Saturday 28 June 2014

မြောက်ဦးရထားလမ်း ဒုတိယအကြိမ် ရွေးချယ်သော်လည်း ယဉ်ကျေးမှုဇုံနှင့် မလွတ်သေး

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းမြို့သုံးမြို့ကို ဖြတ်မည့် မြောက်ဦးရထားလမ်းကို ဒေသခံများက ကန့်ကွက်သဖြင့် အစိုးရက ဒုတိယလမ်းကြောင်းကို ချပြသော်လည်း ထိုလမ်းကြောင်းသည် ယဉ်ကျေးမှုနယ်မြေကို ဖြတ်သန်းထားသေးသည် ဟု မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု ထိန်း သိမ်းရေးကော်မတီ အဖွဲ့ဝင် ဦးသန်းမြင့်က မဇ္ဈိမကို ပြောသည်။
ရခိုင်ရှေးဟောင်းယဉ်ကျေးမှုဇုန်များကို ဖြတ်သန်းဖောက်လုပ်ခြင်းကြောင့် မြောက်ဦးရထားလမ်းဖောက်လုပ်မှုကို ဒေသခံများက ကန့်ကွက် ခဲ့ပြီး ပြည်နယ် အစိုးရအဖွဲ့ က ယဉ်ကျေးမှု အမွေအနှစ်များအမှန်တကယ် ထိခိုက်မှုရှိမရှိ စစ်တမ်းများထပ်မံကောက်ယူခဲ့သည်။

ထို့နောက် ဒုတိယ လမ်းကြောင်းကို ဒေသခံများထံ ဇွန်လ ၂၆ ရက်က ချပြလိုက်ပြီး ယင်းလမ်းကြာင်းသည်လည်း ယဉ်ကျေးမှုနှင့် ကင်းလွတ်ခြင်း မရှိဟု ဒေသခံများက ထပ်မံပြောကြားလိုက်သည်။

“တကယ်လွတ်အောင်သွားမယ်ဆိုရင် စုစုပေါင်း ၆ မိုင်လောက်ပဲ ရှိတယ်၊ မိုင်ပေါင်းထောင်ချီတဲ့ ရထားလမ်းစီမံကိန်းကြီးမှာ ခြောက်မိုင်လောက် ပိုသွားလို့ ဘာမှ မထိခိုက်နိုင်ပါဘူး၊ ရထားလမ်းကြောင့် ယဉ်ကျေးမှုအမွေအနှစ်တွေ ဆုံးရှုံးသွားရင်တော့ ဘာမှ အစားထိုးလို့မရတော့ဘူး”ဟု ဦးသန်းမြင့်ကဆိုသည်။

ရခိုင်ပြည်နယ် မြောက်ဦး၊ ဝေသာလီ ၊ ဓညဝတီ စသော မြို့သုံးမြို့ကို ဖြတ်သန်းဖောက်လုပ်မည့် စစ်တွေ -မင်းဘူး ရထားလမ်းစီမံကိန်း သည် ရှေ့ဟောင်းသုတေသနာဇုန် ၁၊ဇုန် ၂၊နှင့် ဇုန် ၃ ကို ဖြတ်သန်းဖော်လုပ်ခြင်းဖြစ်ပြီး ယင်းမြို့ဟောင်းသုံးခု၏ မြို့ရိုးတံတိုင်း များ နှင့်ရှေးဟောင်း စေတီများကို ထိခိုက်ခဲ့သည်ဟု ဒေသခံများကဆိုသည်။

“မြောက်ဦးကို ကမ္ဘာ့အသိအမှတ်ပြု ရှေးဟောင်းနယ်မြေအဖြစ် အဆိုတင်ဖို့ အစီအစဉ်ရှိတယ်။ ရထားလမ်းကြောင့် တန်ဖိုးကြီးတဲ့ အထောက် အထားတွေ ပျက်စီးသွားရင်ဘယ်လိုလုပ်မလဲ" ဟု မြောက်ဦး မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှိုင်က မဇ္ဈိမကို ပြော သည်။

မြောက်ဦးမြို့သည် ထိန်းသိမ်းမှုညံ့ဖျင်းသဖြင့် အာရှတိုက်၏ အစိုးရိမ်စရာ အခြေအနေတွင် ပါဝင်နေသည်ဟု ကမ္ဘာ့အမွေအနှစ်ရန်ပုံငွေအဖွဲ့ (GHF)က ၂ဝ၁၂ မေလအတွင်း ထုတ်ပြန်ထားသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးသန်းဆွေက ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိမ်းသိမ်းရန် လာမည့် ဘဏ္ဍာနှစ်၌ ကျပ်သိန်းပေါင်း ၆,၇၂ဝ သုံးစွဲ ရန်လျာထားသည်ဟု ဖော်ဖော်ဝါရီလ အတွင်းက အမျိုးသားလွှတ်တော် တွင် ဖြေကြား ထားသည်။

မြောက်ဦးမြို့မှာ ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃ဝ ခုနှစ်တွင် တည်ထောင်၍ နှစ်ပေါင်း ၃၅၅ နှစ် တည်တံ့ခဲ့ပြီး ရခိုင်မင်းဆက်ပေါင်း ၄၈ ဆက်စိုးစံခဲ့သည့် သမိုင်းဆိုင်ရာ ယဉ်ကျေးမူအမွေအနှစ်များ ပေါကြွယ်ဝသော ရခိုင်တို့၏ နောက်ဆုံး ရှေးဟောင်းနန်းမြို့တော် ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment