Saturday 28 June 2014

လုပ်ငန်းရှင်များ ဘဏ်ချေးငွေ ပိုရရှိရေးအတွက် ချေးငွေအာမခံစနစ်ကိုစတင်

ရန်ကုန်၊ မဇ္ဈိမ။              ။ လုပ်ငန်းရှင်များအနေဖြင့် ဘဏ်များထံမှ ချေးငွေရရှိမှု ပမာဏ ပိုမိုများပြားလာစေရန်အတွက် မြန်မာ့အာမခံ လုပ်ငန်း က ချေးငွေ အာမခံ (Credit Guarantee Insurance)စနစ်ကို စတင်လိုက်ပြီဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်သိမ်းက မီဒီယာများကို ဇွန်လ ၂၈ရက်က ထုတ်ဖော် ပြောကြားလိုက်သည်။
ယင်း ချေးငွေအာမခံ (Credit Guarantee Insurance)စနစ်သည် ငွေချေးယူသူတို့ ပြန်မဆပ်နိုင်သည့် ချေးငွေများကို အာမခံလုပ်ငန်းများက ဝင်ရောက် ပေးချေသွားမည် ဖြစ်ရာ ဘဏ်များအနေဖြင့် ချေးငွေပမာဏ ပိုမိုထုတ်ချေး ပေးသွားနိုင်ရန် အထောက်အကူဖြစ်စေမည်ဟု ဇွန်လ ၂၈ရက်က မြန်မာအာမခံ လုပ်ငန်းတွင် ကျင်းပသော Credit Guarantee Insurance ဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက “ ပြည်တွင်းလုပ်ငန်းတွေအနေနဲ့ ဘဏ္ဍာရေး ငွေကြေးပိုမိုရရှိပြီး စီးပွားရေးတိုးတက်စေချင်တဲ့ဆန္ဒနဲ့ Credit Guarantee Insuranceကို လုပ်တာပါ။ အပေါင်ပစ္စည်းအပေါ်မှာ ရာနှုန်းပြည့် ချေးငွေမရတာ၊ အပေါင်ပစ္စည်း မရှိလို့ ချေးငွေမရ တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် စနစ်တစ်ခုလည်းဖြစ်ပါတယ်။ ဘဏ်တွေကလည်း ချေးငွေဆုံးရှုံးမှာ စိုးရိမ်ရတဲ့အခြေအနေ ကို လျှော့သွားစေ မှာပါ”ဟုပြောသည် ။

အဆိုပါ ချေးငွေအာမခံ(Credit Guarantee Insurance) များကို ၂ဝ၁၄ခုနှစ် ဇွန်လ ၂၉ ရက်မှစတင်ကာ မြန်မာ့ အာမခံလုပ်ငန်းအနေဖြင့် စတင် ရောင်းချပေးသွားမည် ဖြစ်ပြီး ကနဦးစမ်းသပ်ကာလအဖြစ် တစ်နှစ်တာ အချိန်ကို ရန်ကုန်မြို့တွင်သာ ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ဒုတိယနှစ်များမှ စတင်ကာ လုပ်ငန်းတွင်ကျယ်မှု အခြေအနေအလိုက် မန္တလေးမြို့ နှင့် ပုသိမ်မြို့အပါအဝင် မြန်မာနိုင်ငံမြို့ကြီးများ တွင် ဆောင်ရွက်ခွင့်ရနိုင်ရန် တိုးချဲ့သွားမည်ဟုပြောသည်။

ချေးငွေအာမခံ Credit Guarantee Insurance ဝယ်ယူရာတွင်မှု အပေါင်ပစ္စည်းဖြင့် ချေးငွေရယူသူများ အတွက် အာမခံနှုန်းထားကို ပထမတစ်နှစ်အတွက် ၂ရာခိုင်နှုန်း ၊ ဒုတိယနှစ်အတွက် ၁ ဒဿမ ၅ ရာခိုင်နှုန်း နှင့် တတိယ နှစ်အတွက် ၁ ရာခိုင်နှုန်း ကြိုတင်ပေးသွင်းမှု စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။ အပေါင်ပစ္စည်းမရှိ သူများအတွက် အာမခံနှုန်းထားကိုမူ ပထမတစ်နှစ်အတွက် ၃ရာခိုင်နှုန်း၊ ဒုတိယတစ်နှစ်အတွက် ၂ ရာခိုင်နှုန်း နှင့် တတိယ တစ်နှစ်အတွက် ၁ ရာခိုင်နှုန်းဖြင့် နှုန်းထားနှစ်မျိုး သတ်မှတ်ထားသည် ဟု ဒုတိယဝန်ကြီးက ရှင်းလင်း ပြောသည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက“ ဒီအာမခံကိုတော့ ငွေချေးမယ့်သူက ဝယ်ရမှာဖြစ်ပါတယ်။ ဘဏ်တွေကလည်း ကိုယ့်ငွေဆုံးမှာစိုးလို့ အာမခံ ဝယ်ထားချင်ရင်လည်း ထားလို့ရပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်တွေကို ငွေချေးပေးတာကတော့ ဘဏ်လုပ်ငန်းတွေကသာ လုပ်ရမှာဖြစ်ပါတယ်။ ဆိုတော့ တိုင်းပြည်ရဲ့ စီးပွားရေးကို တိုးတက်ဖို့အတွက် ဘဏ်တွေကလည်း ဒါကိုကျယ်ကျယ်ပြန့်ပြန့်နဲ့ ပါဝင်စေချင်ပါ တယ်” ဟု ဆက်လက်ပြောသည်။

ပြည်တွင်းဘဏ်များသည် လက်ရှိကာလတွင် လုပ်ငန်းလည်ပတ်နေသည့် လုပ်ငန်းရှင်များကိုသာ ချေးငွေ ထုတ်ပေးလျက်ရှိရာ ကနဦးစမ်းသပ် ကာလတွင်မူ လုပ်ငန်း လည်ပတ်နေသူများသာ ဝယ်ယူနိုင်မည်ဖြစ်သည်။ နောက်ပိုင်းကာလများတွင် ဘဏ်များအနေဖြင့် လည်ပတ်နေသည့် လုပ်ငန်းမရှိသော်လည်း လုပ်ငန်းအစီအစဉ် (Business Project Plan) ချပြနိုင်သူများကို ချေးငွေထုတ်ပေးလာမည် ဆိုပါက ချေးငွေ အာမခံ ရယူနိုင်မည်ဟု ဒုတိယဝန်ကြီးကရှင်းပြသည်။

မြန်မာ့အသေးစားနှင့် အလတ်စားလုပ်ငန်းစက်မှုဖွံ့ဖြိုးရေးဘဏ် (SMIDB) အကြံပေးပုဂ္ဂိုလ် ဦးစံသိန်းက“ SMIDB ဘဏ်က နိုင်ငံခြားချေးငွေဒေါ် လာ သန်း၂ဝ ရရှိထားတဲ့အတွက် SME လုပ်ငန်းတွေကို ချေးပေးသွားဖို့ ရှိနေပါတယ်။ အဲလိုအချိန်မှာ Credit Guarantee Insurance ပေါ်လာတဲ့အတွက် အများကြီး ပိုအဆင်ပြေသွားပါတယ်”ဟု အဆိုပါပွဲတွင် ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ဘဏ်တွင် အပေါင်ပစ္စည်းပြနိုင်ပါက ပေါင်နှံပစ္စည်းတန်ဖိုး၏ ၃ဝ ရာခိုင် နှုန်းမှ ၅ဝ ရာခိုင်နှုန်းအထိသာ ချေးငွေ ရရှိခြင်းဖြစ်ပြီး ပေါင်နှံပစ္စည်း မပြနိုင်ပါက ချေးငွေ ထုတ်ချေးပေးခြင်း မရှိသေးပေ။

ပုဂ္ဂလိကဘဏ်များတွင် SME ချေးငွေထုတ်ပေးခြင်းကိုလည်း SMIDB ဘဏ်တစ်ခုသာ ထုတ်ချေးပေး ခြင်းဖြစ်ပြီး အခြားသောဘဏ်များမှာ အတိုး ၁၃ ရာခိုင်နှုန်းကျသင့်သော သာမှန်ချေးငွေများကိုသာ ဆောင်ရွက် ပေးလျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment