအများဆုံးရသူ က အတွင်းရေးမှူး၊ ကျန်ခုနစ်ဦးကတော့ အမှုဆောင်တွေအဖြစ်ပေါ့၊ ရွေးချယ်ထားပြီးတဲ့ တစ်လွှာချင်းဆီက မဲအများဆုံးရတဲ့သူနှစ်ဦးစီက ဗဟိုအလုပ်မှုဆောင်အဆင့်ကို တက်လာမယ်။ အဲဒီထဲကမှထပ်ပြီးမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆိုပြီး ဖွဲ့စည်းပုံအလိုက် ဆက်လက်မဲပေးရွေးချယ် သွားကြမှာပါ''ဟု ပြောသည်။

''ဆရာတို့ နာယကကြီးတွေက အခုလို အများစုနဲ့ ရုပ်ရှင် အမှုဆောင် ရွေးကောက် ပွဲမှာ အငြင်းမပွား ရအောင်၊ ဖြစ်သင့် ဖြစ် ထိုက်တာဖြစ်ရအောင် စေတနာထားပြီး လိုက်လုပ်ပေးကြတာပါ။ အဲဒီထဲကမှ အရင်ကတည်းက ချမှတ်ပေးထားတဲ့ ဖွဲ့စည်းပုံစည်းမျဉ်း၊ စည်းကမ်းတွေကို ပြင်မယ်။ ပြောင်းချင်တယ် ဆိုရင်လည်း ဆရာတို့က ပြင်ပေးပြောင်းပေးလို့လဲမရဘူး။ ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်နဲ့ ရုပ်ရှင်လောကသားတွေ ညှိညှိနှိုင်းနှိုင်းလုပ်ကြဖို့ပဲ။ ဒါကြောင့် ဘယ်သူပဲ တက်လာတက်လာ ကိုယ်ကျိုးမရှာဘဲ တရားမျှမျှတတနဲ့ အားလုံး ညီညီညွတ်ညွတ်ရှိပြီး ရုပ်ရှင်လောကအတွက် ကောင်းကျိုးပြုမယ်ဆိုရင်ပဲ ဆရာတို့ က ဝမ်းသာလှပါပြီ'' ဟု ရုပ်ရှင်အမှုဆောင် ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒါရိုက်တာ ဦးကြည်စိုးထွန်းကပြောသည်။

ရုပ်ရှင်အစည်းအရုံးအမှုဆောင် အဖွဲ့ဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန် ထမ်းဆောင်နေသူ အဓိကဇာတ်ဆောင် အလွှာမှ ဦးလူမင်းက ''လက်ရှိအခြေ အနေမှာတင် ရုပ်ရှင်လောကသား တစ်ယောက်အနေနဲ့ ဝန်ခံစရာက ကိုယ်တို့ ရုပ်ရှင်အစည်းအရုံးကြီးမှာ ဖွဲ့စည်းပုံကော၊ လုပ်ဆောင်ချက်တွေကော၊ အမှုဆောင်အင်အားတွေ၊ အမှုဆောင်တွေရဲ့ အချိန်ပေးဆောင်ရွက်နိုင်မှုတွေက အားရစရာ သိပ်မရှိဘူး။ ဒါပေမယ့် ဒီမှာလုပ်သမျှ အားလုံးကို အလေး ထားပြီးတော့ စည်းစည်းလုံးလုံးနဲ့ စုပေါင်းလုပ်ကြရင် ရုပ်ရှင်လော ကကြီး အောင်မြင်လာမှာပါ။ အဓိကကတော့ ကိုယ့်စိတ်ပါပဲ။

ဒီဥက္ကဋ္ဌဆိုတဲ့ ရာထူးနေရာတွေ၊ ကျော်ကြားမှုတွေက ကိုယ့်အတွက် မလိုအပ်ပါဘူး။ ကိုယ့်လောကအတွက် ဒီလောကရဲ့ ကျေးဇူးတွေ ကို ပြန်ဆပ်ရမယ်ဆိုတဲ့အသိတစ်ခုနဲ့ တာဝန်ယူ ခွင့်ရတဲ့အချိန်မှာ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ အကောင်းဆုံးကြိုးစား ခဲ့မယ်။ နောက်သက် တမ်းတော့မလုပ်တော့ဘူးဆိုပြီး အတိအလင်းလည်း ပြောခဲ့တယ်။ ဒါပေမယ့်လက်ရှိအချိန်မှာ စကားနှစ်မျိုးပြောတဲ့သူ ဖြစ်သွားတယ်။

ကိုယ့်အတွက်ဆိုရင်တော့ ဒီစကားကို ပြင်မှာမဟုတ်ဘူး။ ကိုယ့်အတွက် မဟုတ်ဘဲ ကိုယ့်လောက သားတွေအတွက် လုပ်ပေးချင်တာလေးတွေ၊ လုပ်လက်စအလုပ်လေးတွေ ရှိနေသေးတဲ့အပြင် နာယက ကြီးတွေ၊ လောက သားတွေအားလုံးကလည်း ဝိုင်းဝန်းတောင်းဆိုတာမျိုးတွေ ရှိတော့ အဆိုပြုလွှာကို နောက်ဆုံး ပိတ်ရက်မှပြန်တင်ဖြစ်သွားတာပါ'' ဟု ပြောသည်။

ခေတ်အဆက်ဆက်ရုပ်ရှင်ဥက္ကဋ္ဌ ရာထူးများကို ၁၉၄၆ ခုနှစ်မှစ၍ ရုပ်ရှင်နှင့်ပြ ဇာတ်မှ ဦးတင်နွယ်က စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂ဝ၁၂ ခုနှစ်မတ်လ တွင်မူ ရုပ်ရှင်လောကသားများကိုယ်တိုင် ရုပ်ရှင် ဥက္ကဋ္ဌကို အများဆန္ဒပြုရွေး ချယ်ခဲ့ကြ သည်။

သို့စေကာမူ နှစ်နှစ်သက်တမ်း ပြည့်မြောက်ခဲ့သော်လည်း ထပ်မံဖွဲ့စည်းရွေးချယ်နိုင်ခြင်း မရှိသေးဘဲ ယခုနှစ်မှသာ ဒုတိယအကြိမ် ရွေးကောက်ပွဲကို ကျင်းပခြင်းဖြစ်သည်။ ။

MOI Webportal Myanmar 

No comments:

Post a Comment