Sunday 26 October 2014

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဆိုင်ရာ မီဒီယာဥပဒေကြမ်းများနှင့် ပတ်သက်သော အကြံပြုချက်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ရေးရာ ကော်မတီက မီဒီယာသမားများထံမှ တောင်းခံ

အစိုးရက နိုင်ငံပိုင်မီဒီယာများကို အသွင်ပြောင်းရန် စီစဉ်နေသည့် အများပြည်သူ ဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းများနှင့် ပတ်သက်သော အကြံပြုချက်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ရေးရာ ကော်မတီက မီဒီယာသမားများထံမှ တောင်းခံသည့် တွေ့ဆုံပွဲတစ်ရပ်ကို အောက်တိုဘာ ၂၅ ရက်က NLD Capacity Building Center ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥာဏ်ဝင်း၊ ဥပဒေပညာရှင်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် မီဒီယာသမားများ တက်ရောက်ခဲ့သည်။

တွေ့ဆုံပြုလုပ်ရသည့် အကြောင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ရှင်းလင်းခဲ့ပြီး အသေးစိတ် အကြံပြုချက်များ ပေးပို့ရန်လည်း တောင်းဆိုခဲ့သည်။

မီဒီယာသမားများက မျှတမှုမရှိဟု သတ်မှတ်ထားပြီး လွှတ်တော်၌ ဆွေးနွေးဆဲဖြစ်သော အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းနှင့် အမျိုးသားလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုထားသော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဆိုင်ရာ မီဒီယာဥပဒေကြမ်း နှစ်ရပ်လုံးကို လွှတ်တော်၌ ဆွေးနွေးရာတွင် မီဒီယာသမားများနှင့် ပြည်သူတို့အသံကို ကိုယ်စားပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ထို့အပြင် ဥပဒေအဖြစ် အတည်ပြုထားခြင်းမရှိ၊ ဆွေးနွေးဆဲဖြစ်သော အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းမှ စာသားများကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဆိုင်ရာ ဥပဒေကြမ်းတွင် အသုံးပြုထားခြင်းမှာ ဥပဒေပြုရေးအရ မဖြစ်သင့်သောကိစ္စ ဖြစ်သည်ဟု ဦးဖြိုးမင်းသိန်းက ထောက်ပြသည်။

ပုံမှန်အားဖြင့် ဥပဒေအဖြစ် အတည်မပြုနိုင်သေးသော ဥပဒေကြမ်းမှ စာသားများကို ဥပဒေအဖြစ် အတည်ပြုပြီး သဘောသက်ရောက်စေသည့် ပုံစံမျိုးဖြင့် အခြားဥပဒေကြမ်းတစ်ခု၌ ထည့်သွင်းခွင့်မရှိကြောင်း ဦးဖြိုးမင်းသိန်း၏ ထောက်ပြချက်အရ သိရသည်။

မီဒီယာဆိုင်ရာ ဥပဒေကြမ်းနှစ်ရပ်အပေါ် မီဒီယာသမားများက ဆွေးနွေးရာတွင် ဥပဒေနှစ်ရပ်လုံးသည် မျှတမှုမရှိဘဲ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ကို တားဆီးပိတ်ပင်ထားပြီး အစိုးရမီဒီယာများကို အသာစီးပေးထားကြောင်း၊ ယင်းအပြင် အများပြည်သူ ဝန်ဆောင်မှု မီဒီယာအတွက် အစိုးရထံမှ ထောက်ပံ့ငွေ ရာခိုင်နှုန်း ၇ဝ၊ ကြော်ငြာဝင်ငွေမှ ရာခိုင်နှုန်း ၃ဝ ရယူခြင်းမှာလည်း သဘာဝမကျသော ကိစ္စဖြစ်နေကြောင်း ပြောကြားခဲ့သည်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဆိုင်ရာ ဥပဒေကြမ်းတွင်လည်း ဇုန်တစ်ခုအတွင်း ပုဂ္ဂလိက မီဒီယာများအား ရုပ်သံနှင့် ပုံနှိပ်မီဒီယာကို တွဲဖက်လုပ်ကိုင်ခွင့်မပြုခြင်း အချက်သည် မမျှတမှုကို ဖြစ်စေသည်ဟု ဆို ကြသည်။ အစိုးရအနေဖြင့်မူ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို ရုပ်သံနှင့် ပုံနှိပ်မီဒီယာကို တွဲဖက်လုပ်ကိုင်ခွင့် ရှိမည်ဖြစ် သည်။ ဥပဒေကြမ်းနှစ်ရပ်ပါ ကောင်စီဖွဲ့စည်းခြင်း၊ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းတို့မှာလည်း မျှတမှုမရှိသော အနေအထားများ ဖြစ်နေပြီး ထို့အဖွဲ့များတွင် အစိုးရအဖွဲ့များမှ တာဝန်ရှိသူများသာ များပြားနေကာ မီဒီယာများကို သွယ်ဝိုက်သောအားဖြင့် ထိန်းချုပ်ကန့်သတ်မည့် ပုံစံသက်ရောက်နေကြောင်း ဆွေးနွေးခဲ့သည်။

“ဥပဒေတွေအားလုံးက ကျွန်တော်တို့အတွက် အကာအကွယ်ပေးတယ် ဆိုသော်ငြား တကယ်တမ်းပြန်စဉ်းစား လိုက်လို့ရှိရင် အမြဲတန်းထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ကျွန်တော်တို့ ယူဆလို့ရတယ်။ နောက်တစ်ခုက နယ်စည်းမခြား သတင်းထောက်များအဖွဲ့က နှစ်စဉ်ညွှန်းကိန်းတွေ ထုတ်ပေးနေတယ်။ အချက်ခြောက်ချက်နဲ့ ညွှန်းကိန်းတွေကို တောင်းတယ်။ တိုင်းတဲ့အခါ သတင်းမီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ လွတ်လပ်မှုရှိသလဲ၊ ဘယ်လိုမျိုးလုပ်သလဲဆိုတဲ့ စံချိန်စံညွှန်းတွေလည်း ပါတယ်။ အဲဒီဘက်က ပြန်စဉ်းစားလို့ရှိရင် ကျွန်တော်တို့ဆီမှာ အတည်ပြုဖို့ ရည်ရွယ်နေတဲ့ ဥပဒေရေးရေးဆွဲဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ဟာ အားလုံးဟာ ဘယ်လိုနည်းနဲ့မှ အဲဒီစံနှုန်းတွေနဲ့ မမှီနိုင်ဘူး။ ကျွန်တော်တို့ကို အမြဲတမ်း ထိန်းဖို့ကြိုးစားနေတယ်ဆိုတာ ကျွန်တော်ရဲရဲဝံ့ဝံ့ ပြောလို့ရပါတယ်” ဟု ပဲ့တင်သံသတင်းဂျာနယ်မှ အယ်ဒီတာကိုဟန်ဇော်က တွေ့ဆုံပွဲတွင် ပြောကြားသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်မှ ကိုနိုင်မင်းဝေကမူ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေသည် အစိုးရ၏ ဝါဒဖြန့်ချိရေး အနေဖြင့် အသုံးပြုလာနိုင်သည့် ကိစ္စရပ်အပေါ် လွှတ်တော်တွင်း၌ သတိထားပြီး အဓိကထား ဆွေးနွေးစေလိုကြောင်း အကြံပြုခဲ့သည်။

“ကျွန်တော်တို့စိုးရိမ်စိတ်က အခုမြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာရဲ့ အရည်အသွေးကိုကြည့်လိုက် သတင်းလွတ်လပ်မှုနဲ့ သတင်းတန်ဖိုးကို ကျွန်တော်တို့ကတော့ ပုဂ္ဂလိကသတင်းစာလောက် တန်းတူမသတ်မှတ် သေးဘူးပေါ့ဗျာ။ အဲဒါမျိုးအခြေအနေမှာ အစိုးရက တစ်သက်လုံး ဝါဒဖြန့်ချိရေးလုပ်လာတဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားကို အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုပြီးတော့မှ သူတို့က အစိုးရဘတ်ဂျက်လည်းယူမယ်။ ကြော်ငြာကလည်းရှိမယ်။ အဲဒါလည်း လက်ခံဖို့ခက်ပါတယ်” ဟု DVB သတင်းဌာနမှ ဦးခင်မောင်ဝင်းက ပြောကြားသည်။

“သေချာတာကတော့ နိုင်ငံတစ်ခုမှာ နိုင်ငံပိုင်မီဒီယာဆိုတာက အစိုးရက အသ စီးရအောင် တမင်တကာလုပ်ထားတဲ့ ကိစ္စရပ်ပါပဲ။ မီဒီယာက ဝါဒဖြန့်ချိရေးပါပဲ။ နိုင်ငံပိုင်မီဒီယာဆိုတာက အစိုးရကို အသာစီးပေးတဲ့ ဝါဒဖြန့်ချိရေးဖြစ်ပြီးတော့ အခု Public Media တွေဖြစ်တဲ့ Eleven တို့၊ BBC တို့ RFA တို့က ပြည်သူတွေရဲ့ အသံဘက်ကလိုက်တဲ့ ဝါဒဖြန့်ချိရေးတွေ ဖြစ်ပါတယ်။ နှစ်ခြမ်းပါ။ အဲဒီလို ဝါဒဖြန့်ချိရေးမှာ ပြည်သူတွေဘက်ကလိုက်တဲ့ မီဒီယာတွေက ကိုယ့်ဘာသာ ရပ်တည်ရတယ်။ ပြည်သူ့အားပေးမှုနဲ့ ရပ်တည်ရတယ်။ ပြည်သူတွေက ဒီရင်းနှီးမြှုပ်နှံမှုအတွက် ဘယ်သူ့မှ ကြိုတင်ငွေမပေးဘူး။ 

သတင်းမီဒီယာတစ်ခု၊ ရုပ်သံတစ်ခု၊ အသံလွှင့်မီဒီယာတစ်ခုကို နောက်ကနေ ဘယ်သူကမှ ရန်ပုံငွေထောက်ပံ့ငွေ ပေးတယ်ဆိုတာ မရှိဘူး။ အဲဒီသတင်းဌာနတွေက ထုတ်လွှင့်လာတဲ့ အချက်အလက်တွေ၊ မီဒီယာတွေအပေါ်မှာ ပြည်သူတွေက သူနဲ့တစ်ထပ်တည်း ကျတယ်ဆိုတာအပေါ်မှာ အားပေးတယ်။ အဲဒီအားပေးမှုနဲ့ သူကဆက်ပြီး ရပ်တည်ပြီး ခိုင်မာမှုကို တည်ဆောက်တယ်။ အစိုးရကျတော့ ဒီအသံလွှင့်ဌာန အပေါ်မှာ သူကငွေကြေး အထောက်အပံ့ ပေးထားပြီးတော့ ပြည်သူတွေ အပေါ်မှာ သူတို့ဘာတွေလုပ်ပါတယ်ဆိုတဲ့ ဝါဒဖြန့်ချိမှုကို ကောင်းကောင်းလုပ်တယ်။ အခုလက်ရှိ အခြေအနေအရဆိုရင် ကျွန်တော်တို့က နှစ်ပေါင်းများစွာ အလိမ်ခံခဲ့ရတဲ့အထဲမှာ ဒီလေးနှစ်လောက်မှာလည်း တောက်လျှောက်လိမ်ဖို့၊ ဝါဒဖြန့်ဖို့ကြိုးစားနေတယ်။ အဲတာကို ကျွန်တော်တို့က ရာခိုင်နှုန်း ၇ဝ နဲ့ နိုင်ငံပိုင်မီဒီယာကို ပြည်သူတွေရဲ့ အခွန်ပေးရမယ်။ ထည့်အသုံးပြုရမယ်။ ကျွန်တော်တို့ ကျွန်တော်တို့ ပြည်သူတွေကို ထပ်ခါထပ်ခါ လိမ်လည်လှည့်ဖြားဖို့အတွက် ပြည်သူတွေရဲ့အခွန်ကို အသုံးချခွင့်ပေးသလို ဖြစ်မနေဘူးလား။ ကျွန်တော်တို့ နှစ်ခါမနာဘူးလား” ဟု နိုင်ငံရေး ဆောင်းပါးများ ရေးသားနေသည့် စာရေးဆရာ ထင်လင်းဦး (Wisdom Villa) က အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေနှင့် ပတ်သက်၍ ထင်မြင်ချက်ပေးခဲ့သည်။

Eleven

No comments:

Post a Comment