Thursday 3 April 2014

သန်းခေါင်စာရင်းကောက်ယူရာတွင် အခက်အခဲအချို့ရှိသော်လည်း သန်းခေါင်စာရင်းရလဒ်များကို သတ်မှတ်ထားသည့်အချိန်အတိုင်း ထုတ်ပြန်မည်

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် အခက်အခဲအချို့ ရှိသော်လည်း သန်းခေါင် စာရင်းရလဒ်များကို သတ်မှတ်ထားသည့်အချိန်အတိုင်း ထုတ်ပြန်သွားနိုင်မည်ဖြစ်သည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
သန်းခေါင်စာရင်းရလဒ်များကို ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်း သိရှိနိုင်မည်ဖြစ်ပြီး အပြီးသတ်ရလဒ်များကို ၂၀၁၅ ခုနှစ် ပထမ လေးလပတ်အတွင်း၌ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က“ရခိုင်ဘက်မှာ အရင်တုန်းက ဘင်္ဂါလီတွေက အခုရိုဟင်ဂျာဆိုပြီး တချို့တလေ ပြောဆိုတာတွေရှိတယ်။ အဲဒါကလည်း နိုင် ငံတော်မှာ တရားဝင် အသိအမှတ်ပြုထားတဲ့ လူမျိုးအမည်မဟုတ်ဘူး။ ကမ္ဘာမှာလည်းမရှိတဲ့ လူမျိုး အမည် ဖြစ်တဲ့အတွက် သွေးထွက်သံယိုမှုတွေ ဆူပူမှုတွေမဖြစ်အောင် ချန်ခဲ့တာဖြစ်ပါတယ်။ အစွန် အဖျားနေ ရာတွေ မှာတော့ ကေအိုင်အေအဖွဲ့ငယ်လေးတွေနဲ့ ဆရာဆရာမလေးတွေတွေ့ပြီး ဟန့်တား တာတွေ ရှိတော့ နောက်ပြန်ဆုတ်ပြီး နောက်ရက်ကျမှ ပြန်ကောက်ရတာတွေ၊ တချို့လည်း မေးခွန်းပုံစံ သိမ်း သွားလို့ နောက်ပြန်ပြီး ဌာနချုပ်ကိုအကြောင်းကြားတော့ ပြန်ပို့ပေးရတာတွေ ရှိတယ်။ သန်းခေါင် စာရင်း ရလဒ်ကိုတော့ သတ်မှတ်တဲ့ရက်အတိုင်း သတ်မှတ်တဲ့ လျာထားချက်တွေအတိုင်း ထုတ်ပြန် သွားမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။

သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး၌ ဆောင်ရွက်နေသော်လည်း ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအချို့တွင် ကေအိုင်အေတပ်ဖွဲ့ဝင်များ၏ တားမြစ်မှုကြောင့် စာရင်းကောက်ယူနိုင်ခြင်း မရှိဟု ဧပြီ ၁ ရက်ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်း မရှိသည့်နေရာများမှာ ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်ခွဲ ပန် ခမ်းကျေးရွာ၊ မန်စီမြို့နယ် မန်ဂိန်းကြီးဒေသကျေးရွာ အုပ်စုခြောက်အုပ်စုနှင့် အင်ဘာပါကျေးရွာအုပ်စု ခုနစ်အုပ်စု တို့မှ ကျေးရွာပေါင်း ၆၆ ရွာ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မန်တုံမြို့နယ် ၊ မိုးမိတ်မြို့ နယ်နှင့် မုန်းလုံမြို့နယ်ခွဲတို့ ရှိကျေးရွာအုပ်စုများ ပါဝင်ကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိသည့်နေရာများနှင့် ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က “ဒါတွေက အစွန်အဖျားက ရွာလေးတွေဖြစ်တဲ့အတွက် လူဦးရေပညာနည်းနဲ့ တွက်ချက်ပြီး ဖြည့်စွက် ထုတ်ပြန် သွား မှာပါ။ လူဦးရေပညာမှာ ချန်/ကျန် လူဦးရေဆိုတာ ရှိပါတယ်။ ၁၉၈၃ ခုနှစ် ကောက်တုန်း ကလည်း နယ်စပ်ဒေသ တော်တော်များများက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ထိတွေ့မှုတွေဖြစ်နေ တဲ့နေ ရာတွေ တော်တော်များများမှာ ၈၃ ခုနှစ်တုန်းကလည်း ကျန်တယ်။ ၇၃ ခုနှစ်တုန်းကလည်း ကျန်တယ်။ အဲဒီဧရိယာတွေကို ဖော်ပြပြီးတော့ ချန်/ကျန် ဧရိယာဆိုပြီး အဲဒီဧရိယာမှာရှိတဲ့ လူဦးရေကို ခန့်မှန်းတွက်ချက်ပြီးတော့ နိုင်ငံတော်ရဲ့လူဦးရေကို ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

“စာရင်းကောက်ကနေတစ်ဆင့် စာရင်းစစ်၊ စာရင်းစစ်ကနေပြီးတော့ မြို့နယ် သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်ကနေ နေ့စဉ်ကောက်သမျှကို စာရင်းဝင်ပါတယ်။ အိမ်ထောင်စု ဘယ်နှစ်စုကောက်ရတယ်။ လူဦးရေ ဘယ်နှယောက်၊ ကျားဘယ်နှယောက် မ ဘယ်နှယောက်ကအစ အဆင့်ဆင့် ခရိုင်ကနေ ကျွန်မ တို့ ရုံးချုပ် အထိ သတင်းပို့နိုင်ပါတယ်။ ဒါကြောင့် သန်းခေါင်စာရင်းရလဒ် ကို သတ်မှတ်ထားတဲ့ အတိုင်း အမှန်တကယ် ထုတ်ပြန်နိုင်ဖို့ ရှိပါတယ်”ဟု အရေးပေါ်တယ်လီဖုန်းလိုင်းမှတစ်ဆင့် သန်းခေါင် စာရင်း ဆိုင်ရာ မေးခွန်းများပြန်လည်ဖြေကြားပေးနေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ တာဝန်ကျဝန်ထမ်းအမျိုးသမီးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment